သတင်း

ငွေမရှိ၍ မျက်နှာငယ်ရသည်ဟု အာဏာသိမ်းခေါင်းဆောင် ညည်းတွား

အာဏာသိမ်းပြီးနောက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ထွက်ခွာသွားချိန်နှင့် တိုက်ဆိုင်စွာပင် “ပိုက်ဆံမရှိတော့ မျက်နှာငယ်ရတယ်” ဟု အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က သူခန့်ထားသည့် ဝန်ကြီးများရှေ့တွင် ညည်းတွားပြောဆိုသည်။

“စီးပွားရေးမကောင်းရင် ပိုက်ဆံမရှိတော့ မျက်နှာငယ်ရတယ်” ဟု သူက ဖေဖော်ဝါရီ ၂ ရက်နေ့ အစည်းအဝေးတွင် ပြောလိုက်ခြင်းဖြစ်သည်။

လူ့အခွင့်အရေးချိုးဖောက်ခြင်းကြောင့် အနောက်နိုင်ငံများ၏ စီးပွားရေးပိတ်ဆို့မှုများ စစ်ကောင်စီ အလူးအလဲခံနေရကာ နိုင်ငံတွင်း မတည်ငြိမ်မှုများကြောင့်လည်း တိုင်းပြည်အတွင်း ရင်းနှီးမြှုပ်နှံမှုများ တဖြည်းဖြည်း ယုတ်လျော့ကျဆင်းလျက်ရှိကာ ဝင်ငွေမဲ့လာသည်။

ဆွီဒင်နိုင်ငံအခြေစိုက် H&M, စပိန်နိုင်ငံအခြေစိုက် Inditex နှင့် ဗြိတိန်နိုင်ငံအခြေစိုက် Primark စသည့် ကမ္ဘာကျော် အဝတ်အထည်ထုတ်လုပ်သည့် ကုမ္ပဏီများအပါအဝင် ကုမ္ပဏီပေါင်း ၂၀ ကျော်သည်လည်း စစ်ကောင်စီအုပ်ချုပ်သည့် နိုင်ငံအတွင်း လုပ်ငန်းများ ဆက်လက်မလည်ပတ်တော့ဘဲ ဆောလျင်စွာ ထွက်ခွာသွားကြသည်။

ထို့ပြင် ဆက်သွယ်ရေး၊ ဟိုတယ်နှင့်ခရီးသွား၊ ကားထုတ်လုပ်ရေး အစရှိသည့် နိုင်ငံပေါင်းစုံမှ လုပ်ငန်းပေါင်းစုံသည်လည်း ရပ်နား၊ ထွက်ခွာ၊ ပိတ်သိမ်းသွားခဲ့ကြသည်။

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွင်လည်း ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် (သြဂုတ်အထိ)နှင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် (သြဂုတ်အထိ) နှိုင်းယှဉ်ကြည့်ရာတွင် အမေရိကန်ဒေါ်လာ ၁ ဒသမ ၂ ဘီလျံကျော် ကျဆင်းသွားကြောင်း မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျု (ISP-Myanmar) ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အလားတူ ကုန်သွယ်မှုတွင်လည်း ဒေသတွင်း ရင်းနှီးမြှုပ်နှံမှု အများဆုံးဖြစ်ခဲ့သည့် တရုတ်နိုင်ငံကုန်သွယ်မှု ၁၃ ဆ နီးပါး ကျဆင်းသွားခဲ့သည်။ အာဏာသိမ်းပြီးနောက် “မြန်မာနိုင်ငံရဲ့ ပြည်ပပို့ကုန်ဟာ ၂၀၂၁ ခုနှစ် ဇူလိုင်လမှာ အရင်ဘဏ္ဍာနှစ်နဲ့ ကာလတူ နှိုင်းယှဉ်ရင် အမေရိကန်ဒေါ်လာ ၂ ဒသမ ၃ ဘီလျံကျော် ကျဆင်းသွားပါတယ်” ဟုလည်း (ISP-Myanmar) ဆိုသည်။

အာဏာသိမ်းခြင်းကြောင့် မတည်မငြိမ်ဖြစ်နေသော နိုင်ငံသည် ၂၀၂၂ ခုနှစ်အတွင်း စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု မရှိသလောက်ဖြစ်နေမည်ဟု နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ (IMF) က ခန့်မှန်းထားပြီး အဆိုပါ ခန့်မှန်းချက်သည် ဒေသတွင်း အာဆီယံနိုင်ငံများနှင့် နှိုင်းယှဉ်ပါက အောက်ဆုံးအဆင့်ထိ ထိုးကျသွားခြင်းဖြစ်သည်ကို တွေ့ရသည်။

ထိုအခြေအနေများကြောင့် အာဏာသိမ်း စစ်ခေါင်းဆောင်က “ဒါကို ကျွန်တော်တို့က ဒီနှစ်မှာ တတ်နိုင်သလောက် ဆွဲတင်ပြီးတော့ ဆောင်ရွက်သွားဖို့ဖြစ်ပါတယ်” ဟု သူ့ဝန်ကြီးများကို ညွှန်ကြားသည်။

အသက် ၆၆ နှစ်ရှိပြီဖြစ်သည့်၊ ဒေသအသီးသီးသို့ အဆက်မပြတ်သွားရောက်ပြီး မိန့်ခွန်းများပြောဆိုနေသည့်၊ မြန်မာနိုင်ငံ၏ အချမ်းသာဆုံးဖြစ်လာနိုင်သူဟု အများက ကျယ်ကျယ်ပြန့်ပြန့် လက်ခံနေကြသည့် အာဏာသိမ်း စစ်ခေါင်းဆောင်က သူ၏ ဝန်ကြီးများကို ရေရှည်တွင် ကြွေးမြီပြဿနာ ကြီးထွားလာနိုင်ပြီး နိုင်ငံခြားငွေကို မဖြစ်မနေမှသာ သုံးစွဲရန်နှင့် ခြိုးခြံကြရန် တိုက်တွန်းခဲ့သေးသည်။

နိုင်ငံတွင်း မတည်ငြိမ်မှု၊ စီးပွားရေးပိတ်ဆို့မှု စသည့် ပြဿနာများရင်ဆိုင်နေရသည့် စစ်ခေါင်းဆောင်သည် သံတမန်ရေးအရလည်း ထိုးနှက်မှုများ ရင်ဆိုင်နေရသည်။ 

အာဏာသိမ်းဗိုလ်ချုပ်များ၊ လုပ်ဖော်ကိုင်ဖက်များကို အနောက်နိုင်ငံတို့က အသိအမှတ်မပြုရုံမက ဒေသတွင်းနိုင်ငံများကလည်း ချောင်ထိုးထားသည်ကို တွေ့ရသည်။

ဘရူနိုင်းနိုင်ငံတွင် အောက်တိုဘာလအတွင်း ဦးဆောင်ကျင်းပသည့် အာဆီယံထိပ်သီးညီလာခံကို စစ်ခေါင်းဆောင် တက်ခွင့်မရရှိခဲ့ပေ။ ထို့အတူ ယခုလအတွင်း ဖနွမ်းပင်တွင် ကျင်းပမည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးသို့လည်း စစ်ခေါင်းဆောင် ခန့်အပ်ထားသော နိုင်ငံခြားရေးဝန်ကြီးကို မဖိတ်ဘဲ ကန့်သတ်ထားမည်ဖြစ်ကြောင်း ကမ္ဘောဒီးယားနိုင်ငံခြားရေး ပြောခွင့်ရက ဆိုသည်။

အကြမ်းဖက်မှုတွေရပ်ရန်၊ ငြိမ်းချမ်းစွာအဖြေရှာရန်၊ သက်ဆိုင်သူအားလုံးနှင့် အာဆီယံအထူးကိုယ်စားလှယ်တွေ့ဆုံနိုင်ရန် စသည့် အာဆီယံဘုံသဘောတူညီချက်ကို လွန်ခဲ့သော ဧပြီလကတည်းက ချမှတ်ခဲ့သော်လည်း “တိုးတက်မှု နည်းနည်းလေးပဲရှိတယ်” ဟု ကမ္ဘောဒီးယားနိုင်ငံခြားရေး ပြောခွင့်ရ Chum Sounry က VOA ခမာဘာသာဌာနကို ပြောသည်။

ဒီမိုကရေစီနှင့် လွတ်လပ်ခွင့်အတွက် မြန်မာပြည်သူများကိုသာ အသိအမှတ်ပြုပြီး အာဏာရှင်အစိုးရကို ဖယ်ကြဉ်ထားသင့်ကြောင်း ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးမင်းကိုနိုင်က နိုင်ငံတကာကို တိုက်တွန်းသည်။

“တကယ်ကြည့်ရမှာက ပြည်သူလူထုကြီးရဲ့ စည်းလုံးမှု၊ တရားမျှတမှုဘက်ရွေးချယ်ပြီး ဇွဲသတ္တိနဲ့ တွန်းလှန်နိုင်စွမ်း ဒါကို အရင်ဆုံးအသိအမှတ်ပြုရမှာ။ ဒါကြောင့် အာဏာလုစစ်အုပ်စုကို အရောတဝင် ရှင်သန်ခွင့်မပေးဖို့ အစကတည်းက သတိပေးခဲ့ပြီးသား” ဟု ဦးမင်းကိုနိုင်က ဆိုသည်။

လွန်ခဲ့သောနှစ် ဧပြီလကတည်းက ချမှတ်ခဲ့သည့် မြန်မာနိုင်ငံနှင့် ပတ်သက်သည့် အာဆီယံ၏ ဘုံသဘောတူညီချက်ကို ၁၀ လနီးပါး ကြာမြင့်သည့်အချိန်အထိ တစိုးတစဉ်းမျှ အကောင်အထည်မဖော်နိုင်သေးကြောင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ၏ အထွေထွေအတွင်းရေးမှူး စိုင်းလိတ်က ထောက်ပြသည်။

ကမ္ဘောဒီးယား အာဏာရှင်ဝန်ကြီးချုပ် ဟွန်ဆန်၏ နေပြည်တော်ခရီးစဉ်လည်း အာဆီယံကြားဝင်မှုအတွက် အထောက်အကူမဖြစ်၊ ထူးခြားမှုမရှိဟု သူက ဆိုသည်။

“ရှင်းရှင်းပြောရရင် အာဏာရှင်ဖြစ်ခဲ့တဲ့ လူချင်းအတူတူတောင်မှ ညှိနှိုင်းလို့မရဘူးဆိုတာက တော်တော်ကိုဆိုးရွားတဲ့ အခြေအနေတစ်ရပ်ပါ” ဟု စိုင်းလိတ်က ပြောသည်။

“စစ်ကောင်စီရဲ့ သွားနေတဲ့လမ်းကြောင်း လုပ်နေတဲ့ပုံစံတွေဟာ အလုံးစုံပျက်သုဉ်းရေးကို ဦးတည်နေတယ်လို့တောင် ပြောလို့ရတယ်။ ကျွန်တော်တို့တိုင်းပြည်ရဲ့ အနာဂတ်ကို ကြည့်မယ်၊ တိုင်းပြည်အပေါ်မှာ တကယ် စေတနာထားတယ်ဆိုရင် အာဆီယံသဘောတူညီချက် ၅ ချက်လောက်နဲ့ကတော့ မလုပ်နိုင်စရာ အကြောင်းမရှိဘူး” 

အာဆီယံမူအတိုင်း ဆက်လက်လုပ်ကိုင်ခြင်းမပြုပါက သံတမန်ရေးဖိအားတင်မက အခြားသော ဖိအားများ တိုးလာနိုင်သည်ဟုလည်း စိုင်းလိတ်က သတိပေးသည်။

အာဏာသိမ်း စစ်ကောင်စီကိုယ်တိုင် တက်ရောက်ခဲ့သည့် အာဆီယံခေါင်းဆောင်များအစည်းအဝေးက မြန်မာ့အရေးနှင့် ပတ်သက်ပြီး သဘောတူညီချက် ၅ ခု ထုတ်ပြန်နိုင်ခဲ့သည်မှာ ၁ နှစ်ပြည့်တော့မည် ဖြစ်သည်။

ဘုံသဘောတူညီချက်များမှာ (၁) အကြမ်းဖက်မှုများ ချက်ချင်းရပ်တန့်ရန်၊ (၂) သက်ဆိုင်ရာအဖွဲ့အစည်းအားလုံး ညှိနှိုင်းဆွေးနွေးရန်၊ (၃) အာဆီယံအထူးသံတမန်ခန့်အပ်ပြီး ကြားဝင်ဆောင်ရွက်ရန်၊ (၄) AHA Centre (သဘာဝဘေးစီမံခန့်ခွဲမှုအတွက် လူသားချင်းစာနာကူညီမှုဆိုင်ရာ အာဆီယံညှိနှိုင်းရေးမှူးရုံး) က လူသားချင်းစာနာထောက်ထားမှု အကူအညီများပေးရန်၊ (၅) အာဆီယံအထူးသံတမန်နှင့်အဖွဲ့က မြန်မာနိုင်ငံမှ သက်ဆိုင်သူအားလုံးကို တွေ့ဆုံရန်တို့ ဖြစ်ကြသည်။ 

စစ်ကောင်စီက အာဏာသိမ်းခေါင်းဆောင် ထိုအစည်းအဝေးတက်ကြောင်း သတင်းထုတ်ပြန်သော်လည်း ထိုသဘောတူညီချက် ၅ ခုနှင့် ပတ်သက်ပြီး သတင်းထုတ်ပြန်ခြင်း မရှိပေ။

အာဆီယံ၏ တောင်းဆိုချက်များနှင့် ပတ်သက်၍ တိုင်းပြည်အခြေအနေ တည်ငြိမ်းအေးချမ်းမှသာ စဉ်းစားမည်ဖြစ်ကြောင်း အာဆီယံအစည်းအဝေးအပြီး နောက်နှစ်ရက်အကြာ ဧပြီ ၂၇ တွင် စစ်ကောင်စီက သဘောထားထုတ်ပြန်ခဲ့သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button