
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် နေထိုင်မကောင်း၍ စစ်ကောင်စီက နိုင်ငံတော်လျှို့ဝှက်အက်ဖြင့် စွပ်စွဲထားသည့် အမှု၏ ယနေ့(ဖေဖော်ဝါရီ ၃) ရုံးချိန်း ရွှေ့ဆိုင်းလိုက်ရသည်ဟု တရားရုံးနှင့် နီးစပ်သူတစ်ဦးက အတည်ပြုသည်။
နေပြည်တော်ကောင်စီဝင်းအတွင်း ပြုလုပ်သည့် တရားခွင်သို့ အသက် ၇၆ နှစ်အရွယ် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အတွက် ရဲတပ်ဖွဲ့က ဆေးခွင့်တင်ခဲ့ပြီး တရားရုံးကလည်း လက်ခံခဲ့သည်ဟု အထက်ပါ သတင်းရင်းမြစ်က ပြောသည်။
“အရမ်းကြီး စိုးရိမ်ရတဲ့ပုံစံတော့ မဟုတ်ပါဘူး။ ကိုယ်လက်မအီမသာဖြစ်တယ်။ ပေါ့ပေါ့ပါးပါးကျန်းမာရေးကိစ္စလို့ပဲ သိရတယ်။ ဆေးခွင့်တင်တယ်။ တရားရုံးက လက်ခံလိုက်တယ်။ ဒါပဲသိရပါတယ်” ဟု ၎င်းက ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေအဖွဲ့ကို စစ်ကောင်စီက ပြောခွင့်ပိတ်ထားသဖြင့် ကျန်းမာရေးအခြေအနေကို မေးမြန်း၍ မရပါ။
၂၀၂၁ စက်တင်ဘာ ၁၃ ရုံးချိန်းတွင်လည်း ဒေါ်အောင်ဆန်းစုကြည် နေမကောင်းဖြစ်နေ၍ တရားရုံးရောက်ပြီးမှ ပြန်သွားရသည်ဟု ၎င်း၏ ရှေ့နေများက ထိုစဉ်က အတည်ပြုထားသည်။
တရားရုံးသို့ ပို့သည့် မော်တော်ယာဉ်မှာ ကြမ်းတမ်းစွာ မောင်းနှင်ခြင်းကြောင့် ကားမူးသည့်အပြင် နှာမွှန်နေခြင်းကြောင့် ဒေါ်အောင်ဆန်းစုကြည်မှာ ထိုင်၍ပင် မနေနိုင်ဖြစ်ခဲ့ရကြောင်း ထိုစဉ်က ရှေ့နေများက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးကိစ္စကောလာဟလများ မကြာခဏထွက်လေ့ရှိသည်။ သို့သော် ၂၀၁၆ ဧပြီလအတွင်း နေပြည်တော် မျက်စိ၊ နား၊ နှာခေါင်းနှင့် လည်ချောင်း အထူးကုဆေးရုံကြီး၌ ဘယ်ဘက်မျက်လုံး အတွင်းတိမ်ခွဲစိတ်မှုတစ်ခုကိုသာ အတည်ပြုထားနိုင်သည်။
ဒေါ်အောင်ဆန်းစုကြည်၊ NLD အစိုးရလက်ထက် စီးပွားရေးအကြံပေး ဩစတြေးလျနိုင်ငံသား ရှောင်တာနယ်နှင့် စီးပွားရေးဆိုင်ရာ ဝန်ကြီး၊ ဒုဝန်ကြီး စုစုပေါင်း ၅ ဦးကို ထောင် ၁၄ နှစ်အထိ ချနိုင်သော အစိုးရလျှို့ဝှက်ချက်များအက်ဥပဒေ ပုဒ်မ ၃ (၁) (ဂ) ဖြင့် စစ်ကောင်စီက စွပ်စွဲထားခြင်းဖြစ်သည်။
ထိုအမှုတွင် တရားရင်ဆိုင်နေရသူ နှစ်ဦးဖြစ်သည့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးစိုးဝင်းနှင့် ဦးကျော်ဝင်းတို့သည်လည်း ကျန်းမာရေးကြောင့် တရားခွင်သို့ ရောက်မလာနိုင်ဟု တရားရုံးနှင့် နီးစပ်သူထံမှ သိရသည်။
အူမကြီးကင်ဆာအတွက် ခွဲစိတ်ကုသမှု ခံယူထားရသူ ဦးစိုးဝင်းကို စစ်ကောင်စီက ဇန်နဝါရီ ၂၇ ရက်တွင် ကျန်းမာရေးအာမခံပေးထားသည်။ ဦးကျော်ဝင်း၏ တရားရုံးပျက်ကွက်မှုကိုမူ သီးခြားအတည်မပြုနိုင်သေးပေ။
ဒက္ခိဏခရိုင်တရားသူကြီး ဦးရဲလွင် စစ်ဆေးနေသည့် ထိုရုံးချိန်းကို ဖေဖော်ဝါရီ ၁၀ရက်နေ့သို့ ပြန်လည်ချိန်းဆိုလိုက်သည်ဟု တရားရုံးနှင့် နီးစပ်သူက ပြောသည်။
၂၀၂၁၊ ဖေဖော်ဝါရီ ၁ ရက်တွင် အရပ်သားအစိုးရကို ဖြုတ်ချကာ အာဏာသိမ်းပြီးနောက်တွင် စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်အပေါ် စွပ်စွဲသည့် အမှုပေါင်း ၁၇ မှုထိ ရှိလာပြီဖြစ်သည်။ ထိုအထဲမှ အမှု ၅ မှုဖြင့် ထောင် ၆ နှစ်ချပြီးဖြစ်သည်။