
မလေးရှားနိုင်ငံ၊ မြို့တော် ကွာလာလမ်ပူရှိ မြန်မာသံရုံးရှေ့တွင် အာဏာသိမ်းစစ်ကောင်စီကို ဆန့်ကျင်ဆန္ဒပြအပြီး ဖမ်းဆီးခံလိုက်ရသည့် မြန်မာနိုင်ငံသား ၃၁ ဦး ပုဒ်မ ၃ ခုဖြင့် တရားစွဲခံထားရသည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် – NLD (မလေးရှား) ရုံးတာဝန်ခံထံမှ သိရသည်။
နံနက် ၁၁ နာရီဝန်းကျင်၌ မလေးရှားရဲတပ်ဖွဲ့က ၃၃ ဦးကို ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ထိုအထဲမှ ဆယ်နှစ်အောက် ၂ ဦးကို ညဘက်တွင် ပီဒူးရဲစခန်း (Pudu Police Station) က ပြန်လွှတ်ပေးခဲ့သည်။
ကျန် ၃၁ ဦးမှာမူ ခွင့်ပြုမိန့်မဲ့ ဆန္ဒပြမှု၊ ကိုဗစ်စည်းကမ်းမလိုက်နာမှု၊ တရားမဝင်နေထိုင်မှုတို့ဖြင့် အမှုဖွင့်ခံထားရသည်ဟု ယနေ့ နံနက်တွင် သိရကြောင်း NLD မလေးရှားနယ်မြေ ရုံးတာဝန်ခံ ကိုစိုးထက်သိန်းက ပြောသည်။
“လာမဲ့အပတ်မှာ တရားရုံးကို ပို့မယ်လို့ ကြားရတယ်” ဟု ၎င်းက ဆက်ပြောသည်။
အဖမ်းခံရသူများထဲတွင် အမျိုးသမီး ၆ ဦး၊ အမျိုးသား ၂၅ ဦးပါဝင်ပြီး ၎င်းတို့အနက် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး (UNHCR) က ထုတ်ပေးသည့် အထောက်အထားလက်မှတ် ကိုင်ဆောင်ထားသူများ ပါဝင်သလို၊ အထောက်အထားလက်မှတ် မရှိသူများလည်း ပါဝင်သည်ဟု ၎င်းထံမှ သိရသည်။
ဖမ်းဆီးခံရသူများမှာ ပီဒူးရဲစခန်း၌ပင် ချုပ်နှောင်ခံထားရဆဲဖြစ်ကြောင်း၊ တွေ့ဆုံခွင့်လည်း မရသေးသဖြင့် UNHCR လက်မှတ်ကိုင်ထားသူအရေအတွက် အပါအဝင် အသေးစိတ်ကို မသိရှိရသေးကြောင်း ကိုစိုးထက်သိန်းက ပြောသည်။
ယမန်နေ့ နံနက် မြန်မာသံရုံးရှေ့၌ ဆန္ဒထုတ်ဖော်ပြီးချိန် မလေးရှားရဲတပ်ဖွဲ့က ဆန္ဒပြသူများ စီးနင်းလာသည့် ဘတ်စကားကို ရဲစခန်းသို့ မောင်းခိုင်းကာ ဖမ်းဆီးထိန်းသိမ်းလိုက်ခြင်းဖြစ်သည်ဟု ကိုစိုးထက်သိန်းက ပြောသည်။
မလေးရှားရောက် မြန်မာပြည်သားတို့က စစ်တပ်အာဏာသိမ်းမှုတစ်နှစ်ပြည့် ဝမ်းနည်းဖွယ်အထိမ်းအမှတ်အဖြစ် ဆန္ဒပြရန်အတွက် ခွင့်ပြုချက် ကြိုတင်တောင်းခဲ့သည်ဟု ကိုစိုးထက်သိန်းက ပြောသည်။
“ပြီးခဲ့တဲ့ ၂၉ ရက်နေ့ကတည်းက ခွင့်ပြုမိန့်တင်ထားတာ။ မင်းတို့ခွင့်ပြုမိန့်က ဒီနေ့မနက်မှ ငါတို့လက်ထဲရောက်တာလို့ ပြောတယ်” ဟု ၎င်းက ဆိုသည်။
“ဆန္ဒပြဖို့ ခွင့်ပြုမိန့်တင်တဲ့အချိန်က ငါတို့ (မလေးရှားရဲ) ကိုတော့ မင်းတို့သံရုံးဝန်ထမ်းတွေက တောက်လျှောက် ဖိအားပေးနေတယ်။ မင်းတို့ဆန္ဒပြတာကို ဖြစ်နိုင်ရင် ပြန်စဉ်းစားစေချင်တယ်လို့ ပြောတယ်”
ခွင့်ပြုမိန့် သွားရောက် တောင်းယူစဉ်က ဆန္ဒပြမှုကို သဘောတူခဲ့သည်ဟု သူက ဆိုသည်။
“ကျွန်တော်တို့နိုင်ငံ အခက်အခဲလည်း ခင်ဗျားတို့တွေ့နေတာပဲ။ အခုက အာဏာသိမ်းတာ တစ်နှစ်ပြည့်ပြီ။ ဝမ်းနည်းဖွယ်အထိမ်းအမှတ်လို့ ပြောတော့ အဲဒါဆိုလည်း OK လို့ အဲဒီအချိန်က သူတို့ ပြောတယ်” ဟု ကိုစိုးထက်သိန်းက ပြန်ပြောပြသည်။
မလေးရှားရှိ မြန်မာသံရုံးအနီး ယမန်နှစ် ဒီဇင်ဘာ ၁၀ နှင့် ယခုနှစ် ဇန်နဝါရီ ၄ တို့တွင်လည်း စစ်ကောင်စီကို ဆန့်ကျင်ကြောင်း ဆန္ဒပြခဲ့ကြသော်လည်း ဖမ်းဆီးခံရမှု တစ်စုံတစ်ရာမရှိခဲ့ကြောင်း မလေးရှားရောက်မြန်မာများထံမှ သိရသည်။
သံရုံးရှေ့ ဆန္ဒပြသူတို့ကို ဖမ်းဆီးခြင်းနှင့် ပတ်သက်၍ မလေးရှားရဲတပ်ဖွဲ့ထံမှ ထုတ်ပြန်မှု မတွေ့ရသေးပေ။
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂ ကလည်း တောင်ကိုရီးယားနိုင်ငံ၊ ဘူဖျောင်းမြို့တွင် မြန်မာနိုင်ငံ စစ်အာဏာသိမ်းမှုတစ်နှစ်ပြည့်အဖြစ် လူအများအပြားဖြင့် ဆန္ဒပြခဲ့ကြသည်ဟု UGRS မှ အဖွဲ့ဝင် Yadka Paing က ပြောသည်။
“ဒီမှာတော့ အဆင်ပြေတယ်ဗျ။ ကိုရီးယားရဲတွေက လုံခြုံရေးယူပေးကြတယ်။ ခွင့်ပြုချက် ကြိုတင်ရပါတယ်။ ဆန္ဒပြပွဲရဲ့ ခေါင်းစဉ်၊ ပါဝင်မည့် လူဦးရေ၊ ကျင်းပမည့်အချိန်၊ ဆန္ဒပြမဲ့နေရာတွေကို ပွဲပြုလုပ်မဲ့ ရက်မတိုင်ခင် တစ်ပတ်အလိုမှာ ခွင့်ပြုမိန့်တင်ရပါတယ်ဗျ” ဟု ဆန္ဒပြရာတွင် ပါဝင်ခဲ့သည့် ၎င်းက Myanmar Now ကို ပြောသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)