သတင်း

ရိုက်တာသတင်းထောက်နှစ်ဦးအား ထောင်ဒဏ် ၇နှစ် စီချမှတ်

ရခိုင်အရေးသတင်းယူနေစဉ် ထိန်းသိမ်းခံလိုက်ရသည့် ရိုက်တာသတင်းထောက်နှစ်ဦးအား နိုင်ငံတော်လျှို့ဝှက်အက်ဥပဒေဖြင့် မြောက်ပိုင်းခရိုင်တရားရုံးက ယနေ့တွင် ထောင်ဒဏ် ၇နှစ်ချမှတ်လိုက်သည်။

၃၂ နှစ်အရွယ် ကိုဝလုံး ခေါ် ကိုသက်ဦးမောင်၊ ၂၈ နှစ်အရွယ် ကိုကျော်စိုးဦးတို့ သည် လနှင့်ချီထိန်းသိမ်းခဲ့ပြီးနောက် ထောင်ဒဏ်ချမှတ်ခံခဲ့ရခြင်းဖြစ်သည်။

သတင်းထောက်နှစ်ဦးအမှု၏ အဓိက ဖြစ်ရပ်များ

ဒီဇင်ဘာ ၁၂၊ ၂ဝ၁၇

ရန်ကုန်တွင် ရဲအရာရှိများနှင့်တွေ့ဆုံအပြီး သတင်းထောက်နှစ်ဦး အထိန်းသိမ်းခံလိုက်ရသည်။ ရဲအရာရှိတစ်ဦးက စာရွက်စာတမ်းတချို့ ၎င်းတို့ကို ပေးကာ နောက်မှ ဖတ်ရှုရန် ပြောဆိုခဲ့သည်။

ဒီဇင်ဘာ ၁၃၊ ၂ဝ၁၇

သတင်းထောက်တို့ကို ၁၉၂၃ ခုနှစ်၊ မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက် အက်ဥပဒေပုဒ်မ -၃ ဖြင့် အမှုဖွင့် စစ်ဆေးထားကြောင်း အစိုးရက ပြောသည်။ ထိုပုဒ်မသည် ထောင်ဒဏ် ၁၄ နှစ်အထိ ချမှတ်နိုင်သည့် ပုဒ်မဖြစ်သည်။

ဒီဇင်ဘာ ၁၈၊ ၂ဝ၁၇

ရခိုင်ပြည်နယ် အင်းဒင်ရွာတွင် အစုလိုက်အပြုံလိုက်မြှုပ်နှံထားသည့်ရုပ်အလောင်းများ တူးဖော်တွေ့ရှိရပြီး အသေးစိတ် စုံစမ်း စစ်ဆေးနေသည်ဟု တပ်မတော်က ပြောသည်။

ဒီဇင်ဘာ ၂၇၊ ၂ဝ၁၇

မိသားစု၊ ရှေ့နေတို့နှင့် နှစ်ပတ်ကြာ ဆက်သွယ်ခွင့်မရဘဲ ရန်ကုန်မြို့တစ်နေရာတွင် ထိန်းသိမ်းခံခဲ့ရသည့် ကိုဝလုံး၊ ကိုကျော်စိုးဦးတို့ကို တရားရုံးတွင် တွေ့ရသည်။ ၎င်းတို့ကို နှစ်ပတ်ကြာ ဆက်လက်စစ်ဆေးနိုင်ရန် ရမန် ရယူသည်။

ဒီဇင်ဘာ ၂၈၊ ၂ဝ၁၇

၎င်းတို့နှစ်ဦးသည် ယခင်က မဆုံဖူးသည့် ရဲအရာရှိများထံမှ စာရွက်စာတမ်းတချို့ရရှိပြီးလျှင်ပြီးချင်း အထိန်းသိမ်းခံလိုက်ရခြင်းသည်ဟု ၎င်းတို့နှစ်ဦး၏ မိသားစုဝင်များက သတင်းစာ ရှင်းလင်းပွဲတွင် ပြောသည်။

ဇန်နဝါရီ ၁ဝ၊ ၂ဝ၁၈

အင်းဒင်ရွာတွင် “အကြမ်းဖက်သမား” ဆယ်ဦးကို လုံခြုံရေးတပ်ဖွဲ့ဝင်များက သတ်ဖြတ်ခဲ့ကြောင်း တပ်မတော်က သတင်းထုတ်ပြန်သည်။


ဖေဖော်ဝါရီ ၁၊ ၂ဝ၁၈

သတင်းထောက်တို့ ရရှိသည့် စာရွက်စာတမ်းပါ အချက်အလက်များသည် သတင်းစာများတွင် ဖော်ပြပြီးဖြစ်သည်ဟု ရဲအရာရှိတစ်ဦးက ပြောဆိုသော်လည်း တရားရုံးက သတင်းထောက်များကို အာမခံမပေးပေ။ သတင်းထောက်နှစ်ဦး အင်းစိန်ထောင်တွင် ဆက်လက် ထိန်းသိမ်းခံရသည်။

ဖေဖော်ဝါရီ ၆၊ ၂ဝ၁၈

ဖမ်းဆီးရာတွင် ပါဝင်သည့် ရဲအရာရှိတစ်ဦးက သတင်းထောက်တို့ကို ထိန်းသိမ်းလိုက်ချိန်တွင် စာရွက်စာတမ်းတို့ကို မီးရှို့လိုက်သည်ဟု တရားရုံးတွင် ထွက်ဆိုသည်။

ဖေဖော်ဝါရီ ၈၊ ၂ဝ၁၈

သတင်းထောက်နှစ်ဦး စုံစမ်းထောက်လှမ်း ရေးသားခဲ့သည့် အင်းဒင်ရွာ သတ်ဖြတ်မှုအကြောင်း ဆောင်းပါးကို Reuters က ထုတ်ပြန်သည်။

ဧပြီ ၁ဝ၊ ၂ဝ၁၈

အင်းဒင်ရွာလူသတ်မှုတွင် ပါဝင်သည့် တပ်မတော်သား ခုနစ်ဦးကို ထောင်ဒဏ် ဆယ်နှစ်စီ ချမှတ်ကြောင်း တပ်မတော်က သတင်းထုတ်ပြန်သည်။

ဧပြီ ၂ဝ၊ ၂ဝ၁၈

သတင်းထောက်တို့ကို ထောင်ချောက်ဆင်ဖမ်းရန် အမိန့်ပေးခဲ့ကြောင်း တရားလိုပြသက်သေ ဒုရဲမှူး မိုးရန်နိုင်က တရားရုံးတွင် ထွက်ဆိုသည်။

မေ ၂၊ ၂ဝ၁၈

ဒုရဲမှူးဟောင်း မိုးရန်နိုင်ကို မယုံကြည်ရသောသက်သေအဖြစ် သတ်မှတ်ရန် တရားလိုဘက်မှ လျှောက်ထားချက်ကို တရားရုံးက ပယ်ချသည်။ ဦးမိုးရန်နိုင်သည် ရဲစည်းကမ်းဖောက်ဖျက်မှု ဖြင့် ထောင်ဒဏ် တစ်နှစ် ချမှတ်ခံထားရသည်။

မေ ၁၆၊ ၂ဝ၁၈

သတင်းထောက်နှစ်ဦးကို တွေ့ဆုံခဲ့သော်လည်း လျှို့ဝှက်စာရွက်စာတမ်း ပေးအပ်ခဲ့ခြင်း မရှိကြောင်း ဒုတပ်ကြပ်နိုင်လင်းက တရားရုံးတွင် ထွက်ဆိုသည်။ သက်သေထွက်ဆိုရမည့် အခြား တစ်ဦးဖြစ်သော တပ်ကြပ်ကြီးခင်မောင်လင်းသည် ရဲတပ်ဖွဲ့မှ ထုတ်ပယ်ခံထားရပြီး မည်သည့်နေရာတွင် ရှိနေကြောင်း မသိရဟု ရဲတပ်ဖွဲ့က ပြောသည်။ ဒုရဲမှူးဟောင်း မိုးရန်နိုင်ကမူ တပ်ကြပ်ကြီးဟောင်း ခင်မောင်လင်းသည် သတင်းထောက်တို့ ထောင်ချောက်ဆင်ဖမ်းဆီးခံရမှုကို သိရှိသူဖြစ်သည်ဟု ဆိုသည်။

မေ ၂၉၊ ၂ဝ၁၈

သတင်းထောက်နှစ်ဦး၏ဖုန်း အသိမ်းခံရပြီးနောက်ပိုင်းတွင် တစ်စုံတစ်ယောက်က ၎င်းတို့၏ဖုန်းကို အသုံးပြုခဲ့သည်ဟု စစ်ဆေးပေါ်ပေါက်ခဲ့သဖြင့် ဖုန်းထဲမှ ရရှိသည်ဟု ရဲတပ်ဖွဲ့ကတင် ပြသော သက်သေသည် ပြုပြင်ပြောင်းလဲနိုင်သော အထောက်အထားများ ဖြစ်နေကြောင်း သတင်းထောက်တို့၏ရှေ့နေက ပြောသည်။

ဇွန် ၁၁၊၂ဝ၁၈

သတင်းထောက်နှစ်ဦး စတင်ထိန်းသိမ်းစဉ်က ၃ ရက်ကြာ အိပ်စက်ခွင့်မပေးဘဲ စစ်ကြောမေးမြန်းခဲ့သည်၊ စစ်ကြောရေးကာလတွင် သတင်းထောက် ကိုကျော်စိုးဦးကို နာရီပေါင်းများစွာ ကြာအောင် ဒူးထောက်စေခဲ့သည် ဟူသော ၎င်းတို့ရှေ့နေ၏ ပြောဆိုချက်များကို တရားလိုပြသက်သေ ထောက်ကြန့်နယ်မြေရဲစခန်း စခန်းမှူး ဒုရဲမှူးမြင့်လွင်က ငြင်းဆိုသည်။

ဇွန် ၈၊ ၂ဝ၁၈

သတင်းထောက်နှစ်ဦးသည် နိုင်ငံတော်လျှို့ဝှက်ချက် ဥပဒေ ချိုးဖောက်သည့်အတွက် ထိန်းသိမ်းခံရခြင်းဖြစ်သည်ဟု ဒေါ်အောင်ဆန်းစုကြည်က NHK သတင်းဌာနနှင့် တွေ့ဆုံမေးမြန်း ခန်းတွင် ပြောလိုက်သည်။ သူတို့အပြစ်ရှိမရှိ ဆိုသည်ကို မိမိတို့ မပြောနိုင်သေးကြောင်း၊ ထိုသို့ ဆုံးဖြတ်ရန်မှာ တရားရုံး၏ တာဝန်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

ဇူလိုင် ၉၊ ၂ဝ၁၈

တရားရုံးက သတင်းထောက်နှစ်ဦးကို နိုင်ငံတော်လျှို့ဝှက်အက်ဥပဒေနှင့် စွဲချက်တင်လိုက်ရာ ထိုဆုံးဖြတ်ချက်ကို စိတ်ပျက်မိကြောင်း Reuters က ကြေညာချက်ထုတ်ပြန်သည်။
ဥပဒေ ချိုးဖောက်ခဲ့ကြောင်း အထောက်အထား မပြနိုင်ဘဲ သတင်းထောက်များကို အချိန်ကြာမြင့်စွာ ထိန်းသိမ်းပြီး စွဲချက်တင်ခြင်းကြောင့် မြန်မာနိုင်ငံ၏ သတင်းလွတ်လပ်ခွင့်၊ တရားဥပဒေစိုးမိုးရေးတို့ကို သံသယရှိစရာဖြစ်လာသည်ဟု ကြေညာချက်တွင် ဖော်ပြထားသည်။

ဇူလိုင် ၂၄၊ ၂ဝ၁၈

ထိန်းသိမ်းခံရပြီးနောက် လက်ထိတ်ခတ်လျက် သုံးရက်တိတိ စစ်ကြောမေးမြန်းခံရကြောင်း၊ စစ်ကြောသူများ နစ်နာရီခြားတစ်ခါ ပြောင်းလဲကြောင်း၊ လျှို့ဝှက်ချက် စာရွက်စာတမ်းတချို့ ရယူသည်ဟု စွပ်စွဲခံရသော်လည်း ထိုစာရွက်စာတမ်းများနှင့် ပတ်သက်ပြီး မေးမြန်းခဲ့ခြင်း မရှိကြောင်း ကိုကျော်စိုးဦးက တရားရုံးတွင် ထွက်ဆိုသည်။ စစ်ကြောရေးအရာရှိ ဦးစိန်လှိုင်ဝင်း ဆိုသူက သူ့ကို ကြမ်းပြင်ပေါ်တွင် လေးနာရီခန့်မျှ ဒူးထောက်ခိုင်းခဲ့ကြောင်း ကိုကျော်စိုးဦးက ပြောသည်။

သြဂုတ် ၂ဝ၊ ၂ဝ၁၈

သတင်းထောက် နှစ်ဦးကို သြဂုတ် ၂၇ တွင် အပြီးသတ်အမိန့်ချမည်ဟု တရားရုံးက ပြောသည်။

သြဂုတ် ၂၇၊ ၂၀၁၈

တရားသူကြီးကျန်းမာရေးအကြောင်းပြချက်ဖြင့်ရုံးချိန်းကိုရွှေ့ဆိုင်းခဲ့သည်။

စက်တင်ဘာ ၃၊ ၂၀၁၈။

ရိုက်တာသတင်းထောက်များအား ထောင်ဒဏ် ၇နှစ်စီချမှတ်လိုက်သည်။

Show More

Related Articles

Back to top button