သတင်း

ခြေဥပြင်ရေးလွှတ်တော်ကော်မတီဝင်စာရင်း ထွက်ပေါ်

“၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ပူးပေါင်းကော်မတီ” တွင် ပါဝင်လာနိုင်ဖွယ်ရှိသည့် လူစာရင်းကို ယနေ့နံနက်ပိုင်း ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ဖြန့်ဝေခဲ့ကြောင်း နေပြည်တော်ရောက် လွှတ်တော် ကိုယ်စားလှယ်များထံမှ သတင်းရရှိသည်။

အခြေခံဥပဒေ ပြင်ဆင်ရန် ကော်မတီတစ်ခုဖွဲ့ရေးအတွက် ပြည်ထောင်စုလွှတ်တော်တွင် လဆန်းပိုင်းက   မဲခွဲအတည်ပြုပြီးနောက် ဤစာရင်းထွက်လာခြင်းဖြစ်သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) မှ ၂၀၊ တပ်မတော်သား ၈ ဦး၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ၂ ဦး၊ တစ်သီးပုဂ္ဂလ ၁ ဦး၊ အခြားပါတီ ၁၄ ခုမှ  ကိုယ်စားလှယ် ၁ ဦးစီ ပါဝင်မည့် ယင်းကော်မတီ၏ ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ နေရာများအတွက် ပြည်ထောင်စုလွှတ်တော် ဒုတိယ နာယက ဦးထွန်းထွန်းဟိန်၊ အမျိုးသားလွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဦးအေးသာအောင်တို့ကို လျာထားကြောင်း လွှတ်တော်အမတ်များကို ဝေငှသည့် စာရင်းတွင် ရေးသားထားသည်။

NLD ၏ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမြတ်ဉာဏစိုးက အတွင်းရေးမှူး၊  လူသိများသည့် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်ဘဝမှ လွှတ်တော်အတွင်း ရောက်သွားသည့် ဦးဌေးဝင်းအောင် ခေါ် ဦးပြုံးချိုက  တွဲဖက် အတွင်းရေးမှူးအဖြစ် တာဝန်ယူရန်  လျာထားသည်။

တပ်မတော်သား ကိုယ်စားလှယ် ဗိုလ်ချုပ်သန်းစိုးက ပြည်ထောင်စုလွှတ်တော်တွင် တပ်မတော်က နေရာ၂၅ ရာခိုင်နှုန်း ရရှိသော်လည်း ပူးပေါင်း ကော်မတီတွင် ရရှိမည့် ၈ နေရာမှာ ၁၇ ရာခိုင်နှုန်းခန့်သာ ဖြစ်သည့်အတွက် မျှတမှု မရှိဟု ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ကျင်းပသည့် ဖွဲ့စည်းပုံ ပြင်ဆင်ရေးပူးပေါင်းကော်မတီ ဒုတိယအကြိမ် ညှိနှိုင်းအစည်းအဝေးတွင် ဝေဖန်ခဲ့သည်။

ကော်မတီလူစာရင်း ခွဲဝေမှုသည် လွှတ်တော်တွင်း မဲအနိုင်ရသည့် ရာခိုင်နှုန်းကို အခြေခံပြီး  ဖွဲ့စည်းရန် စီစဉ်နေခြင်းဖြစ်ကြောင်း၊ ၄၅ ဦးပါ လူစာရင်းတွင် တပ်ဘက်က တောင်းဆိုသည့် ၂၅ ရာခိုင်နှုန်းကို လိုက်လျောရန် မဖြစ်နိုင်ကြောင်း ကော်မတီဖွဲ့စည်းရေး စတင် အဆိုတင်သွင်းခဲ့သူ ဦးအောင်ကြည်ညွန့်က ပြောသည်။

ပူးပေါင်းကော်မတီ၏ အဖွဲ့ဝင် အဖြစ် လျာထားခံရသည့် မအူပင်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်အမတ် ဦးစိန်ဝင်းက ပူးပေါင်းကော်မတီတွင် တိုင်းရင်းသားပါတီများမှ ကိုယ်စားလှယ်တစ်ဦးစီ ပါဝင်ခွင့်ရခဲ့ကြောင်း ပြောသည်။  ဦးစိန်ဝင်းသည် ၎င်းတည်ထောင်ခဲ့သည့် အမျိုးသားညီညွတ်သော ဒီမိုကရက်တစ်ပါတီ ကိုယ်စားပြု  ရွေးချယ်ခံခဲ့ရခြင်းဖြစ်သည်ဟု သိရသည်။ ပါတီသစ် မတည်ထောင်ခင်က ၎င်းသည် NLD ပါတီကို ကိုယ်စားပြုသူ ဖြစ်သည်။

တပ်မတော်က အမျိုးသား နိုင်ငံရေးတွင် ဦးဆောင်မှု အခန်းကဏ္ဍမှ ပါဝင်ခြင်း၊ ဝန်ကြီးချုပ်များကို ပြည်နယ်၊တိုင်း လွှတ်တော်တို့က တိုက်ရိုက် ရွေးကောက် တင်မြှောက်ခြင်း စသည့် အချက်များကို ထိုပူးပေါင်း ကော်မတီတွင် ဆွေးနွေးရန် ဆန္ဒရှိသည်ဟု  ဦးစိန်ဝင်းက Myanmar Now ကို ပြောသည်။

ကော်မတီ၏ သက်တမ်းကို ကာလ တိတိကျကျ သတ်မှတ်ထားခြင်း မရှိပေ။ ကော်မတီက တင်သွင်းမည့်အစီရင်ခံစာကို အမတ်များက ဆွေးနွေးခြင်း၊ လွှတ်တော်၏ ဆုံးဖြတ်ချက်ယူခြင်း၊  အခြေခံဥပဒေပြင်ဆင်သည့် ဥပဒေကြမ်းတစ်ရပ်ရေး ဆွဲခြင်း စသည့် လုပ်ငန်းစဉ်များအပြီး ထိုဥပဒေကြမ်းကို ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းနိုင်ရး စီစဉ်ဆောင်ရွက်ပြီးချိန်အထိ ကော်မတီက သက်တမ်းရှိမည်ဟု ဆိုသည်။ 

ဇန်နဝါရီ ၂၉ တွင် NLD ၏ မကွေးတိုင်း အမျိုးသားလွှတ်တော်အမတ် ဦးအောင်ကြည်ညွန့်က အခြေခံဥပဒေ ပြင်ဆင်ရေး လုပ်ငန်းများကို ဆောလျင်စွာ ဆောင်ရွက်နိုင်ရေးအတွက် ကော်မတီ ဖွဲ့စည်းရန် ပြည်ထောင်စု လွှတ်တော်သို့ တိုက်တွန်းကြောင်း အရေးကြီး အဆိုကို တင်သွင်းခဲ့ခြင်း ဖြစ်သည်။

ယင်းအဆိုကို လွှတ်တော်တွင်း ဆွေးနွေးချိန်တွင် ပူးပေါင်းကော်မတီဖွဲ့ရန်ကြိုးစားခြင်းသည် ဥပဒေကို ကျော်လွန်ပြီး လုပ်ဆောင်နေသည်ဟု ဆိုကာ တပ်မတော်သားကိုယ်စားလှယ် ဗိုလ်မှူးချုပ်မောင်မောင်က ကန့်ကွက်ခဲ့သည်။ ပြည်ထောင်စုလွှတ်တော်နာယက ဖြစ်သူက ကန့်ကွက်မှုကို လက်မခံကြောင်း ပြောကြားချိန်တွင် တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်များက မိနစ်အတန်ကြာ မတ်တတ်ရပ်ပြီး ဆန္ဒပြခဲ့ကြသည်။

Show More

Related Articles

Back to top button