
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီကို ဖျက်သိမ်းရန် အစီအစဉ်မရှိဟု စစ်ကောင်စီပြောခွင့်ရပုဂ္ဂိုလ်က ထုတ်ဖော်ပြောဆိုပြီးနောက် ပါတီထိပ်ပိုင်းခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးဟံသာမြင့် ယနေ့ (ဇန်နဝါရီ ၂၇) မွန်းလွဲပိုင်းတွင် လွတ်မြောက်လာသည်။
NLD ပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီ အတွင်းရေးမှူးအဖွဲ့ဝင်ဖြစ်သည့် ဦးဟံသာမြင့်မှာ အာဏာသိမ်းကြောင်း မကြေညာမီကတည်းက ဖမ်းဆီးခံရသူဖြစ်ကာ ပြီးခဲ့သည့် ဒီဇင်ဘာလအတွင်း ဆူပူအောင်လှုံ့ဆော်မှုဆိုင်ရာပုဒ်မ ၅၀၅-ခ ဖြင့် ထောင်ဒဏ် ၂ နှစ် ချမှတ်ခံရသူဖြစ်သည်။
ရန်ကုန်မြို့ အင်းစိန်ထောင်၌ ၁၁ လကြာ ထိန်းသိမ်းခံထားရပြီးနောက် ဦးဟံသာမြင့် လွတ်မြောက်လာကြောင်းကို တရားရုံးနှင့် နီးစပ်သူတစ်ဦးက Myamar Now ကို အတည်ပြုသည်။
“ထူးထူးခြားခြားတော့ မပြောတတ်ဘူး။ ဒီနေ့နေ့လယ် ၁၂ နာရီလောက်က သူ့ကို လာဖမ်းသွားတဲ့အိမ်ကို ပြန်ပို့ထားတယ်လို့ သိရတယ်” ဟု အဆိုပါ တရားရုံးနှင့် နီးစပ်သူက ပြောသည်။
ဖမ်းဆီးထိန်းသိမ်းခံထားရသည်မှာ တစ်နှစ်ရှိပြီဖြစ်သည့်ပြင် ကျန်းမာရေးအခြေအနေကြောင့် ပြန်လွှတ်ပေးခြင်းဖြစ်သည်ဟု ယူဆကြောင်း ဦးဟံသာမြင့်၏ မိသားစုဝင်တစ်ဦးက Myanmar Now ကို ပြောသည်။
“ဒီနေ့ နေ့လယ် ၁ နာရီမှာ အင်းစိန်ထောင်က လွတ်ပါတယ်။ အဖမ်းခံရတာက တစ်နှစ်ရှိနေပြီဆိုတဲ့အခါကျတော့ တကယ်တမ်းဆိုရင် လွတ်ချိန်တန်လို့ လွတ်လာတယ်လို့တော့ ထင်တယ်ပေါ့နော်။ ကျန်းမာရေးကြောင့်လည်း ပါလိမ့်မယ်လို့ ထင်ပါတယ်” ဟု ၎င်းက ပြောသည်။
အင်းစိန်ထောင်၌ ထိန်းသိမ်းခံထားရစဉ် ဦးဟံသာမြင့်မှာ ကိုဗစ်ကူးစက်ခံခဲ့ရသည်ဟုလည်း အထက်ပါ မိသားစုဝင်က ပြောသည်။
ဦးဟံသာမြင့်ကို ထောင်ဒဏ် ၂ နှစ်ချအပြီး ၂၈ ရက်အကြာတွင် စစ်ကောင်စီက ပြန်လွှတ်ပေးသည့်အကြောင်းရင်းကို တိတိပပ မသိရပေ။
ဦးဟံသာမြင့်ကို စစ်ကောင်စီက တရားထပ်စွဲစရာ ပုဒ်မထပ်ရှာမရသည်က တစ်ကြောင်း၊ ကျန်းမာရေးအခြေအနေအရတစ်ကြောင်း လွှတ်လိုက်သည်ဟု ယူဆသည်ဟု NLD ပါတီဝင် ရန်ကုန်တိုင်းလွှတ်တော်အမတ်ဟောင်း ဦးနေဘုန်းလတ်က ပြောသည်။
“NLD ပါတီကို မဖျက်သိမ်းပါဘူးလို့ ဇော်မဲလုံး (စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်း) ကလဲ ပြောသွားလေတော့ အကြမ်းဖက်စစ်အုပ်စုက သူတို့စီစဉ်တဲ့လမ်းကြောင်းထဲ NLD ထဲက အချို့ ပဲ့ထွက်လာပြီး ပါလာနိုင်ဖို့ ကြိုးစားလာနိုင်ပါတယ်” ဟုလည်း ၎င်းက မှတ်ချက်ပြုသည်။
ဖမ်းဆီးထားသော ပါတီဝင်များကို စစ်ကောင်စီက ပြန်လွှတ်ပြနေသော်လည်း စစ်ကောင်စီကို အမြစ်ဖြတ်နိုင်ရေးသာ အာရုံစိုက်မည်ဟု ဦးနေဘုန်းလတ်က ဆက်ပြောသည်။
ဦးဟံသာမြင့် ပြန်လည်လွတ်မြောက်လာသော်လည်း ၎င်းနှင့် တစ်နေ့တည်းအမိန့်ချခံရသည့် NLD ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဒေါက်တာမျိုးညွှန့်နှင့် ဦးသိန်းဦးတို့ကိုမူ ပြန်လွှတ်မလွှတ် မသိရပေ။
နိုင်ငံတစ်ဝန်း တိုက်ပွဲများ ဆက်လက်ပြင်းထန်နေသည့်ပြင် နိုင်ငံတကာဖိအားများ ဆက်တိုးလာနေချိန်တွင် NLD ပါတီကို ဖျက်သိမ်းရန် အစီအစဉ်မရှိကြောင်း စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဂျပန်အခြေစိုက် Nikkei သတင်းဌာနကို ယခုရက်ပိုင်းအတွင်း ပြောဆိုထားသည်။
NLD ပါတီဝင်များအနက် စစ်ကောင်စီကို အပြင်းအထန်ဆန့်ကျင်သူများရှိသော်လည်း သဘောထားပျော့ပျောင်းသူများလည်း ရှိနေကြောင်း စစ်ကောင်စီ၏ ဒုပြန်ကြားရေးဝန်ကြီးလည်းဖြစ်သူ ၎င်းက ဆိုသည်။
၂၀၂၀ ရွေးကောက်ပွဲတွင် NLD ပါတီက အပြတ်အသတ်အနိုင်ရရှိခဲ့ပြီးနောက် အရပ်သားအစိုးရကို ဖြုတ်ချကာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သော စစ်တပ်က အာဏာသိမ်းယူခဲ့သည်မှာ လာမည့် ဖေဖော်ဝါရီ ၁ ရက်နေ့တွင် တစ်နှစ်ပြည့်ပြီဖြစ်သည်။
အာဏာသိမ်းယူပြီးနောက် စစ်ကောင်စီက ၎င်းတို့ကို ဆန့်ကျင်သူ ထောင်ပေါင်းများစွာကို ဖမ်းဆီးအရေးယူခဲ့ရာ NLD ပါတီ ခေါင်းဆောင်များ၊ ပါတီဝင်များနှင့် ပါတီထောက်ခံသူများလည်း အပါအဝင်ဖြစ်သည်။
အာဏာသိမ်းကြောင်း မကြေညာမီကတည်းက ဖမ်းဆီးထိန်းသိမ်းထားသည့် ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် ပါတီဒုဥက္ကဋ္ဌတစ်ဦးဖြစ်သူ သမ္မတဦးဝင်းမြင့်တို့ကို စစ်ကောင်စီက ကြီးလေးသောပုဒ်မများအပါအဝင် အမှုပေါင်း တစ်ဒါဇင်ကျော်ဖြင့် အမှုဖွင့် အရေးယူထားသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)