သတင်း

မောင်တောမြို့နယ် သုံးနေရာတွင် စစ်ကောင်စီနှင့် AA တိုက်ပွဲဖြစ် 

ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောမြို့နယ်တွင် ယနေ့ (ဖေဖော်ဝါရီ ၆) မွန်းလွဲပိုင်းမှစ၍ စစ်တပ်နှင့် ရက္ခိုင့်တပ်တော် (AA) တို့  သုံးနေရာတွင် တိုက်ပွဲအပြင်းအထန်ဖြစ်ကာ ဒေသခံများ ပိတ်မိနေကြောင်း သိရသည်။ 

မောင်တောမြို့နှင့် တောင်ပြိုမြို့နယ်ခွဲကို ဆက်သွယ်ထားသည့် ကားလမ်းအနီးရှိ အတွင်းသင်္ဘောလကျေးရွာအရှေ့ဘက်၊ အပြင်သင်္ဘောလကျေးရွာနှင့် မီးတိုက်ကျေးရွာကြား၊ မီးတိုက်ကျေးရွာအရှေ့ဘက် လက်ပံတောင်ကြောပေါ် စသည့် သုံးနေရာတွင် တစ်ပြိုင်နက် တိုက်ပွဲဖြစ်သည်ဟု ဒေသခံအချို့ထံမှ သိရသည်။​

“ဒီနေ့ဖြစ်တာက နေရာသုံးခုမှာ တစ်ပြိုင်တည်းဖြစ်နေတာလို့ ကြားရတယ်။ ညနေပိုင်း ၅ နာရီလောက်မှာတော့ အတွင်းသင်္ဘောလရွာအရှေ့ဘက် တစ်မိုင်လောက်မှာဖြစ်တဲ့တိုက်ပွဲနဲ့ သင်္ဘောလနဲ့ မီးတိုက်ကြားမှာဖြစ်တဲ့ တိုက်ပွဲက ရပ်သွားပြီးတော့ မီးတိုက်ကျေးရွာအရှေ့ဘက်တောင်တန်းမှာဖြစ်တာကတော့ မရပ်သေးဘူး။ အသံကြားနေရတုန်း” ဟု ဒေသခံကျေးရွာသားတစ်ဦးက ပြောသည်။​

နှစ်ဖက်တပ်များသည် လက်နက်ကြီးလက်နက်ငယ်များဖြင့် ပစ်ခတ်နေကြောင်း မျက်မြင်တွေ့ရှိသူများကို ကိုးကား၍ အခြားဒေသခံတစ်ဦးကလည်း ပြောသည်။ 

“ပစ်နေကြတာကို လှမ်းကြည့်လို့ မြင်နေရတယ်လို့ အဲဒီဘက်ကို လူတွေက ပြောတယ်။ သိပ်မဝေးပါဘူး။ တစ်မိုင်လောက်ပဲ ဝေးမယ်။ မီးတိုက်ဘက်မှာဖြစ်နေတဲ့ တိုက်ပွဲဆိုရင် ညနေပိုင်းအထိ မရပ်သေးဘူး။ သင်္ဘောလဘက်မှာ ဖြစ်တဲ့ပွဲက ရပ်သွားပြီလို့ ပြောကြတယ်” ဟု ၎င်းက ပြောသည်။ 

တိုက်ပွဲအပြင်းအထန် ဖြစ်ပွားရာအနီးရှိ ဒေသခံများမှာ စစ်ကောင်စီတပ်၏ ပိတ်ဆို့ထားမှုကြောင့် ယနေ့ညနေပိုင်းအထိ တိမ်းရှောင်ခွင့်မရသေးကြောင်း သိရသည်။

ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ယနေ့ သုံးနေရာ၌ တိုက်ပွဲဖြစ်နေခြင်းနှင့် ပတ်သက်၍ AA ပြောခွင့်ရ ခိုင်သုခကို ဆက်သွယ်မေးမြန်းနေဆဲဖြစ်သည်။

၂၀၂၀ ရွေးကောက်ပွဲ မကျင်းပမီကတည်းက စစ်ကောင်စီနှင့် AA ကြား တိုက်ပွဲများရပ်တန့်နေရာမှ အာဏာသိမ်းပြီးတစ်နှစ်အကြာတွင် စတင်ဖြစ်ပွားလာသည်။

ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၄ ရက်နေ့က စစ်ကောင်စီနှင့် စတင်တိုက်ပွဲဖြစ်ပွားရာ AA တပ်ဖွဲ့ဝင်တစ်ဦး သေဆုံးခဲ့ပြီး စစ်ကောင်စီအပေါ် လိုအပ်လျှင်လိုအပ်သလို တုံ့ပြန်မည်ဟု AA ပြောခွင့်ရ ခိုင်သုခက ယမန်နေ့တွင် ထုတ်ဖော်ပြောကြားသည်။

မောင်တောမြောက်ပိုင်း ကြိမ်ချောင်းမြို့နယ်ခွဲနှင့် တောင်ပြိုမြို့နယ်ခွဲဘက်သို့ ဆက်သွယ်ထားသည့် ကားလမ်းမကြီးပေါ်ရှိ စစ်ဆေးရေးဂိတ်များတွင် နယ်ခြားစောင့်ရဲဝန်ထမ်းများက လက်ပစ်ဗုံးများကို လက်မှာ အသင့်အနေအထားဖြင့် ကိုင်ထားသည်ကို တွေ့မြင်ခဲ့ရသည်ဟု တောင်ပြိုဘက်မှ ဒေသခံ ခရီးသွားသူတစ်ဦးက ပြောသည်။

“လမ်းက စစ်ဆေးရေးဂိတ်ရှိတယ်။ အဲဒီဂိတ်တွေမှာ နယ်ခြားစောင့်ရဲတွေ ကိုယ်ပေါ်တွေမှာ လက်ပစ်ဗုံးတွေ အများကြီးချိတ်ထားတယ်။ လက်တွေမှာလည်း အသင့်ကိုင်ထားတာ တွေ့ပါတယ်။ အခြေအနေက တော်တော်ဆိုးနေပါပြီ” ဟု ထိုအမျိုးသားက ဆိုသည်။ 

လတ်တလောတွင် မောင်တောမြို့နယ်မြောက်ပိုင်းသို့ ပြေးဆွဲနေသည့် လိုင်းကားများကိုလည်း ကြိမ်ချောင်းအထိသာ သွားလာခွင့်ပြုထားပြီး ကြိမ်ချောင်းမှနေ၍  ဆက်သွားလာခွင့်ကို စစ်ကောင်စီက ယခုရက်ပိုင်း တစ်လပိတ်လိုက်ပြီ ဖြစ်ကြောင်း မောင်တောမြို့သို့ လစာထုတ်ရန်လာသည့် ဌာနဆိုင်ရာဝန်ထမ်းများထံမှ သိရသည်။

“ကြိမ်ချောင်းအထက်ပိုင်းကို ပြေးဆွဲနေတဲ့ ယာဉ်လိုင်းတွေကို တစ်လပိတ်လိုက်တဲ့အတွက် အထက်ပိုင်းက မောင်တောမြို့ကို လစာထုတ်ဖို့ လာကြတဲ့ ဝန်ထမ်းတွေက တာဝန်ကျရာကို ပြန်ဖို့ ခက်နေကြပါပြီ။ ကိုယ်ပိုင်ကားနဲ့ သွားတဲ့လူတွေကိုလည်း အစစ်အဆေးတွေ အရမ်းကြမ်းနေပါတယ်” ဟု ပညာရေးဝန်ထမ်းတစ်ဦးက ပြောသည်။

အလားတူ ဘူးသီးတောင်မြို့နယ်တွင် စစ်တပ်က အင်အားရာနှင့်ချီ တိုးချထားပြီး ယနေ့ (ဖေဖော်ဝါရီ ၆) နံနက်က ဖုံညိုလိပ်ကျေးရွာအတွင်း ဝင်ရောက်ကာ ကျေးရွာသားအချို့ကို စစ်ဆေးမှုပြုလုပ်ခဲ့ပြီး ရွာသားတစ်ဦးကို ခေါ်ယူစစ်ဆေးခဲ့သည်ဟု ထိုရွာမှ အမျိုးသားတစ်ဦးက ဆိုသည်။

“ထိပ်ထူးပေါက် (ရွာ) ဘက်မှာ တပ်စွဲထားတဲ့ စစ်သားတွေက ဖုံညိုလိပ်ကို ဒီမနက်က ဝင်ပြီး ရွာသားတစ်ယောက်ကို စစ်ဆေးဖို့ ခေါ်သွားတယ်။ အခု သူ့ကို ပြန်လွှတ်လိုက်ပါပြီ။ ဒါပေမဲ့ ဘာအတွက်စစ်ဆေးတယ်။ ဘာတွေကို စစ်ဆေးတယ်ဆိုတာကို မသိရဘူး” ဟု ထိုရွာသားက ပြောသည်။

ယခုရက်ပိုင်းအတွင်း ရခိုင်ပြည်နယ်မြောက်ပိုင်းက မြို့နယ်များတွင် စစ်တပ်က အင်အားတိုးချပြီး စစ်ရေးလှုပ်ရှားမှုများကို ပြုလုပ်လာနေသလို ယခုလက်ရှိတိုက်ပွဲဖြစ်ပွားနေသည့် မောင်တောမြို့နယ်မြောက်ပိုင်းတွင် စစ်ဆေးမှုပိုမိုကြမ်းလာသည်ဟု ဒေသခံများက ပြောသည်။

AA ၏ ပြောခွင့်ရ ခိုင်သုခကလည်း စစ်ကောင်စီတပ်နှင့် တိုက်ပွဲဖြစ်ပွားသည်မှာ ဟုတ်မှန်ကြောင်း ဖေဖော်ဝါရီ ၆ ညပိုင်း၌ အတည်ပြုသည်။

“ဖေဖော်ဝါရီ ၆ မွန်းလွဲ ၃ နာရီကနေ ညနေ ၆ နာရီ ၁၅ မိနစ်အထိ ၃ နာရီကျော်ကြာ တိုက်ပွဲဆက်ဖြစ်နေတာ ရှိတယ်ဗျ။ တိုက်ပွဲဖြစ်တဲ့နေရာကတော့ မောင်တောမြို့နယ် မီးတိုက်ရွာရဲ့ အရှေ့မြောက်ဘက် ၃ ကီလိုမီတာခွဲ လက်ပံတောင်ကြောမှာ မြန်မာစစ်တပ်ဘက်က ထပ်ပြီးထိုးစစ်ဆင်လာတဲ့အတွက်ကြောင့်မို့လို့ တိုက်ပွဲက ဖြစ်နေတာ” ဟု ၎င်းက ပြောသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Related Articles

Back to top button