သတင်း

သတင်းထောက်များကို လျှို့ဝှက်အက်ဥပဒေဖြင့် အရေးယူရန် ညွှန်ကြားသူမှာ ရဲမှူးချုပ်တင်ကိုကို ဖြစ်ကြောင်း ဒုရဲမှူးဟောင်းမိုးရန်နိုင်ထွက်ဆို

ရန်ကုန် –  ရိုက်တာသတင်းထောက်များကို ထောင်ချောက်ဆင်ဖမ်းခဲ့သည်ဟု တရားခွင်တွင် စွပ်စွဲခံရသော ရဲမှူးချုပ်တင်ကိုကိုသည် ထိုသတင်းထောက်တို့ကို ၁၉၂၃ နိုင်ငံတော်လျှို့ဝှက်အက်ဥပဒေဖြင့် အမှုဖွင့်ရန်လည်း အမိန့်ပေးခဲ့ကြောင်း အကျဉ်းသားတစ်ဖြစ်လဲ ဒုရဲမှူးဟောင်းမိုးရန်နိုင်က မေ ၉ ရက်နေ့ တရားခွင်တွင် ထပ်မံထုတ်ဖော်ပြောဆိုလိုက်သည်။

ဒုရဲမှူးဟောင်းမိုးရန်နိုင်သည် အထက်ခွင့်ပြုချက်မရှိဘဲ ရိုက်တာသတင်းထောက် ကိုဝလုံးနှင့် တွေ့ဆုံစကားပြောသည်ဟုဆိုကာ ရဲစည်းကမ်းဖောက်ဖျက်မှုဖြင့် လပေါင်းများစွာ ဖမ်းဆီးချုပ်နှောင်ခံရပြီး၊ ဧပြီ ၂ဝ ရက်နေ့က တရားလိုပြ သက်သေအဖြစ် ရဲအရာရှိဝတ်စုံဖြင့် တရားခွင်တွင် ထွက်ဆိုခဲ့သူဖြစ်သည်။

မေ ၉ ရက်နေ့ တရားခွင်သို့ ရောက်လာသော ဦးမိုးရန်နိုင်သည် အပြာရောင်အကျဉ်းသားဝတ်စုံ ဝတ်ဆင်ထားပြီး သံခြေချင်းခတ်ခံထားရသည်ကို တွေ့ရသည်။

ရခိုင်ပြည်နယ်ရှိလုံခြုံရေးတပ်ဖွဲ့များနှင့် ပတ်သက်သည့် လျှို့ဝှက်စာရွက်စာတမ်းများကို ရယူခဲ့သည်ဟူသော စွပ်စွဲချက်ဖြင့် အမှုရင်ဆိုင်နေရသည့် မြန်မာပြည်အခြေစိုက် ရိုက်တာသတင်းထောက်များဖြစ်သော ကိုဝလုံး၊ ကိုကျော်စိုးဦးတို့ နှစ်ဦးကို ရန်ကုန်တိုင်းအမှတ် (၂) လုံခြုံရေးတပ်ဖွဲ့မှူး ရဲမှူးချုပ်တင်ကိုကို ဆိုသူက ထောင်ချောက်ဆင် ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ၎င်းက တရားခွင်တွင်ထွက်ဆိုခဲ့သည်။

ထိုထွက်ဆိုမှုကြောင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ အရှက်တကွဲဖြစ်ခဲ့ရပြီး၊ ၎င်းသည်လည်း ပြည်သူလူထုကြားတွင် သူရဲကောင်းတစ်ဦးသဖွယ် ဖြစ်လာခဲ့သူဖြစ်သည်။

သို့သော် ထိုသို့ထွက်ဆိုမှုပြုလုပ်ပြီး ၂၄ နာရီအတွင်း ၎င်း၏မိသားစုဝင်များ ရဲဌာနလိုင်းခန်းမှ နှင်ချခံခဲ့ရပြီး၊ ၎င်းကိုလည်း ရဲစည်းကမ်းဖောက်ဖျက်မှုဟူသော စွဲချက်ဖြင့် ရဲတရားရုံးက ထောင်ဒဏ် တစ်နှစ် ပြစ်ဒဏ်ချခဲ့ကာ အင်းစိန် အကျဉ်းထောင်သို့ ပို့ဆောင်ခံခဲ့ရသည်။

တရားလိုဘက်က ၎င်းအား ရန်လိုသောသက်သေအဖြစ် သတ်မှတ်ပေးရန် ရိုက်တာသတင်းထောက်အမှု စစ်ဆေးနေသော ရန်ကုန်မြောက်ပိုင်းခရိုင်တရားသူကြီး ဦးရဲလွင်ကို လျှောက်ထားခဲ့သော်လည်း တရားသူကြီးက ၎င်းလျှောက်ထား ချက်ကို ပယ်ချခဲ့ပြီး ဦးမိုးရန်နိုင်ကို တရားလိုပြသက်သေအဖြစ် ဆက်လက်စစ်ဆေးရန် အမိန့်ချမှတ်ခဲ့သည်။

၎င်းကို မနက်ပိုင်းတွင် စစ်ဆေးပြီးနောက် တရားခွင်ကို ခေတ္တရပ်နားကာ နေ့လယ် ၁၂ နာရီ ၄၅ မိနစ်တွင် ပြန်လည် စတင်မည်ဖြစ်သည်။

Show More

Related Articles

Back to top button