သတင်း

စစ်ကောင်စီ၏ စစ်မှုမထမ်းမနေရ အစီအမံ တပ်အင်အားချည့်နဲ့မှုကို ပြသဟု NUG ပြော

နိုင်ငံအနှံ့ ပြည်သူ့ခုခံမှုများ အရှိန်မြင့်နေချိန်တွင် ကိုယ့်ကိုယ်ကိုယ် ရာထူးသက်တမ်းတိုးထားသည့် စစ်ခေါင်းဆောင်က စစ်မှုမထမ်းမနေရစနစ် အသက်သွင်းမည်ဟု ဆိုခြင်းမှာ တပ်အင်အားချည့်နဲ့မှုကို ဝန်ခံခြင်းဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ဝေဖန်သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အပြတ်အသတ် ထပ်နိုင်သည့် ၂၀၂၀ ရွေးကောက်ပွဲတွင် မဲစာရင်းမှားသည်ဟု အကြောင်းပြ အာဏာယူခဲ့သည့် စစ်ကောင်စီ တစ်နှစ်ပြည့်အစည်းအဝေးကို နေပြည်တော်၌ ဖေဖော်ဝါရီ ၂ ရက်က ပြုလုပ်စဉ် စစ်ခေါင်းဆောင်က ထိုသို့ ပြောဆိုခြင်းဖြစ်သည်။

“ကာကွယ်ရေးစွမ်းပကားမကောင်းရင် ကျွန်တော်တို့ခံသွားရမှာပေါ့။ သူများက ဖင်ပုတ် ခေါင်းပုတ် လာလုပ်သွားမှာပေါ့” ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။ စစ်ရေးအရ မည်သို့အခက်ကြုံနေသည်ကိုမူ ၎င်းက ထည့်သွင်းပြောဆိုခြင်းမရှိပေ။

နိုင်ငံရေး၊ စစ်ရေးနှင့် နိုင်ငံတကာရေးရာတို့တွင် စစ်ကောင်စီကို အန်တုနေသည့် အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ကမူ ထိုအစီအစဉ်အပေါ် အာဏာရှင်စနစ်ကို ဆန့်ကျင်ကြသည့် နိုင်ငံအနှံ့ အင်အားစုများက ကြိုက်လိမ့်မည်ဟု မှတ်ချက်ပြုသည်။

“လူငယ်တွေကတော့ ဒီအစီအစဉ်များ တကယ်ဖြစ်လာရင် ကြိုဆိုကြမယ်လို့ ကျွန်တော်ထင်ပါတယ်။ လူငယ်တွေကို စစ်မှုထမ်းခိုင်းရင် သေနတ်ပြောင်း ဘယ်လိုလှည့်မလဲဆိုတာ စောင့်ကြည့်ဖို့ကောင်းတဲ့ ကိစ္စပေါ့ဗျာ” ဟု ၎င်းပြောသည်။‌

ရန်ကုန်မြို့တွင် စစ်ကောင်စီပစ်မှတ်များကို ပြောက်ကျားတိုက်ခိုက်မှုများ လုပ်ဆောင်နေသည့် ဗမာ့နောက်ဆုံးတော်လှန်ရေးလက်နက်ကိုင်အဖွဲ့ (BFRAF) တာဝန်ခံကလည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ အကြံအစည်ကို ကြိုဆိုကြောင်း ပြောသည်။

“အမှန်တရားအတွက် အသက်တွေ ထပ်ပြီး တော်လှန်နေကြတဲ့အချိန်မှာ စစ်မှုထမ်းရမယ် ပြောလာလဲ စစ်ပညာသင်ဖြစ်ခဲ့ရင်လဲ စစ်ကောင်စီကိုပဲ တွန်းလှန်မှာပါ။ သေချာပေါက် (သေနတ်ပြောင်း) စကစ (စစ်ကောင်စီ) ဘက်ပဲ လှည့်မှာ” ဟု ၎င်းက ပြောသည်။

အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကမူ သမ္မတကို ဖမ်းပြီး အာဏာသိမ်းကတည်းက ပျက်သုဉ်းသွားပြီဟု အများက ရှုမြင်ထားသည့် ၂၀၀၈ အခြေခံဥပဒေကို ကိုးကား၍ စစ်မှုမထမ်းမနေရစနစ်ကို အကောင်အထည်ဖော်မည်ဟု ဆိုထားသည်။

၁၉၉၀ ရွေးကောက်ပွဲတွင် ပထမအကြိမ် NLD အနိုင်ရချိန်တွင် ယခုကဲ့သို့ပင် အာဏာလွှဲမပေးသော အစဉ်အလာရှိသည့် စစ်တပ်က ၁၅ နှစ် အချိန်ယူရေးဆွဲခဲ့သည့် ထိုအခြေခံဥပဒေတွင် အသက် ၁၈ နှစ်ပြည့်ပြီးသူ ကျားမ မရွေး ၂ နှစ် မှ ၃ နှစ်အထိ စစ်မှုထမ်းရမည်ဟု ပါဝင်သည်။

နိုင်ငံတော်တွင် အရေးပေါ်အခြေအနေဖြစ်ပေါ်လျှင် ပြည်သူ့စစ်မှုထမ်းကာလကို ၅ နှစ်အထိ တိုးမြှင့်သတ်မှတ်နိုင်ကြောင်း ထိုဥပဒေ၏ အခန်း(၂) ပုဒ်မ – ၄ တွင် ပြဋ္ဌာန်းထားသည်။

ထိုကိစ္စကို အကောင်အထည်ဖော်ရေးအတွက် စစ်မှုထမ်းရန် အသက်ပြည့်မီသူများစာရင်းနှင့် ကိုယ်ရေးအချက်အလက်များကို ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့က စာရင်းပြုစုကာ သက်ဆိုင်ရာသို့ ပို့ရမည်ဟု ၂၀၀၈ အခြေခံဥပဒေက ဆိုထားသည်။

“၂ နှစ်တန်သည် ၃ နှစ်တန်သည် သူ့ရဲ့ သတ်မှတ်ထားတဲ့ဟာအတိုင်း စစ်မှုထမ်းရမယ်။ ၁ နှစ်လည်း ဖြစ်ရင်ဖြစ်မှာပေါ့ဗျာ။ ၁ နှစ်ခွဲလည်း ဖြစ်ရင်ဖြစ်မှာပေါ့။ တိုင်းပြည်ရဲ့ အခြေအနေပေါ်ကို မူတည်ပြီးတော့ လုပ်ရမှာပေါ့။ ဒါလုပ်ရမှာ မလုပ်လို့ မရဘူး” ဟု စစ်ခေါင်းဆောင်က ပြောသည်။

အာဏာသိမ်းစစ်ကောင်စီ၏ ရည်မှန်းချက်သုံးခုတွင် ပထမနှင့် ဒုတိယဖြစ်သည့် နိုင်ငံရေး၊ စီးပွားရေး ကိစ္စများကို ပိုင်ပိုင်နိုင်နိုင် ထိန်းချုပ်လာနိုင်ပါက တတိယခြေလှမ်းအဖြစ် နိုင်ငံသားတိုင်း စစ်မှုမထမ်းမနေရစနစ်ဥပဒေကို အသက်သွင်းမည်ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဆိုသည်။

၂၀၀၈ အခြေခံဥပဒေကို ပြဋ္ဌာန်း၊ ၂၀၁၀ ရွေးကောက်ပွဲကို ကျင်းပကာ စစ်တပ်၏ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကို အနိုင်ရစေပြီးနောက် အာဏာစွန့်ခါနီးအချိန် ၂၀၁၀ နှစ်ကုန်ပိုင်းတွင် ယခင်စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ထိုကိစ္စကို ဥပဒေအဖြစ် ထုတ်ပြန်ထားပြီး ဖြစ်သည်။

အသက် ၁၈ နှစ်မှ ၄၅ နှစ် အရွယ်ရှိသူ အမျိုးသားတိုင်း၊ အသက် ၁၈ နှစ်မှ ၃၅ နှစ်ကြားရှိသည့် အမျိုးသမီးတိုင်း ၂ နှစ်မှ ၃ နှစ် မဖြစ်မနေ စစ်မှုထမ်းရမည်ဟု ၂၀၁၀၊ ဒီဇင်ဘာ ၁၇ ရက်ထုတ် နိုင်ငံတော်ပြန်တမ်းတွင် ဖော်ပြထားသည်။

ရုပ်ပိုင်းနှင့် စိတ်ပိုင်း ချို့ယွင်းချက်ရှိသူများမှလွဲ၍ အသက်ပြည့်မီသူတိုင်း စစ်မှုထမ်းမှတ်ပုံတင်ရန် တာဝန်ရှိပြီး ပျက်ကွက်လျှင်၊ ရှောင်လွှဲရန် ကြိုးစားလျှင် ထောင် ၅ နှစ်အထိ ချမှတ်နိုင်သည်ဟု ထိုဥပဒေက ဆိုထားသည်။

၂၀၂၁၊ ဖေဖော်ဝါရီ ၁တွင် အာဏာသိမ်းပြီးနောက် သုံးရက်အတွင်း ကိုယ်တိုင်ကန့်သတ်ထားသော​ တပ်ချုပ်သက်တမ်းကို ကပျာကယာတိုးခဲ့သည့် အသက် ၆၅ နှစ်ကျော်အရွယ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က စစ်မှုထမ်းဥပဒေ အသက်မဝင်သေးခြင်းမှာ ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခများကြောင့်ဟု ပြောသည်။

သို့သော် ၎င်းဦးဆောင်၍ အာဏာသိမ်းပြီးနောက်တွင် ထိုဥပဒေပြဋ္ဌာန်းပြီး ၁၀ နှစ်ကျော်ကာလထက် နိုင်ငံအနှံ့ ပို၍ ကျယ်ပြန့်နေသော လက်နက်ကိုင်တော်လှန်မှုများ ရင်ဆိုင်နေရချိန်တွင် မည်သည့်အတွက် အဆောတလျင် အကောင်အထည်ဖော်လိုသည်ကိုမူ စစ်ခေါင်းဆောင်က ထုတ်ဖော်ပြောဆိုခြင်းမပြုပေ။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ်မတော် သင်တန်းဆင်းပွဲ။ ဓာတ်ပုံ − NUG

လက်ရှိအခြေအနေတွင် စစ်မှုမထမ်းမနေရစနစ်ကို အသက်သွင်းရန် စစ်ခေါင်းဆောင်၏ အကြံအစည်မှာ ယုတ္ထိမတန်ဟု အာဏာဖီဆန်ရေးလှုပ်ရှားမှု(CDM)တွင် ပါနေသူ စစ်သက် ၁၇ နှစ်ရှိ ဗိုလ်ကြီးအေးချမ်းက သုံးသပ်သည်။

“နိုင်ငံရေးနဲ့ စီးပွားရေး အားကောင်းအောင်ပဲ လုပ်ပါအုံး။ အဲဒီနှစ်ခု အားကောင်းမှဆိုတော့ ပိုပြီးတောင် ယုတ္တိမရှိဘူး။ သူတို့ အတင်းအကျပ်လုပ်မယ်ဆိုရင်လဲ ပိုပြီးဆိုးလာဖို့ပဲ ရှိပါတယ်” ဟု ၎င်းက ပြောသည်။

“ဒါ သူ့ရဲ့အောက်က တာဝန်ထမ်းဆောင်ချင်တဲ့သူဆိုတာလဲ ရှိဖို့မလွယ်ပါဘူးဗျာ။ ဘာလို့လဲဆိုတော့ အားလုံးက သူတို့မျက်နှာကို ကြည့်ချင်တဲ့အနေအထားကို မရှိဘူး”

ထိုအစီအစဉ်ကို စစ်တပ်ကို ထောက်ခံကြောင်း ပြလေ့ရှိသည့် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကပင် ပူးပေါင်းဆောင်ရွက်ရန် ခက်မည်ဟု ဗိုလ်ကြီးအေးချမ်းက မှတ်ချက်ပြုသည်။

“ကြံ့ဖွံ့ကတောင် ဝင်ပါ့မလား။ သူ့သားသမီးတွေ ထည့်မလား၊ နောက်ပြီးတော့ ဒီပြည်သူကို သူ ဘယ်လိုစုရုံးမှာလဲ” ဟု ၎င်းက ပြောသည်။

“သူ့နည်းစနစ်တွေက သူ့ဟာသူတောင် အခုတောင် သူက နယ်မြေစိုးမိုးမှု မရဘဲနဲ့။ စစ်သားစုဖို့ဆို ဘယ်လိုစုမလဲ။ အကုန်လုံးက PDF ဖြစ်သွားမှာပဲ”

နိုင်ငံသားတိုင်း စစ်မှုမထမ်းမနေရကျင့်သုံးမှုကို အောင်မြင်စွာ လူစုဆောင်းနိုင်သည်ဆိုပါက တပ်ဘက်သို့ အရပ်သားအများအပြား ဝင်ရောက်လာမည်ဖြစ်၍ ပြည်သူ့ဆန္ဒကို မျက်ကွယ်ပြုကာ အာဏာသိမ်းထားသည့် စစ်ခေါင်းဆောင်အတွက် ပို၍ အခက်တွေ့ဖွယ်ရှိသည်ဟု နောက်ထပ် CDM တစ်ဦးဖြစ်သူ ဗိုလ်ကြီးထက်မြက်က ပြောသည်။

“ကျွန်တော်တို့ မထွက်လာခင်ကတည်းက အဲဒီလို ကြားတယ်။ ဒါပေမဲ့ သူ အာဏာပြန်သိမ်းခံရမဲ့ အပေါက်မျိုးတော့ အခုချိန်မှာ မလုပ်လောက်ဘူးလို့ မြင်မိတယ်။ အရင်ဆုံး သူ့ကို မကျေမနပ်ဖြစ်နေကြတဲ့ လူငယ်တွေကို ကျား အတောင်တပ်ပေးသလို ဖြစ်သွားနိုင်တယ်” ဟု ၎င်းက မှတ်ချက်ပြုသည်။

ပြီးခဲ့သည့် တစ်နှစ်အတွင်း အာဏာရှင်စနစ်အမြစ်ဖြုတ်ရေး နိုင်ငံအနှံ့ ခုခံတော်လှန်မှုများကို နှိမ်နင်းရာတွင် စစ်တပ်က ၎င်းကို ထောက်ခံသူများကို လက်နက်တပ်ဆင်၊ သင်တန်းပေးထားသည့် ပျူစောထီးအမည်ရအဖွဲ့ ရှိနှင့်ပြီးဖြစ်သည်။

စုစုပေါင်း ၁၀၀ ကျော်ရှိသည်ဟု စစ်ကောင်စီက ဆိုထားသည့် ထိုအဖွဲ့၏ လှုပ်ရှားမှုများကို စစ်ကိုင်းတိုင်းအတွင်း အထင်အရှားတွေ့ရသည်။

သို့သော် နယ်မြေခံလူထု၏ ပြောက်ကျားခုခံစစ်ဖြင့် တိုက်ခိုက်မှုကို ခေတ်မီလက်နက်ကိုင်ထားသည့် စစ်တပ် အလူးအလဲခံနေရဆဲဖြစ်ပြီး စစ်ကိုင်းတိုင်းမြောက်ပိုင်းနှင့် ကယားပြည်နယ်တွင် တည်ငြိမ်မှုရရန် ထိန်းသိမ်းနေရဆဲဖြစ်သည်ဟု စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြီးခဲ့သည့် ရက်ပိုင်းအတွင်း BBC နှင့် အင်တာဗျူးတစ်ခုတွင် ဝန်ခံထားသည်။

ထိုအခြေအနေတွင် စစ်ကောင်စီက စစ်မှုထမ်းကိစ္စ ပြောလာခြင်းမှာ ၎င်းကို ထောက်ခံသူများအား ပေါ်ပေါ်ထင်ထင် လက်နက်တပ်ဆင်ပေးရန်၊ နိုင်ငံအနှံ့ အားကောင်းလာနေသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF)သို့ ဝင်မည့် လူငယ်များကို ပစ်မှတ်ထားရန် ဖြစ်နိုင်သည်ဟု CDM ဗိုလ်ကြီးထက်အောင်မျိုးက မှတ်ချက်ပြုသည်။

“(စစ်ကောင်စီက)သူတို့ကို ထောက်ခံနေတဲ့ သူတွေကို စစ်တပ်ထဲကို ဆွဲသွင်းချင်တယ်။ ဆွဲသွင်းချင်ပေမဲ့ ယူနီဖောင်းကြီး ကောက်ဝတ်ပေးလိုက်ရင် မရလို့ ကြားထဲကနေ ခေါ်မဲ့သဘောလား” ဟု ၎င်းက မေးခွန်းထုတ်သည်။

“ဒါမှမဟုတ်ရင် ဒီ တောထဲတွေမှာ ရောက်နေတဲ့ PDF တွေကိုပဲ သူတို့က အိမ်တိုင်းအိမ်စေ့ နာမည်တွေ လိုက်ကောက်ပြီးတော့ လဝကတို့ ဘာတို့နဲ့ ပေါင်းပြီးတော့ အဲဒီလိုမျိုး ဖော်ထုတ်ချင်လို့များ တမင်လုပ်တာလား” 

ကရင်အမျိုးသားအစည်းအရုံး (KNU) အခြေစိုက်ရာ ကရင်ပြည်နယ်နှင့် ပဲခူးတိုင်းဒေသအချို့တွင်ပင် စစ်တပ်က အာဏာသိမ်းပြီးနောက် တစ်နှစ်အတွင်း တိုက်ပွဲပေါင်း ၃,၁၅၂ ကြိမ်ဖြစ်ပွားခဲ့ရာ စစ်သားဦးရေ ၂,၁၉၀ သေဆုံးပြီး ၂,၀၄၈ ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဇန်နဝါရီ ၇ တွင် KNU က ထုတ်ပြန်ထားသည်။

အလားတူပင် နှစ်ပေါင်းများစွာ လက်နက်ကိုင်တော်လှန်ရေးနှင့် အလှမ်းဝေးနေရာမှ ဆန္ဒပြလျှင်ပင် စစ်ကောင်စီက သေနတ်ဖြင့် ပစ်ချိန်တွင် ခုခံတော်လှန်စစ်အတွင်း တက်ကြွစွာပါဝင်နေသည့် စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းအတွင်း စစ်တပ်ဘက်မှ ထိခိုက်၊ သေဆုံးမှုများနေသည်ကို NUG ၏ နေ့စဉ်ထုတ်ပြန်ချက်များ၌ တွေ့ရသည်။

လူပေါင်း ၃၈ သန်းကျော် မဲပေးခွင့်ရှိခဲ့သော ရွေးကောက်ပွဲပြီးချိန် တစ်နှစ်ကျော်သည်အထိ တစ်ကြိမ်ထက်ပို၍ မဲပေးသူ ၂,၀၀၀ ခန့်သာ ရှာတွေ့သည့် အာဏာသိမ်းစစ်ကောင်စီလက်အောက်တွင် တာဝန်မထမ်းဆောင်လို၍ တပ်ကို စွန့်ခွာလာသည့် CDM အရေအတွက်မှာ တိုးလာနေသည်ဟု ထိုကိစ္စများကို အကူအညီပေးနေသည့် ပြည်သူ့ရင်ခွင်အဖွဲ့၏ စာရင်းများအရ သိရသည်။

စစ်အာဏာသိမ်းပြီးနောက် တပ်တွင်းမိသားစုများကို အပြင်ထွက်သွားလာခွင့် ကန့်သတ်ထားသည့်​ ကြားမှပင် ပြီးခဲ့သည့် ၁၁ လအတွင်း တပ်ကို စွန့်ခွာလာသည့် CDM စစ်သား ၂,၀၀၀ ကျော် အနည်းဆုံးရှိသည်ဟု ထိုအဖွဲ့၏ မှတ်တမ်းများက ဆိုသည်။

ထို့ပြင် နိုင်ငံအနှံ့ စစ်ရှိန်မြင့်လာသည့် ၂၀၂၁ ဒီဇင်ဘာနှင့် ၂၀၂၂ ဇန်နဝါရီလများအတွင်း လက်နက်နှင့်တကွ CDM ပြုလုပ်လာသည့် စစ်သားများရှိနေသည်ဟု PDF နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ ကြေညာချက်များအရ သိရသော်လည်း အသေးစိတ် အတည်ပြုနိုင်ခြင်း မရှိသေးပေ။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button