(ရန်ကုန်) – ခြောက်လကြာ ကနဦး စုံစမ်းစစ်ဆေးမှုများအပြီးတွင် ‘ရိုက်တာ’သတင်းဌာနမှ မြန်မာ သတင်းထောက်နှစ်ဦးကို အများဆုံးပြစ်ဒဏ်ထောင်ဒဏ် ၁၄ နှစ်အထိ ချမှတ်နိုင်သည့် နိုင်ငံတော် လျှို့ဝှက်ချက် အက်ဥပဒေဖြင့် စွဲချက်တင်ကြောင်း ရန်ကုန်မြောက်ပိုင်းခရိုင် တရားရုံးက ယနေ့ (ဇူလိုင်လ ၉ ရက်) ရုံးချိန်းတွင် အမိန့်ချလိုက်သဖြင့် စွပ်စွဲခံရသူနှစ်ဦးသည် တရားခံအဖြစ် အမှုကိုဆက်လက်ရင်ဆိုင်ရတော့မည် ဖြစ်သည်။
ပြီးခဲ့သည့်နှစ် ဩဂုတ်လက ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှုများနှင့် ဆက်စပ်၍ ၎င်းမြို့နယ်တွင် တာဝန်ထမ်းဆောင်ခဲ့သည့် ရဲတပ်ဖွဲ့ဝင်များနှင့် ပတ်သက်သည့် လျှို့ဝှက်စာရွက်စာတမ်းများ လက်ဝယ်တွေ့ရှိသည်ဟုဆိုကာ ၎င်းတို့နှစ်ဦးကို ရဲက တရားစွဲတင်ခဲ့ခြင်းဖြစ်ပြီး တရားလိုပြသက်သေ ၂၂ ဦးကို စစ်ဆေးမေးမြန်းပြီးနောက်တွင် ဒုတိယခရိုင်တရားသူကြီး ဦးရဲလွင်က ၎င်းဥပဒေ ပုဒ်မ ၃ (၁)(ဂ) ဖြင့် စွဲချက်တင်ရန် အမိန့်ချမှတ်လိုက်ခြင်းဖြစ်သည်။
မြန်မာနိုင်ငံ အစိုးရလျှို့ဝှက်ချက် အက်ဥပဒေပုဒ်မ ၃(၁)(ဂ) အရ “နိုင်ငံ့လုံခြုံရေး သို့မဟုတ် အကျိုးကို ထိခိုက်စေရန် မည်သည့်လျှို့ဝှက်ချက်ကိုမဆို ရယူခြင်း၊ သို့မဟုတ် ရန်သူအားပေးခြင်း” စသည်တို့သည် ပြစ်မှုမြောက်သည်ဟု ပြဋ္ဌာန်းထားပြီး ပြစ်မှုထင်ရှားပါက ထောင်ဒဏ် ၁၄ နှစ်အထိ ချမှတ်နိုင်သည်ဟု ဆိုထားသည်။
သတင်းထောက်များက ၎င်းတို့တွင် အပြစ်မရှိကြောင်း တရားခွင်အတွင်း ပြောကြားခဲ့သည်။
“ကျွန်တော်သည် နိုင်ငံတော်အကျိုးကို ထိပါးစေသည့် ရည်ရွယ်ချက်မရှိပါ။ နိုင်ငံတော်ကို ဆန့်ကျင်သူ မည်သူတစ်ဦးကိုမှ လျှို့ဝှက်စာရွက်စာတမ်းများကို ရယူစုဆောင်းခဲ့ခြင်း၊ ရေးမှတ်ခဲ့ခြင်း၊ ထုတ်ဝေဖြန့်ဝေခဲ့ခြင်း၊ ဆက်သွယ်ပေးအပ်ခဲ့ ခြင်း အလျှင်းမရှိ၍ အပြစ်မရှိပါ” ဟု အသက် ၃၂ နှစ်အရွယ် ကိုဝလုံးက ခရိုင်တရားသူကြီးကို တရားခွင်အတွင်း ပြန်လည်ဖြေကြားသည်။
ကိုကျော်စိုးဦးကလည်း အထက်ပါအတိုင်း တရားခွင်တွင် ပြောကြားခဲ့ပြီး လာမည့် ဇူလိုင်လ ၁၆ ရက်နှင့် ၁၇ ရက်တို့တွင် ၎င်းတို့နှစ်ဦးကို တရားခွင်တွင် နှစ်ဖက်ရှေ့နေများက ပြန်လည်စစ်ဆေး မေးမြန်းကြမည် ဖြစ်သည်။
‘ရိုက်တာ’သတင်းထောက်နှစ်ဦးသည်ပြီးခဲ့သည့်နှစ် ဩဂုတ်လအတွင်း ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ ရဲစခန်းများကို အာရကန်ရိုဟင်ဂျာကယ်တင်ရေးတပ် (အာဆာ)အဖွဲ့ဝင်များက ဝင်ရောက်တိုက်ခိုက်အပြီး တပ်မတော်က နယ်မြေရှင်းလင်းနေစဉ် မွတ်စလင်အမျိုးသား ၁၀ ဦးကို လုံခြုံရေးတပ်ဖွဲ့ဝင်များက အင်းဒင် ရွာ အနီး၌ သတ်ဖြတ်ခဲ့သည့်သတင်းကို စုံစမ်းဖော်ထုတ်ရင်း ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၂ ရက်နေ့တွင် ရန်ကုန်မြို့၌ ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။
သတင်းထောက်များကို ရဲတပ်ဖွဲ့ဝင်များက မည်သည့်စာရွက်မှန်းမသိရသော စာရွက်တချို့ကို ဆက်သွယ်ပေးအပ်ခြင်းဖြစ်ကြောင်း၊ ရဲတပ်ဖွဲ့က ၎င်းတို့ နှစ်ဦးကို ထောင်ချောက်ဆင်ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း တရားလိုပြသက်သေဖြစ်သည့် ဒုတိယရဲမှူးဟောင်း မိုးရန်နိုင်က တရားခွင်တွင် ထွက်ဆိုခဲ့သည်။
၎င်းကိုယ်တိုင်သည်လည်း ရဲစည်းကမ်းဥပဒေဖောက်ဖျက်မှုဖြင့် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီး အထက်ပါ အတိုင်း ဖွင့်ချအပြီးတွင် ယင်းဥပဒေအရပင် ထောင်ဒဏ်တစ်နှစ် အပြစ်ပေးခံခဲ့ရကာ အင်းစိန်ထောင်သို့ ပို့ဆောင်ခဲ့သည်။ ရဲတန်းလျားတွင်နေထိုင်နေသည့် ၎င်း၏မိသားစုကိုလည်း ရက်ပိုင်းအတွင်း ဖယ်ရှားခိုင်းခဲ့ပြီး ထိုသို့ ဖယ်ရှားခိုင်းခြင်းမှာ ဒုရဲမှူးဟောင်းမိုးရဲနိုင်၏ ထွက်ဆိုချက်နှင့်မသက်ဆိုင်ဟု ပြောသည်။
စွပ်စွဲခံရသူတွေဘာပြောလဲ
ယခုစွဲချက်တင်သော်လည်း အပြစ်ရှိသည်ဟု မဆုံးဖြတ်ရသေးသည့်အတွက် မိမိတို့တွင် အပြစ်မရှိကြောင်း ဆက်လက်ချေပသွားမည်ဟု သတင်းထောက်နှစ်ဦးက တရားခွင်အပြီးတွင် ပြောကြားခဲ့သည်။
၎င်းတို့သည် သတင်းသမားဖြစ်သည်နှင့်အညီ ပြဿနာရပ်တိုင်းတွင် မျှမျှတတဖြစ်အောင် ဘက်ပေါင်းစုံ၊ ရှုထောင့်ပေါင်းစုံမှ ကျင့်ဝတ်နှင့်အညီ စုံစမ်းဖော်ထုတ်ခဲ့ခြင်းဖြစ်ကြောင်း၊ စစ်တပ်က မတရားမှု ကျူးလွန်သည်ဆိုလျှင်လည်း မတရားမှုကို ဖော်ထုတ်ရမည်ဖြစ်ကြောင်း ကိုဝလုံးက ပြောသည်။
“နောက်ရုံးချိန်းတွေမှာ အပြစ်မရှိကြောင်း ထုချေသွားမှာပါ။ အခြားတစ်ဖက်မှာတော့ သတင်းသမား တစ်ယောက်အနေနဲ့ သတင်းအလုပ်ကို လွယ်လင့်တကူ လုပ်မရအောင် ဖိနှိပ်တယ်လို့ ထင်တယ်”ဟု အသက် ၂၈ နှစ် အရွယ် ကိုကျော်စိုးဦးက တရားခွင်မှ ပြန်အထွက်တွင် ဆိုသည်။
သတင်းထောက် နှစ်ဦး၏လက်ထဲသို့ လျှို့ဝှက်စာရွက်များ မည်သို့ရောက်ရှိလာသည်ကို တရားလိုဘက်က ထင်ရှားစွာ ပြဆိုနိုင်ခြင်းမရှိသော်လည်း “အစိုးရအကျိုးစီးပွားကို ဆန့်ကျင်စေသည့် ရည်ရွယ်ချက် သို့မဟုတ် ရန်သူနှင့် ဆက်စပ်ဆောင်ရွက်ရန် သဘောရှိသည့် စုဆောင်းမှု” ဆိုသည့် စကားလုံးအပေါ် စွဲချက်တင်ခြင်း ဖြစ်ကြောင်း သတင်းထောက် နှစ်ဦး၏ ရှေ့နေ တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်က တရားခွင်အပြီးတွင် ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်အမြင်က အမှုအပေါ် လွှမ်းမိုးမှုရှိသလား
ရိုက်တာသတင်းထောက်များသည် နိုင်ငံတော်လျှို့ဝှက်ချက် အက်ဥပဒေကို ချိုးဖောက်ခဲ့သည့်အတွက် အဖမ်းခံရခြင်းဖြစ်ကြောင်း၊ ရခိုင်သတင်းအကြောင်း ရရှိဖို့ ကြိုးစားရင်း အဖမ်းခံရခြင်းမဟုတ်ကြောင်း၊ မိမိအထင်တွင် နိုင်ငံတော်လျှို့ဝှက်ချက် အက်ဥပဒေနှင့် ပတ်သက်နေသည့် အခြားကိစ္စရပ်များလည်း ရှိနေကြောင်း ပြီးခဲ့သည့်လက ဂျပန်နိုင်ငံ NHK သတင်းဌာနကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ဖူးသည်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၏ ပြောကြားချက်သည် ယခုလိုစွဲချက်ချရာ၌ လွှမ်းမိုးမှုရှိနိုင်မည်ဟု သတင်းမီဒီယာသမားတချို့က သုံးသပ်ကြသည်။
ရိုက်တာသတင်းထောက်များ၏ အမှုဖြစ်စဉ်တွင် အမှန်တကယ်ဖြစ်ပျက်ခဲ့မှုများနှင့် တရားလိုပြ သက်သေများ၏ ထွက်ဆိုချက်များသည် များစွာကွဲလွဲနေကြောင်း၊ ရဲတပ်ဖွဲ့၏တရားလိုပြုမှုများတွင် ထိုသို့ကွဲလွဲချက်များ ရှိနေသည့်တိုင် အတင်းစွဲချက်တင်နေခြင်းများက နိုင်ငံရေးသဘောဆန်နေကြောင်း သတင်းစာသင်တန်းဆရာ တစ်ဦးဖြစ်သူ ဦးမြင့်ကျော်က ပြောသည်။
“ဒီစွဲချက်မချခင် ဒေါ်အောင်ဆန်းစုကြည်ကလည်းပြောတယ်။ ရဲချုပ်ကလည်းပြောတယ်။ ကျွန်တော်တို့လို သာမန်လူတွေ ကိုယ့်အမြင် ကိုယ်ပြောတာ ဘာမှမဖြစ်ဘူး။ သူတို့လို ဩဇာရှိသူတွေက ထုတ်ဖော်ပြောတာကြတော့ လွှမ်းမိုးမှုရှိနိုင်တာပေါ့”ဟု ၎င်းကဆိုသည်။
ဥပဒေ ချိုးဖောက်ခဲ့ကြောင်း အထောက်အထားမပြနိုင်ဘဲ သတင်းထောက်များအား အချိန်ကြာမြင့်စွာ ထိန်းသိမ်းပြီး စွဲချက်တင်ခြင်းသည် မြန်မာနိုင်ငံ၏ သတင်းလွတ်လပ်ခွင့်နှင့် မြန်မာနိုင်ငံ၏ ကတိကဝတ် ပြုထားသော တရားဥပဒေစိုးမိုးရေးအပေါ် သံသယရှိစရာဖြစ်လာကြောင်း ရိုက်တာသတင်းဌာန၏ ဥက္ကဋ္ဌနှင့် အယ်ဒီတာချုပ် Stephen J. Adler က ပြောကြားကြောင်း ရိုက်တာသတင်းဌာနက ကြေညာချက်ထုတ်ပြန်သည်။
ဥရောပသမဂ္ဂကလည်း ကြေညာချက်ထုတ်ပြန်ပြီး သတင်းထောက်နှစ်ဦးသည် လွတ်လပ်စွာပြောဆိုခွင့်အရ အလုပ်လုပ်ကိုင်ခြင်းဖြစ်ပြီး ၎င်းတို့နှစ်ဦးအပေါ် တင်ထားသည့် စွဲချက်များကိုပြန်လည်ရုပ်သိမ်းပေးရန် မျှော်လင့်သည်ဟု ပြောကြားလိုက်သည်။
ယခုအမှုတွင် တရားလိုပြသက်သေများကို ပြန်ခေါ်သွားမည်မဟုတ်ဘဲ စွဲချက်မတင်ထိုက်ကြောင်း တိုင်းတရားလွှတ်တော်သို့ ပြင်ဆင်ချက်တင်ရန်ကိုလည်း သက်ဆိုင်သူများနှင့် ဆက်လက်ဆွေးနွေးသွားမည်ဟု သိရသည်။