သတင်း

တန့်ဆည်မြို့၊ ပုတီးရွာတွင် စစ်ကောင်စီတပ်က နေအိမ်များကို မီးရှို့

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ ပုတီးရွာတွင် တပ်စွဲခဲ့သည့် စစ်တပ်က အိမ်ခြေ အလုံး၂၀ နီးပါး မီးရှို့ ဖျက်ဆီးပြီး ယမန်နေ့ (ဖေဖော်ဝါရီ ၈) ညနေပိုင်းတွင် ထွက်ခွာသွားကြောင်း ဒေသခံများထံမှ သိရသည်။ 

မြို့မြောက်ဘက် ၁၀ မိုင်ခန့်အကွာတွင်ရှိသော ထိုရွာတွင် ဖေဖော်ဝါရီ ၂ မှ ၈ အထိ တပ်စွဲခဲ့စဉ်အတွင်း စစ်သား ၁၀၀ ကျော်က နေအိမ်များကို ဝင်ရောက်မွှေနှောက် ရှာဖွေပြီး မီးရှို့ဖျက်ဆီးခြင်းဖြစ်သည်ဟု သိရသည်။

ကျေးရွာတောင်ဘက်နှင့် အနောက်ဘက်မှ နေအိမ်များကို ဖေဖော်ဝါရီ ၅ မှစ၍ မီးရှို့ခဲ့ရာ နေအိမ်၂၀ နီးပါး ပျက်စီးပြီး ဝမ်းစာအဖြစ် သိုလှောင်ထားသည့် ဆန်စပါးများပါ  ဆုံးရှုံးခဲ့ရသည်ဟု ဒေသခံများက ဆိုသည်။

မီးရှို့ခဲ့သည့် နေအိမ်အလုံး ၂၀ နီးပါးအပြင် အခြားနေအိမ် ၈ လုံးကိုလည်း စစ်တပ်က ဖျက်ဆီးခဲ့ကြောင်း ၎င်းတို့က ပြောသည်။ မည်သို့ဖျက်ဆီးသည်၊ မည်မျှပျက်စီးသွားသည်ကို တိတိကျကျ မသိရသေးပေ။

“အိမ်တွေကလည်း အိမ်ကြီးရခိုင်တွေပေါ့။ စပါးတွေပါတယ်။ အိမ်မှာမွေးထားတဲ့ဝက်တွေလည်း ကူးပြီး လောင်တယ်လို့ ပြောတယ်” လုံခြုံရေးအရ အမည်မဖော်လိုသည့် ပုတီးရွာဒေသခံက ပြောသည်။

“စပါးတွေလောင်တယ်။ တော်တော်များများတော့ ပျက်စီးတယ်။ ပြာပုံပဲ ရှိရစ်တယ်။ ကျန်တာတော့ ဘာမှကို မရလိုက်တော့ဘူး”

အနီးအနားရှိ ကျွဲတဲရွာဘက်မှ တောလမ်းအတိုင်း ပုတီးရွာဘက်သို့ စစ်သား ၁၀၀ ခန့် စစ်ကြောင်းတက်လာသည် ဆိုသည့် သတင်းကြောင့် သက်ကြီးရွယ်အိုနှင့် ကျန်းမာရေးမကောင်းသူမှအပ ကျန်ဒေသခံအားလုံးမှာ ဖေဖော်ဝါရီ ၂ ကတည်းက ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်။ 

အိမ်ခြေ ၇၀၀ ခန့်ရှိသည့် ပုတီးရွာသည် ၆ ကြိမ်မြောက် စီးနင်းခံရခြင်းဖြစ်ပြီး တတိယအကြိမ် စစ်တပ် စီးနင်းစဉ်ကတည်းက နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့သည်။

ယမန်နေ့၌ ပုတီးရွာမှ စစ်ကောင်စီတပ်စစ်ကြောင်း ထွက်ခွာသွားပြီးဖြစ်သော်လည်း ဒေသခံများမှာ ကျေးရွာအတွင်း ပြန်လည်ဝင်ရောက်နိုင်ခြင်းမရှိသေးဘဲ တိမ်းရှောင်နေရဆဲဖြစ်သည့်အတွက် မီးရှို့ဖျက်ဆီးခံရသည့် နေအိမ်များနှင့် ရွာအခြေအနေကို အသေးစိတ် မသိရသေးကြောင်း တိမ်းရှောင်နေသူများက ဆိုသည်။

စစ်သားတို့က ရွာကို မီးရှို့သည်ဟူသော ပြောဆိုချက်နှင့် ပတ်သက်ပြီး စစ်ကောင်စီက ထုတ်ပြန်ထားသည့် ပြန်ကြားရေးအရာရှိဖုန်းနံပါတ်များကို မေးမြန်းဆက်သွယ်ရန် ကြိုးစားသော်လည်း ဖုန်းပိတ်ထားကြသည်။ စစ်ကောင်စီထုတ်ပြန်ချက်များတွင်မူ တန့်ဆည်နှင့် အခြားဒေသ မီးရှို့ ဖျက်ဆီးမှုမှာ ၎င်းတို့၏ လက်ချက်မဟုတ်ကြောင်း၊ လက်နက်ကိုင်ခုခံသည့် အကြမ်းဖက်သမားတို့၏ လက်ချက်ဖြစ်ကြောင်း ဖော်ပြထားတတ်သည်။

စစ်တပ် မကြာခဏဝင်လာသဖြင့် ထွက်ပြေးနေရကြောင်း၊ အလုပ်အကိုင်ပျက်နေကြသောကြောင့် အများစုသည် စီးပွားရေးကျပ်တည်းနေကြောင်း ပုတီးရွာဒေသခံများက ပြောကြသည်။

“ပဲသီးနှံသိမ်းဖို့ရှိတယ်။ တချို့တွေဆို မသိမ်းရသေးဘူး။ မြေပဲတို့၊ မတ်ပဲတို့ ဘာမှမနုတ်ရဘဲနဲ့ အကုန်လုံး ထွက်ပြေးနေရတယ်။ သူတို့က ရွာတွေဝင်ရင် စပါးတွေကအစ ဘာမှမချန်ဘူး။ အကုန်လုံးကို ဖျက်ဆီးဆိုတော့ တော်တော်လေးလည်း ကျပ်တည်းတယ်” ဟု တိမ်းရှောင်နေရသည့် အထက်ပါ ပုတီးရွာဒေသခံက ပြောသည်။ 

“ဒေသခံတွေ ဒုက္ခအရမ်းရောက်တယ်။ အခု လောလောဆယ်ကတော့ သူ့မကယ်နိုင်၊ ကိုယ့်မကယ်နိုင်ပေါ့” 

ထွက်ခွာသွားသည့် ထိုစစ်ကြောင်းသည် ယမန်နေ့ ညနေတွင် အနီးအနားရှိ ထန်းကုန်းကြီးရွာအတွင်း ဝင်ရောက်ကာ အိမ် ၉ လုံးကို ဖျက်ဆီး၍ ရွာသား ၂ ဦးကို လမ်းပြအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် ယနေ့ နံနက်တွင် ပေချောင်ကုန်းရွာသို့ ရောက်ရှိနေပြီဖြစ်ကြောင်း တန့်ဆည်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံမှ သိရသည်။ 

ယနေ့ (ဖေဖော်ဝါရီ ၉) ညနေ ၄ နာရီမှစ၍ ပေချောင်ကုန်းရွာတွင် နေအိမ်များကို မီး စတင်ရှို့နေကြောင်း ဒေသခံတော်လှန်ရေးအဖွဲ့များထံမှ သိရသည်။ 

မီးရှို့ခံရသည့် တန့်ဆည်ကျေးရွာများ

စစ်ကောင်စီကို လက်နက်ကိုင်ပြန်ခုခံနေသည့် တော်လှန်ရေးအဖွဲ့များ အားကောင်းသည့် တန့်ဆည်မြို့နယ်အတွင်း ကျေးရွာများကို စစ်ကောင်စီတပ်က မကြာခဏဝင်ရောက်စီးနင်း တပ်စွဲကာ နေအိမ်များကို မီးရှို့ခြင်း၊ မွှေနှောက်ဖျက်ဆီးခြင်းတို့ကို လုပ်ဆောင်လေ့ရှိပြီး အထူးသဖြင့် ကပေါင်းကျကျေးရွာဆိုလျှင်လည်း ၁၀ ကြိမ်ထက်မနည်း ဝင်ရောက်မွှေနှောက်ခံထားရသည်ဟု ဒေသခံတို့က ပြောသည်။

အာဏာသိမ်းပြီးချိန်မှစ၍ တစ်နှစ်ကျော်ကာလအတွင်း စစ်ကောင်စီက တန့်ဆည်မြို့နယ်အတွင်းရှိ ကျေးရွာ ၁၀ ရွာမှ အိမ်ခြေ ၁၂၀ နီးပါး ဖျက်ဆီးခံထားရပြီး အိမ်ခြေ ၂၀၀ ကျော်နီးပါး ရိုက်ချိုးဖျက်ဆီးခံထားရကြောင်း တန့်ဆည်မြို့နယ် ဒေသခံကာကွယ်ရေးအဖွဲ့များ ပြုစုထားသည့်စာရင်းအရ သိရသည်။ 

အဆိုပါစာရင်းအရ ကပေါင်းကျရွာသည် အိမ်ခြေ ၇၅ လုံး မီးရှို့ဖျက်ဆီးခံထားရကာ အိမ်ခြေ ၁၀၀ ကျော် ရိုက်ချိုးဖျက်ဆီးခံခဲ့ရသည်။

ထိုသို့ ကျူးလွန်နေသည့် စစ်ကောင်စီတပ်က အာဏာသိမ်းမှုဆန့်ကျင်ရေးအားကောင်းသည့် တန့်ဆည်မြို့နယ် ကျေးရွာများတွင် စပါး၊ ပဲ သီးနှံတို့ကိုလည်း ရိတ်သိမ်းယူဆောင်သွားကြောင်း တန့်ဆည်မြို့ ဒေသခံများက ဆိုသည်။ 

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ပြည်သူ့တော်လှန်ရေးစတင်ကြောင်း ကြေညာခဲ့သည့် စက်တင်ဘာ ၇ နောက်ပိုင်းမှစ၍ တစ်နိုင်ငံလုံးအနှံ့ တိုက်ပွဲများ ပိုမိုပြင်းထန်လာပြီး စစ်ကိုင်းတိုင်းနှင့် ချင်းပြည်နယ်တွင် တိုက်ပွဲများ နှစ်ဆနီးပါး မြင့်တက်လာခဲ့သည်။ 

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button