သတင်း

ဒီးမော့ဆိုတွင် လက်နက်ကြီး ပေါက်ကွဲမှုကြောင့် အရပ်သားများ ဒဏ်ရာရ

ယနေ့ (ဇန်နဝါရီ ၄) တွင် ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် ကျေးလက်ဒေသကို စစ်တပ်က လက်နက်ကြီးဖြင့် ၇ ချက်ကျော်ပစ်၍ အရပ်သားလေးဦး ဒဏ်ရာရသည်ဟု ပြည်သူ့ကာကွယ်ရေးတပ် – ဒီးမော့ဆို (DMO-PDF)က ထုတ်ပြန်သည်။

နံနက် ၁၁ နာရီခွဲတွင် စစ်တပ်၏ လက်နက်ကြီး ကျရောက်သဖြင့် ဆိုဘောသဲရွာရှိ လူနေအိမ်နှစ်လုံးနှင့် ခရစ်ယာန်ဘုရားကျောင်း ပျက်စီးသည်၊ ဒဏ်ရာရသူများအနက် အသက် ၁၆ နှစ်အရွယ် အမျိုးသားတစ်ဦး အသက်အန္တရာယ်စိုးရိမ်ရသည်ဟု ကယ်ဆယ်ရေးအဖွဲ့မှ စေတနာ့ဝန်ထမ်းလူငယ်တစ်ဦးက ပြောသည်။

“နှစ်ယောက်ကတော့ ပွန်းပဲ့ရုံပဲရှိတာပေါ့။ တစ်ယောက်ကတော့ ဒဏ်ရာပြင်းထန်တယ်။ ရင်ဘတ်ရယ်၊ လက်ရယ် ထိတယ်။ စိုးရိမ်ရတယ်” ဟု အမည်မဖော်လိုသူ ထိုလူငယ်က ပြောသည်။ 

ထိုသတင်းရင်းမြစ် သွားရောက်ကယ်ဆယ်သည့်နေရာမှမဟုတ်သည့် အခြားဒဏ်ရာရသူတစ်ဦး၏ အခြေအနေကိုမူ မသိရသေးပါ။

မွန်းလွဲ ၁ နာရီဝန်းကျင်တွင် ထိုရွာအနီးတစ်ဝိုက်၌ စစ်ရဟတ်ယာဉ်များ ပျံသန်းလျက်ရှိကြောင်း အထက်ပါလူငယ်က ဆက်ပြောသည်။

လောစီ၊ နောင်ပုလဲရွာများ၏ ထိခိုက်၊ ပျက်စီးမှုအခြေအနေ၊ ဒဏ်ရာရကြောင်းအတည်ပြုထားနိုင်သူတို့၏ အသေးစိတ်အချက်အလက်များကို မသိရသေးပေ။

ကရင်နီဒေသ ဒီးမော့ဆိုမြို့နယ် လောစီကျေးရွာ ခရစ်ယာန်ဘုရားကျောင်းအနီး ဖေဖော်ဝါရီ ၄ ရက်တွင် စစ်တပ်က ပစ်သည့် လက်နက်ကြီး ကျရောက်ပေါက်ကွဲပြီးနောက် အပျက်အစီးများကို တွေ့ရစဉ်။ ဓာတ်ပုံ − ခွန်လှဉာဏ် /Myanmar Now

စစ်တပ်က လက်နက်ကြီး ပစ်ခတ်ခဲ့သည့် နောင်ပုလဲကျေးရွာအုပ်စုတွင် တိုက်ပွဲမရှိဟု ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) နှင့် DMO-PDF တာဝန်ရှိသူတို့က ပြောသည်။

“လွိုင်ကော်အမြောက်တပ်ကနေ လှမ်းပစ်တာ။ စစ်ရှောင်တွေကို စစ်ကောင်စီက ဦးတည်ပစ်ခတ်နေတာ” ဟု KNDF ပြောခွင့်ရပုဂ္ဂိုလ်က ဆိုသည်။

နောင်ပုလဲကျေးရွာအုပ်စုတွင် စစ်ဘေးသင့်ပြည်သူ အများအပြားခိုလှုံနေပြီး လက်နက်ကြီးကြောင့် ပြည်သူများ ထပ်မံထွက်ပြေးခဲ့ရသည်ဟု DMO-PDF က သတင်းထုတ်ပြန်ထားသည်။

အထက်ပါဖြစ်စဉ်နှင့် ပတ်သက်၍ စစ်ကောင်စီထံ မေးမြန်းနိုင်ခြင်းမရှိသေးပါ။

Karenni Generation Z (KGZ) တာဝန်ရှိသူတစ်ဦး၏ အဆိုအရ ယနေ့ နံနက် ၉ နာရီခန့်တွင် နောင်ပုလဲကျေးရွာအုပ်စုနှင့် လေးမိုင်ခန့်အကွာ ဒီးမော့ဆိုမြို့ပေါ်ရှိ ပြည်အောင်ရတနာဆီဆိုင်တွင် တပ်စွဲထားသော စစ်တပ်နှင့် ၎င်းတို့အဖွဲ့ တိုက်ပွဲဖြစ်သည်ဟု သိရသည်။

“သူတို့ပစ်နေကျပါပဲ။ အခုကတော့ အသစ်ပေါ့။ နောင်ပုလဲကို ထပ်ပြီးတော့ တိုးပစ်တာပေါ့။ ခါတိုင်းဆိုရင် နန်းမယ်ခုံတို့၊ ဒေါငံခါးတို့၊ ကုန်းသာတို့ အဲလိုတိုက်ပွဲမဖြစ်တဲ့နေရာတွေကို ပစ်တယ်။ အခုက အနောက်ထိ တိုးပစ်တာပေါ့” ဟု ၎င်းက ပြောသည်။

တိုက်ပွဲမှာ ညနေအထိ ကြာမြင့်ခဲ့ပြီး စစ်ကောင်စီဘက်က သုံးယောက်ခန့် သေဆုံးသည်ဟု သိရကြောင်း၊ တိုက်ပွဲဖြစ်သည့်နေရာကိုလည်း စစ်တပ်ဘက်က လက်နက်ကြီးများ အဆက်မပြတ်ပစ်ခတ်ခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

ကရင်နီဒေသရှိ လွိုင်ကော်၊ ဒီးမော့ဆို၊ ဖရူဆို၊ ဖယ်ခုံမြို့နယ်တို့တွင် ၂၀၂၁ ခုနှစ် မေလမှစ၍ စစ်ကောင်စီနှင့် ဒေသကာကွယ်ရေးအဖွဲ့တို့အကြား တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေသည်။

ပြည်နယ်အတွင်း စစ်ကောင်စီ၏ အုပ်ချုပ်ရေးယန္တရား ၉၀ ရာခိုင်နှုန်းခန့် ရပ်တန့်သွားပြီဟု စစ်အာဏာသိမ်းမှု တစ်နှစ်ပြည့်သည့် ဖေဖော်ဝါရီ ၁ ရက်တွင် KNDF က ထုတ်ပြန်ထားသည်။

စစ်ကောင်စီက မြို့ပေါ်ရပ်ကွက်များတွင်သာ ထိန်းချုပ်ထားနိုင်သည်ဟု သိရသည်။

သို့သော် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ဖေဖော်ဝါရီ ၂ ရက်မှစ၍ ကရင်နီပြည်နယ်အတွင်းရှိ ဘောလခဲ၊ ဖားဆောင်း၊ ဖရူဆို၊ လွိုင်ကော်နှင့် ဖယ်ခုံသို့ လာရောက်ကာ တပ်မိသားစုဝင်များနှင့် တွေ့ဆုံသည်။

ငဲ့ညှာစွာထိန်းသိမ်းကိုင်တွယ်မှုကို အခွင့်ကောင်းယူ၍ နိုင်ငံရေးမပါသော အကြမ်းဖက်မှုသက်သက်ကို PDF များက လုပ်နေသည်ဟု လွိုင်ကော်တွင် ဖေဖော်ဝါရီ ၃ ရက်က ဘာသာရေးခေါင်းဆောင်များနှင့် တွေ့ဆုံစဉ် ၎င်းက ပြောခဲ့သည်။

သို့သော် ၂၀၂၁ ဒီဇင်ဘာ ၂၄ ရက်က ဖရူဆိုမြို့နယ် မိုဆိုကျေးရွာအနီး စစ်တပ်က ကျူးလွန်ခဲ့သည့် လူနှင့် ယာဉ်များ မီးပုံရှို့မှုနှင့် ပတ်သက်၍ အာဏာသိမ်းဒုခေါင်းဆောင်က ထုတ်ဖော်ပြောဆိုမှုမရှိပေ။ 

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button