စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် ယမန်နေ့ (ဖေဖော်ဝါရီ၂ )နံနက်က တိုက်ပွဲများ တစ်ကျော့ပြန်ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်သားတို့ ထိခိုက်ဒဏ်ရာရသွားကြောင်း ဒေသခံကာကွယ်ရေးအဖွဲ့များထံမှ သိရသည်။
ကလေးမြို့တောင်ပိုင်းနှင့် ဂန့်ဂေါမြို့နယ်စပ်မှ တက်လာသော စစ်ကောင်စီတပ်သား အင်အား ၁၀၀ နီးပါး ပါဝင်သည့် စစ်ကြောင်းကို ချင်းဒေသကာကွယ်ရေးအဖွဲ့ (ကလေး – ကဘော် – ဂန့်ဂေါ) CDF – KKG က ယမန်နေ့ နံနက်ပိုင်း၌ မိုင်းဆွဲတိုက်ခိုက်ရာမှ နှစ်ဖက် အပြန်အလှန်ပစ်ခတ်ခဲ့သည်ဟု သိရသည်။
စစ်တပ်က လက်နက်တပ်ဆင် လေ့ကျင့်ပေးထားသော အရပ်ဝတ်လက်နက်ကိုင် ပျူစောထီးအဖွဲ့ဝင်များလည်း စစ်သားများနှင့်အတူ ရှိနေကြောင်း၊ ကလေး – ဂန့်ဂေါနယ်စပ် ကြံသာရွာမှ ထွက်လာသည့် ထိုစစ်ကြောင်း မှန်တောရွာအနီး အရောက်တွင် တစ်နာရီနီးပါးကြာ တိုက်ပွဲဖြစ်ကာ ပျူစောထီး ၃ ဦး ထိခိုက်သေဆုံးကြောင်း CDF – KKG ထံမှ သိရသည်။
ထိုတိုက်ပွဲအတွင်း CDF − KKG အဖွဲ့ဝင်တစ်ဦး ဒဏ်ရာရခဲ့ကြောင်း ထိုအဖွဲ့က ဆိုသည်။
အလားတူ ယမန်နေ့ နံနက်မှာပင် ကလေးမြို့မှ တောင်ပိုင်းကျေးရွာများသို့ ဦးတည်ထွက်လာသည့် စစ်ကောင်စီတပ်ကို နတ်မြောင်းရွာအနီး အသင့်တပ်ဆင်ထားသည့် မိုင်း ၂၈ လုံး ဆက်တိုက် ဖောက်ခွဲတိုက်ခိုက်ရာ စစ်တပ်ဘက်မှ ထိခိုက်ဒဏ်ရာရသူများရှိကြောင်း PDF (Kalay) က ထုတ်ပြန်သည်။
ထို့နောက် နေ့လယ်တွင် ကလေးမြို့ဘက်မှ ထပ်မံတက်လာသည့် စစ်တပ်နှင့် သာယာကုန်းရွာအနီး တစ်နာရီနီးပါး ထပ်မံတိုက်ပွဲဖြစ်ပွားခဲ့ပြီး ကလေး PDF အဖွဲ့ဝင် ၂ ဦး သေဆုံးခဲ့ကြောင်း PDF (Kalay) ထံမှ သိရသည်။
ထို့ကြောင့် ယမန်နေ့တစ်ရက်အတွင်း ကလေးမြို့နယ်တွင် ဖြစ်ပွားသည့် တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ ဝင် ၃၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိကြောင်း ဒေသခံကာကွယ်ရေးအဖွဲ့များက ပြောသည်။
စစ်တပ်ဘက် ထိခိုက်ဒဏ်ရာရမှု အခြေအနေနှင့် ပတ်သက်ပြီး သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါ။
တိုက်ပွဲများကြောင့် ကလေး – ဂန့်ဂေါ ကားလမ်းရှိ နတ်ချောင်းကျေးရွာဒေသခံများမှာ ထွက်ပြေးနေရသည်။
ပြီးခဲ့သည့်နှစ် ဒီဇင်ဘာအတွင်း စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အိမ်ခြေ ၂၀၀၀ နီးပါးရှိ နတ်ချောင်းရွာမှ ဒေသခံအများစုသည် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရပြီး ရွာအတွင်း ပြန်လည်နေထိုင်ခဲ့ကြသော်လည်း ယခုရက်ပိုင်း ထပ်မံ ထွက်ပြေးကြရခြင်း ဖြစ်သည်။
“ရွာက လူက ၆၀ ရာခိုင်နှုန်းလောက်တောင် (ရွာထဲ) ပြန်ဝင်ပါ့မလားမသိဘူး။ နီးစပ်ရာတောတွေမှာပဲ နေကြတာ။ အခု နေကြတဲ့သူတွေလည်း စောစောစီးစီးပြန်ပြေးလာတယ်။ ရွာက ကာကွယ်ရေးအဖွဲ့က ပြန်ဝင်လို့ရတယ်လို့ ပြောလို့ တချို့ပြန်ဝင်ကြပေမဲ့ အသင့်အနေအထားနဲ့ ပြန်ဝင်တဲ့သဘောပါပဲ” ဟု နတ်ချောင်းရွာ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။
“ကိုယ့်အိမ်ကိုယ်ရာနေတဲ့သဘောမျိုး မဟုတ်ဘူး။ သတိနဲ့ ပြန်နေတာပါပဲ။ အသံကြားရင် ပြန်ပြေးတယ်”
နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေရသည့် နတ်ချောင်းရွာဒေသခံများမှာ ဘုန်းကြီးကျောင်းများ၊ အနီးဝန်းကျင် တောတိုက်များသို့ ပုန်းရှောင်နေရကြောင်း ၎င်းက ဆက်ပြောသည်။
စစ်ရေးတင်းမာနေသည့် ကလေးမြို့နယ်တွင် အချိန်မရွေးတိုက်ပွဲများဖြစ်ပွားနိုင်သည့်အတွက် ယမန်နေ့ ည ၉ နာရီမှစ၍ ပြည်ထောင်စုနေ့ (ဖေဖော်ဝါရီ ၁၂) အထိ ကလေး – ဂန့်ဂေါလမ်းမကြီးကို အသုံးမပြုရန် CDF − KKG က ဒေသခံတို့ကို အသိပေးထုတ်ပြန်ထားသည်။
စစ်ကောင်စီကို လက်နက်ကိုင်ခုခံမှုအစောဆုံးစတင်ခဲ့သည့် ကလေးမြို့တွင် ပြီးခဲ့သည့်လမှစတင်ကာ တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်က အထိနာခဲ့သည့် နတ်ချောင်းကျေးရွာတိုက်ပွဲတွင် လေတပ်ကိုပင် သုံးခဲ့ရသည်။
လက်နက်ကိုင်ခုခံအားကောင်းသည့် ကလေးမြို့နယ်အတွင်း ကျေးလက်ဒေသ ၇၀ ရာခိုင်နှုန်းဖြစ်သည့် ရွာပေါင်း ၁၀၀ ကျော်တွင် ဒေသခံကာကွယ်ရေးအဖွဲ့များက နယ်မြေစိုးမိုးမှု ရရှိထားကြောင်း ယမန်နေ့က ထုတ်ပြန်သည့် PDF (ကလေး)၏ ပြည်သူ့ခုခံတွန်းလှန်စစ် တိုးတက်မှုအစီရင်ခံစာတွင် ဖော်ပြထားသည်။
ကလေးမြို့နယ်တွင် ယမန်နှစ် မေလမှ ဇန်နဝါရီလထိ ၉ လတာ ကာလအတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲများအတွင်း စစ်တပ်၏ ပစ်ခတ်သတ်ဖြတ်မှုကြောင့် အရပ်သား ၃၆ ဦး သေဆုံးခဲ့ပြီး လူနေအိမ် ၁၀၉ လုံး မီးရှို့ဖျက်ဆီးခံရကြောင်း PDF (Kalay)၏ စာရင်းများအရ သိရသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)