ငြိမ်းချမ်းရေးဆွေးနွေးရန် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအားလုံးကို အာဏာသိမ်းစစ်ကောင်စီက ဖိတ်ခေါ်လိုက်သော်လည်း သေနတ်မောင်းတင်ထားပြီးဖြစ်သည့်အတွက် ဆွေးနွေးရန်မရှိဟု သက်တမ်းရင့် လက်နက်ကိုင်အဖွဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU) က တုံ့ပြန်လိုက်သည်။
အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသည့် အဖွဲ့အစည်းများမှအပ တစ်နိုင်လုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) တွင် လက်မှတ်မထိုးရသေးသည့် အဖွဲ့များအပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အားလုံးကို ငြိမ်းချမ်းရေးဆွေးနွေးဖို့ ဖိတ်ခေါ်ကြောင်း စစ်ကောင်စီက ယမန်နေ့ (ဖေဖော်ဝါရီ ၆) တွင် ကြေညာခြင်းနှင့် ပတ်သက်ပြီး Myanmar Now က မေးမြန်းရာတွင် ထိုသို့ တုံ့ပြန်ခြင်း ဖြစ်သည်။
စစ်ကောင်စီက NCA စာချုပ်ပါ ကတိကဝတ်များကို လိုက်နာခြင်း မရှိသည့်အတွက် စကားပြောစရာ အကြောင်းမရှိတော့ကြောင်း KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက ဆိုသည်။
“ယုံကြည်မှုက လုံးဝပျက်သုဉ်းသွားပြီ။ …ကျွန်တော်တို့ သေနတ်ကို မောင်းတင်ထားတယ်၊ လက်ကို ခလုတ်ပေါ်မှာ တင်ထားတယ်၊ သူငြိမ်းချမ်းရေးစကားပြောတာနဲ့ ကျွန်တော်တို့က အဲဒီသေနတ်မောင်းကို ဖြုတ်ပစ်ရုံပဲ” ဟု ၎င်းက တုံ့ပြန်သည်။
စစ်ကောင်စီ၏ ငြိမ်းချမ်းရေးကမ်းလှမ်းချက်နှင့် ပတ်သက်၍ NCA စာချုပ်မှာ မျှော်လင့်ချက်ချက်မရှိတော့ကြောင်း၊ ထိုအတွက် အချိန်ကုန်ခံစရာ မလိုတော့ကြောင်းလည်း ပဒိုစောတောနီးက ဆိုသည်။
“သူတို့ (စစ်ကောင်စီ) နဲ့ စကားပြောစရာ အကြောင်းကို မရှိဘူး။ NCA ကို ဘိုင့်ဘိုင်လို့ ပြောလို့ရတဲ့ အနေအထားရောက်သွားပြီ”
အာဏာသိမ်းပြီးနောက် KNU ထိန်းချုပ်ရာ နယ်မြေများတွင် စစ်ကောင်စီနှင့် တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားသည်။ ထိုင်း – မြန်မာနယ်စပ်အနီးရှိ လေးကေ့ကော်မြို့သစ်တွင် ခိုလှုံနေသည့် လွှတ်တော်အမတ်များအပါအဝင် စစ်အာဏာရှင်ဆန့်ကျင်သူများကို စစ်တပ်က အတင်းအကျပ် ဝင်ရောက်ဖမ်းဆီးရာမှ ထိုနေရာတွင် ဒီဇင်ဘာလလယ်ပိုင်းမှစ၍ တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။
စစ်ကောင်စီက မြေပြင်စစ်ကြောင်းများနှင့် လက်နက်ကြီးပစ်ကူအပြင် လေကြောင်းမှ အပြင်းအထန် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ဒေသခံများအပါအဝင် ထိုနေရာတွင် ရောက်နေသူ ထောင်ပေါင်းများစွာ ထိုင်းနိုင်ငံဘက်ခြမ်းသို့ ထွက်ပြေးတိမ်းရှောင်ရသည်။
ရွေးကောက်ခံအမတ်များနှင့် စုဖွဲ့ထားသည့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH)၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တို့ကို စစ်ကောင်စီက အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသလို ထိုအဖွဲ့ကလည်း စစ်ကောင်စီသည် ပြည်သူအများအပြား ဖမ်းဆီး၊ သတ်ဖြတ်ခံရမှုတွင် တာဝန်ရှိသော အကြမ်းဖက်အဖွဲ့ဖြစ်သည်ဟု ပြန်လည်တုံ့ပြန်ထားသည်။
နိုင်ငံတကာဖိအားများ ဆက်လက်မြင့်တက်နေသည့်ပြင် ဒေသခံ PDF များအပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တချို့နှင့်ပါ အပြင်းအထန်တိုက်ပွဲများ ရင်ဆိုင်နေရချိန် စစ်ကောင်စီက ငြိမ်းချမ်းရေး ထပ်မံကမ်းလှမ်းခြင်း ဖြစ်သည်။
အာဏာသိမ်းပြီးနောက် ရန်ကုန်၊ နေပြည်တော် အပါအဝင် ဒေသအများအပြားတွင် PDF ကို စစ်မျက်နှာဖွင့်ထားသည့် စစ်ကောင်စီသည် NCA တွင် လက်မှတ်ထိုးထားသောအဖွဲ့ ထက်ဝက်ခန့်နှင့်လည်း တိုက်ခိုက်နေရသည်။ နေရာအများအပြားတွင် ပြည်သူတို့ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံနေရပြီး ထိုအမှုများနှင့် ပတ်သက်ပြီး စစ်ကောင်စီက အခြားလက်နက်ကိုင်အဖွဲ့များကို အပြစ်ပုံချထားသည်။
စစ်ကောင်စီ၏ ငြိမ်းချမ်းရေးကမ်းလှမ်းချက်မှာ သံသယဖြစ်ဖွယ်ရာရှိနေသည်ဟု NCA တွင် လက်မှတ်မထိုးရသေးသည့် အဖွဲ့တစ်ဖွဲ့ဖြစ်သည့် ရက္ခိုင့်တပ်တော် (AA) ပြောခွင့်ရ ခိုင်သုခက ယနေ့ (ဇန်နဝါရီ ၇) တွင် Myanmar Now ကို ပြောသည်။
“တည်ငြိမ်နေတဲ့ ရခိုင်ဒေသကို လာပြီးတော့ ထိုးစစ်ဆင်နေတာကတော့ တော်တော်လေး သံသယဖြစ်စရာ ရှိတာပေါ့။ တစ်ဖက်မှာ ငြိမ်းချမ်းရေးစကားပြောနေပြီးတော့ တစ်ဖက်မှာ ထိုးစစ်ဆင်နေတာကတော့ နှစ်ဖက် ယုံကြည်မှု တည်ဆောက်တဲ့နေရာမှာ အနှောင့်အယှက် အတားအဆီးတွေ ဖြစ်တယ်” ဟု ၎င်းက ပြောသည်။
စစ်တပ်နှင့် AA လက်နက်ကိုင်အဖွဲ့ကြား ၂၀၂၀ ရွေးကောက်ပွဲမတိုင်မီကတည်းက တိုက်ပွဲများ ရပ်တန့်နေရာမှ ယခုလဆန်းပိုင်းမှစ၍ ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောဒေသတွင် တိုက်ပွဲပြန်ဖြစ်လာသည်။
စစ်ကောင်စီ၏ ငြိမ်းချမ်းရေးဆွေးနွေးရန် ဖိတ်ခေါ်ချက်နှင့် ပတ်သက်၍ မဟာမိတ်ဖြစ်သော ကိုးကန့်လက်နက်ကိုင်အဖွဲ့ (MNDAA)၊ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) တို့နှင့် မဆွေးနွေးရသေးကြောင်း ခိုင်သုခက ဆိုသည်။
စစ်ကောင်စီကြေညာချက်မှာ ရုပ်ပြသာဖြစ်ပြီး၊ မည်သူကမျှ အယုံအကြည်မရှိကြောင်း မြန်မာ့နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ပြောသည်။
“မီးစတစ်ဖက် ရေမှုတ်တစ်ဖက်ပေါ့။ ဘယ်သူကမှ အဲဒါကို အသိအမှတ်မပြုပါဘူး၊ မယုံကြည်ပါဘူး၊ အဲဒီလိုလုပ်ပြရုံနဲ့ နိုင်ငံတကာကလည်း ဘယ်တိုင်းပြည် ဘယ်အင်အားစုကမှ အသိအမှတ်မပြုဘူး။ ရုပ်ပြသာဖြစ်ပြီး အနှစ်သာရ ဘာမှမရှိဘူး” ဟုလည်း ၎င်းက ဝေဖန်သည်။
ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီ တွဲဖက်အတွင်းရေးမှူးဖြစ်သူ စိုင်းကျော်ညွန့်ကမူ စစ်ကောင်စီအနေဖြင့် ယခုထက် ပိုမိုတိကျသည့် ကတိကဝတ်များဖြင့် အာမခံချက်ပေးကာ ဖိတ်ခေါ် ဆွေးနွေးသင့်ကြောင်း ထောက်ပြသည်။
“ဒီထက်ပိုပြီးတော့ အာမခံချက်ပေးဖို့လိုတယ်၊ စစ်တပ်က နိုင်ငံရေးကနေ ဘယ်အချိန်မှာ နောက်ဆုတ်မယ် အဲဒီအစီအစဉ်ကို အရင်ဆုံးပြောရမယ်၊ ဒီနိုင်ငံကိုတော့ ဘယ်လိုတည်ဆောက်မယ်၊ တိကျခိုင်မာတဲ့ အချက်အလက်တွေမပါဘဲနဲ့တော့ ဆွေးနွေးမှုက အောင်မြင်မှာ မဟုတ်ဘူး” ဟု စိုင်းကျော်ညွန့်က ပြောသည်။
အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသည့် အဖွဲ့အစည်းများမှအပ ဟူသော စစ်ကောင်စီ၏ ငြိမ်းချမ်းရေးကမ်းလှမ်းချက်မှာ မြောက်ပိုင်းအခြေစိုက် အင်အားကြီးတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဖြစ်သော ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ၏ မူဝါဒနှင့် ဆန့်ကျင်ဘက်ဖြစ်နေသည်။
အကြောင်းမှာ KIA ၏ နိုင်ငံရေးအဖွဲ့အစည်းဖြစ်သော KIO ဥက္ကဋ္ဌ အင်ဘန်လက ယခုရက်ပိုင်းအတွင်း ကျင်းပသည့် ကချင့်တော်လှန်ရေးနေ့ မိန့်ခွန်းတွင် အာဏာရှင်စနစ်ကို တိုက်ခိုက်ချေမှုန်းနေသည့် အဖွဲ့အစည်းအားလုံး NUG နှင့် လက်တွဲလုပ်ဆောင်သင့်သည်ဟု ပြောကြားခဲ့သောကြောင့် ဖြစ်သည်။
‘ထာဝရ ငြိမ်းချမ်းရေး’ ဆိုသော စကားရပ်ကို ပါးစပ်ကမချ ပြောဆိုနေသော အာဏာသိမ်းစစ်ခေါင်းဆောင် က ၇၅ နှစ်မြောက် ရှမ်းပြည်နယ်နေ့သို့ သဝဏ်လွှာပေးပို့ရာတွင် တိုင်းပြည် ဆင်းရဲတွင်းနက်နေပြီး ပါတီစွဲ ပုဂ္ဂိုလ်စွဲများနှင့် လွဲမှားစွာ ဆောင်ရွက်နေကြကြောင်း စောင်းမြောင်းပြောဆိုထားသည်။
KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးကမူ စစ်အာဏာရှင်စနစ် လုံးဝဖျက်သိမ်းရမည်ဖြစ်ကာ နိုင်ငံရေးမှ စစ်တပ်စွန့်ခွာရမည်ဟု ခိုင်ခိုင်မာမာ ဆိုသည်။
“ကျွန်တော်တို့ လမ်းကြောင်းကတော့ ရှင်းတယ်၊ စစ်အာဏာရှင်စနစ်ကို လုံးဝဖျက်သိမ်းရမယ်။ သူတို့ အပျက်မခံလည်း ပျက်အောင်လုပ်ရမှာပဲ။ စစ်တပ်ဟာ နိုင်ငံရေးစွန့်ခွာပြီးတော့ စစ်တပ်အလုပ် စစ်တပ်ပြန်လုပ်” ဟု KNU မှ ပဒိုစောတောနီးက ပြောလိုက်သည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)