သတင်း

ကရင်နီဒေသတွင် အင်တာနက်နှင့် ဖုန်းလိုင်းပြတ်တောက်မှု ပိုဆိုးလာ

စစ်ကောင်စီနှင့် တော်လှန်ရေးတပ်ဖွဲ့များအကြား တိုက်ပွဲပြင်းထန်နေသည့် ကရင်နီပြည်နယ်နေရာအများစုတွင် အင်တာနက်နှင့် ဖုန်းလိုင်းဖြတ်တောက်ခံရသည့် အခြေအနေ ပိုမိုဆိုးရွားနေသည်ဟု ဒေသခံအချို့က အတည်ပြုသည်။

ကရင်နီပြည်နယ်အတွင်း ဒီးမော့ဆို၊ ဖရူဆို၊ လွိုင်ကော်တွင် ၂၀၂၁ ဒီဇင်ဘာနှောင်းပိုင်း၊ ဖားဆောင်း၊ ဘောလခဲ၊ မယ်စဲ့ တို့မှာ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း ခရီးစဉ်စတင်သည့် ဖေဖော်ဝါရီ ၁ နောက်ပိုင်းမှစ၍ ဆက်သွယ်ရေးလိုင်းပြတ်တောက်မှု ပိုမို ဆိုးရွားလာသည်ဟု ၎င်းတို့၏ ပြောဆိုချက်များအရ သိရသည်။

“ဖုန်းလိုင်းတွေ အကုန်ဖြတ်ထားတယ်တဲ့။ ကျွန်မတို့တောင် အိမ်ကို အဆက်အသွယ်မရဘူး။ (အင်တာနက်လည်း) အကုန်ဖြတ်ထားတယ်” ဟု မန္တလေးတိုင်းအတွင်း ရောက်ရှိနေပြီဖြစ်သည့် ဘောလခဲဒေသခံ အမျိုးသမီးတစ်ဦးက ဆိုသည်။

ယခင်က MPT ဖုန်းလိုင်း အသုံးပြု၍ရသော်လည်း ဖေဖော်ဝါရီ ၁ ရက်မှစ၍ မရတော့ဟု ၎င်းက ဆက်ပြောသည်။ စစ်တပ်အရာရှိများသုံးသည့် စီဒီအမ်အေလိုင်းသာ မိနေသည်ဟု ထိုအမျိုးသမီးထံမှ သိရသော်လည်း သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

“ဘာသတင်းမှ မရတော့ဘူးပေါ့၊ ဟိုမှာ ဘာဖြစ်လဲ ဘာမှမသိရတော့ဘူးပေါ့။ ဘာအကြောင်း ဘာအကြောင်း ဆက်ချင်ရင်တောင် ဘာမှမရတော့ဘူး” ဟု ၎င်းက ပြောသည်။

ဖားဆောင်းမြို့နယ် မော်ချီးဒေသတွင်လည်း အင်တာနက်နှင့် ဖုန်းလိုင်းပြတ်တောက်သည်မှာ တစ်ပတ်ခန့် ရှိပြီဟု ပြီးခဲ့သည့်နှစ်ကုန်ပိုင်းတွင် ရှမ်းပြည်နယ် တောင်ကြီးမြို့သို့ ပြောင်းရွှေ့ထားသည့် သတ္တုမိုင်းလုပ်သားတစ်ဦးကလည်း ပြောသည်။

“ဖုန်းဆက်သွယ်မရတာ ငါးရက် ခြောက်ရက်လောက်တော့ ရှိပြီ။ Mytel တွေ ဖြတ်ထားတာတော့ တော်တော်ကြာသွားပါပြီ။ Telenor ကတော့ နှစ်လလောက်တော့ရှိသွားပြီထင်တယ် ဖြတ်ထားတာ။ MPT ကတော့ တစ်ပတ်လောက်ပေါ့။ အခုက ဘာလိုင်းမှ မရတော့ဘူး” ဟု ၎င်းက ပြောသည်။

မြို့နယ် ၇ မြို့နယ်ရှိသည့် ကရင်နီပြည်နယ်အတွင်း ယနေ့တိုင် ဆက်သွယ်ရေးဝန်ဆောင်မှု ကောင်းနေဆဲဟု ပြော၍ရသည့် ရှားတောမြို့နယ်တွင်မူ စစ်တပ်ပိုင် Mytel အင်တာနက် အသုံးပြု၍ရနေသည်ဟု မြို့ခံအမျိုးသမီးတစ်ဦးထံမှ သိရသည်။

ထို့အတူ လျှပ်စစ်မီးလာချိန်တွင် MPT နှင့် အခြားဖုန်းလိုင်းများ သုံး၍ ရကြောင်း၊ ထိုမြို့နယ်အတွင်း နံနက် ၆ နာရီခန့်မှ ၈ နာရီအထိ တစ်ကြိမ်၊ ညနေ လေးနာရီမှ ၇ နာရီခွဲအထိ တစ်ကြိမ် နေ့စဉ် နာရီပိုင်းသာ လျှပ်စစ်မီးရကြောင်း ၎င်းကပြောသည်။

“အဲဒီလိုဖြစ်တာ (အင်တာနက်ပြတ်တာ) ကြာတော့ကြာပြီ မှတ်တောင်မမှတ်မိတော့ဘူး။ MPT က လိုင်းသုံးလို့ ကောင်းတယ်။ တဖြည်းဖြည်းနဲ့ ဘယ်လိုဖြစ်သွားလဲမသိဘူး။ လိုင်းက သုံးလို့မရတော့ဘူး။ နောက်ဆုံး Mytel ရတာနဲ့ Mytel အဆင်ပြေတော့၊ Mytel ပဲ သုံးတာများတော့တယ်” ဟု အထက်ပါ အမျိုးသမီးက ဆိုသည်။

တိုက်ပွဲအပြင်းထန်ဆုံးဖြစ်သည့် ဒီးမော့ဆိုမြို့ပေါ်နှင့် မြို့နယ်အတွင်း နေရာအများစုတွင် ဆက်သွယ်ရေးလိုင်းများ အခြေအနေမကောင်းသည်မှာ ၃ လခန့်ရှိပြီဖြစ်ပြီး ဇန်နဝါရီလဆန်းမှစ၍ ပို၍ ဆိုးရွားလာသည်ဟု ထိုမြို့နယ်အတွင်း စစ်ရှောင်နေရသည့် အမျိုးသမီးတစ်ဦးကလည်း ပြောသည်။

“အခု ကျွန်မတို့ ကွင်းပြင်မှာ လာသုံးနေတာပေါ့။ အရင်တုန်းကတော့ တောင်ထိပ်မှာ တက်ပြီးတော့ လိုင်းတွေဘာတွေသုံးရတာ။ အခု တောင်ထိပ်မှာလည်း မရတော့ဘူး။ ဘယ်နေရာမှ မရတော့ဘူး” ဟု ထိုအမျိုးသမီးက ပြောသည်။

ဇန်နဝါရီ ၆ ရက်တွင် မိုင်းလုံးရပ်ကွက်၌ စစ်ကောင်စီနှင့် ဒေသကာကွယ်ရေးအဖွဲ့များ တိုက်ပွဲဖြစ်ပွားပြီးနောက် မြို့တော် လွိုင်ကော်၌ပါ ထိုသို့ ကြုံနေရသည်ဟု မြို့ခံအမျိုးသမီးတစ်ဦးကလည်း ပြောသည်။ လက်ရှိတွင် Mytel နှင့် MPT သာ သုံး၍ ရသည်ဟု ၎င်းက ဆိုသည်။

“ဒီဘက်က တာဝါတိုင်တော်တော်များများကတော့ ကောင်းတဲ့ဟာတွေရှိပါသေးတယ်။ စစ်ကောင်စီကနေ ပြီးတော့ တမင်တကာ ဖြတ်ထားတဲ့ပုံစံမျိုးပေါ့။ အဓိကကတော့ သူတို့ဘက်က ဆက်သွယ်ရေးဖြတ်တောက်တာတွေကို လုပ်နေတာပေါ့” ဟု လွိုင်ကော်မြို့တွင် စစ်ကောင်စီကို ခုခံနေသည့် ကရင်နီဒီမိုကရက်တစ်တပ်ဦး (KDF) ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

“လွိုင်ကော်မြို့ပေါ်မှာဆို မီးတွေကအစ ပုံမှန်မလာတော့တာ အချိန်နဲ့ပေးတာတွေ ဖြစ်နေတယ်၊ လွိုင်ကော်မြို့ပေါ်မှာပဲကို ဖုန်းလိုင်းတွေက တချို့မမိတဲ့နေရာတွေရှိတယ်။ တချို့နေရာတွေမိတယ်။ မြို့ပေါ်မှာကိုပဲ အဲလိုဖြစ်နေတာ”  

၂၀၂၁ ဒီဇင်ဘာ ၂၄ ရက်တွင် စစ်တပ်က လူနှင့် ယာဉ်များ မီးပုံရှို့ခဲ့သည့် ဖရူဆိုမြို့နယ် မိုဆိုကျေးရွာအုပ်စုတွင်လည်း ဖုန်းနှင့် အင်တာနက်လိုင်းများ မရတော့ကြောင်း ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

“အကုန်ပြတ်ပြီဗျ။ ဟိုယာ(ကျေးရွာ)ဘက် တောင်ပေါ်မှာနဲ့ မော်သီဒိုရွာနားပဲ ရတော့တယ်။ ကျွန်တော်က တောင်ပေါ်မှာ တက်သုံးတာ” ဟု ၎င်းက ပြောသည်။

ဖယ်ခုံမြို့နယ်တွင်လည်း အရှေ့ခြမ်း၌ MPT, အနောက်ခြမ်း၌ Mytel, အလယ်ခြမ်းတွင် Telenor နှင့် Ooreedoo ဆက်သွယ်ရေးလိုင်းများ ရံဖန်ရံခါသာ ရတော့သည်ဟု ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (ဖယ်ခုံဇုန်) တာဝန်ရှိသူတစ်ဦးက အတည်ပြုသည်။

“ဒါပေမဲ့ တချို့ရက်တွေမှာ စစ်ကောင်စီဘက်က စစ်ကြောင်းထိုးတာတို့ ကြီးမားတဲ့စစ်ဆင်ရေး လုပ်တော့မယ်ဆိုရင် ဘယ်အင်တာနက်မှ မရတော့ဘူး” ဟု ၎င်းက ပြောသည်။ 

အလားတူပင် ဇန်နဝါရီ ၁၆ ရက် ညနေပိုင်းက စစ်လေယာဉ် လာရောက်ဗုံးကြဲခဲ့သည့် ဒီးမော့ဆိုမြို့နယ် နန်းမယ်ခုံမြို့တွင်လည်း ထိုအချိန်မှစ၍ ဖုန်းလိုင်း အင်တာနက်လိုင်းများ ပြတ်တောက်နေသည်မှာ ယနေ့အထိပင်ဖြစ်သည်။

Myanmar Now က ဆက်သွယ်နေကျ ထိုဒေသရှိ သတင်းရင်းမြစ်များကို ဆက်သွယ်၍မရတော့ပေ။ 

ကရင်နီပြည်နယ်၌ လျှပ်စစ်မီးပြတ်တောက်မှုပါ ကြုံနေရပြီး ဒီးမော့ဆိုအပါအဝင် မြို့နယ်အများစုတွင် လွန်ခဲ့သည့် သုံးလဝန်းကျင်မှစ၍ လုံးဝမရတော့ကြောင်း အထက်ပါ သတင်းရင်းမြစ်များအနက် အချို့၏ ပြောဆိုမှုများအရ သိရသည်။

၂၀၂၁ ခုနှစ် မေလကတည်းက စတင်ခဲ့သော စစ်တပ်နှင့် ဒေသခံတော်လှန်ရေးတပ်များအကြား တိုက်ပွဲများကြောင့် ကရင်နီပြည်နယ်တွင် လူဦးရေ ၁၈၀,၀၀၀ ခန့် စစ်ဘေးရှောင်နေရသည်ဟု ကရင်နီအရပ်ဘက်လူမှုအဖွဲ့ကွန်ရက် (KCSN) စာရင်းက ဆိုသည်။

အင်တာနက်ဖြတ်တောက်မှုကြောင့် လက်နက်ကိုင်အဖွဲ့အစည်းများအတွက် ထိခိုက်မှုမရှိသော်လည်း ပြည်သူလူထုကို ဆိုးကျိုးများသက်ရောက်စေသည်ဟု ကရင်နီအမျိုးသားတိုးတက်ရေးပါတီ အတွင်းရေးမှူးတစ်ဦးဖြစ်သူ ဦးအောင်ဆန်းမြင့်က မှတ်ချက်ပြုသည်။

“ကျန်းမာရေးကြောင့် အရေးပေါ်လိုအပ်လို့ရှိရင် ဘာမှအဆက်အသွယ်မရဘူး။ ကူညီမဲ့သူကိုလည်း ဆက်သွယ်လို့မရဘူး။ ကူညီမဲ့နေရာကိုလည်း အချိန်မီ သွားဖို့လာဖို့ပေါ့နော်။ တစ်နေရာနဲ့ တစ်နေရာ သွားဖို့လာဖို့ကလည်း လုံခြုံစိတ်ချရတာမဟုတ်ဘူး” ဟု ၎င်းက ပြောသည်။

“အဲဒီတော့ အချိတ်အဆက်ကောင်းကောင်းနဲ့ လမ်းမှာ ဘေးအန္တရာယ်ကင်းအောင် သွားရတာမျိုးတွေ ရှိတယ်။ အခုက လိုင်းတွေက ဘာမှမရတော့ဘူးဆိုတော့ ဘာမှလုပ်လို့မရဘူး။ နောက်တစ်ခုက တိုက်ပွဲအခြေအနေနဲ့ ပတ်သက်ပြီးတော့ ပြည်သူလူထုက သတင်းအချက်အလက် မရဘူး” 

ရခိုင်အပါအဝင် စစ်တပ်က စစ်ဆင်ရေးလုပ်သည့် ဒေသများတွင် ဆက်သွယ်ရေးဖြတ်တောက်မှုမှာ ဖြစ်ရိုးဖြစ်စဉ်တစ်ခုသာဖြစ်ကြောင်း ၎င်းက ဆိုသည်။

၂၀၁၉ နှစ်လယ်ပိုင်းမှစ၍ ရက္ခိုင့်တပ်တော် (AA)နှင့် စစ်တပ်တို့ တိုက်ပွဲများ ပြင်းထန်ချိန်တွင် ရခိုင်ပြည်နယ်အတွင်း ၂ နှစ်နီးပါးကြာ ထိုသို့ ဖုန်းနှင့် အင်တာနက်လိုင်းများ ဖြတ်တောက်ဖူးသည်။ ကမ္ဘာ့အကြာဆုံးအင်တာနက်ဖြတ်တောက်မှုဟုပင် နိုင်ငံတကာလူ့အခွင့်အရေးလှုပ်ရှားသည့် အဖွဲ့များက မှတ်ချက်ပြုဖူးသည်။

၂၀၂၁ ဖေဖော်ဝါရီ ၁ တွင် NLD ကို ဖြုတ်ချကာ အာဏာသိမ်းပြီးနောက် နိုင်ငံအနှံ့ ခုခံမှုများ မြင့်လာချိန်တွင်လည်း စစ်ရှိန်မြင့်သည့် ဒေသအချို့တွင် ဖုန်းနှင့် အင်တာနက်များကို စစ်တပ်က ဖြတ်တောက်လေ့ရှိသဖြင့် ပြင်ပနှင့် အဆက်အသွယ်လုပ်ရန် ခက်ခဲသွားခဲ့သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button