သတင်း

ထီးချိုင့်မြို့နယ်တွင် ဇန်နဝါရီအတွင်း တိုက်ပွဲများ ဆက်နေ

စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ထီးချိုင့်မြို့နယ်အတွင်း ၃ ရက်ဆက် တိုက်ခိုက်မှုများကြောင့် စစ်ကောင်စီတပ်မှ ၁၂ ဦးထက်မနည်း သေဆုံးပြီး ဒဏ်ရာရသူ အများအပြားရှိခဲ့သည်ဟု ထီးချိုင့် – PDF ထံမှ ယနေ့ (ဇန်နဝါရီ ၂၆) တွင် သိရသည်။

တိုက်ခိုက်မှုများအတွင်း စစ်ကောင်စီတပ်မှ သေဆုံးမှုများကို အနည်းဆုံးတွက်ချက်ထားခြင်းဖြစ်သည်ဟု ထိုတပ်ဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

ယနေ့ နံနက် ၁၁ နာရီခန့်က ထီးချိုင့်မြို့မြောက်ဘက် ၁၀ မိုင်ခန့်အကွာတွင်ရှိသည့် ဘိုတဲကုန်းရွာအနီး စစ်ကြောင်းထိုးသွားလာနေသည့် စစ်ကောင်စီတပ်ကို လက်လုပ်မိုင်း ၄ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့သည်ဟု ကိုယ်တိုင်ပါဝင်ခဲ့သည့် ထီးချိုင့် – PDF တပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။

ရှေ့ဆုံးမှ ဖြည်းဖြည်းချင်းသွားနေသည့် စစ်ထရပ်ကားတစ်စီးနောက်မှ အင်အား ၃၀ ခန့်ရှိသည့် စစ်ကြောင်းတစ်ခုက လိုက်ပါလာခဲ့ခြင်းဖြစ်ပြီး မိုင်းခွဲတိုက်ခိုက်ခံရမှုကြောင့် ၆ ဦးထက်မနည်းသေဆုံးခဲ့ကာ ဒဏ်ရာရသူများလည်း ရှိသည်ဟု ၎င်းက ပြောသည်။

“ဖြစ်ဖြစ်ချင်းတော့ မီးခိုးတွေအူထွက်သွားတာပေါ့၊ ပြီးတော့မှ ဒီကောင်တွေ အလဲအကွဲ လဲနေသူတွေနဲ့ရော ဒဏ်ရာရသူတွေရော တော်တော်တော့များတယ်” ဟု ဟု ၎င်းက မြင်တွေ့ရပုံကို ပြောသည်။

ဇန်နဝါရီ ၂၃ ရက် မွန်းလွဲ ၃ နာရီခန့်ကလည်း ထီးချိုင့်မြို့အထွက်တွင် လမ်းသွားလမ်းလာများအား တားဆီးစစ်ဆေးရန် ရောက်လာသည့် အင်အား ၁၀ ဦးပါ စစ်ကောင်စီမော်တော်ယာဉ်ကို ထီးချိုင့် – PDF အဖွဲ့က ဆိုင်ကယ်ဖြင့် သွားရောက်ပြီး လက်လုပ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု အထက်ပါ PDF တပ်ဖွဲ့ဝင်က ပြောသည်။

“သူတို့က စစ်ဆေးဖို့ ရောက်လာတုန်းပဲ ရှိသေးတယ်၊ မြို့အထွက်ဂိတ်နားမှာပေါ့၊ အဲဒါသွားပြီး (ဗုံး) ပစ်ထည့်လိုက်တာ” ဟု ၎င်းက ဆိုသည်။

ဗုံးဒဏ်ကြောင့် ၆ ဦးထက်မနည်း သေဆုံးသည်ဟု ၎င်းက ဆက်လက်ပြောသည်။

တိုက်ခိုက်မှုအပြီး စစ်ကားတစ်စီးနှင့် ရောက်လာသူတို့က အနီးဝန်းကျင်ကို ပစ်ခတ်ကြကြောင်း၊ စစ်သားအလောင်းများကို အလျင်အမြန်ကောက်ယူပြီး မြို့ပြင်တွင်ရှိသည့် ရေပုတ်သင်္ချိုင်းတွင် မြှုပ်နှံခဲ့ကြကြောင်း မျက်မြင်တွေ့ရှိသူများကို ကိုးကား၍ အဆိုပါ PDF တပ်ဖွဲ့ဝင်က ပြောသည်။

နောက်တစ်နေ့ (ဇန်နဝါရီ ၂၄ ) ည ၇ နာရီခန့်ကလည်း ထီးချိုင့်မြို့အရှေ့ဘက်ကမ်း မြတောင်လမ်းဆုံအနီး စစ်ကားတစ်စီးကို ထီးချိုင့် – PDF အဖွဲ့က လက်လုပ်မိုင်း ၅ လုံး တစ်ပြိုင်နက်ခွဲပြီး တိုက်ခိုက်ခဲ့ရာ အဆိုပါစစ်ကားပျက်စီးပြီး ရပ်တန့်သွားခဲ့သည်ဟု ထီးချိုင့် – PDF အဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူထံမှ သိရသည်။

စစ်ကားတွင် စစ်ဗိုလ်တစ်ဦးပါဝင်ကြောင်း၊ ထိခိုက်သေဆုံးမှုသတင်း မရသေးကြောင်း ၎င်းက ဆက်လက်ပြောသည်။

အဆိုပါ မိုင်းခွဲတိုက်ခိုက်မှုအသံကို ထီးချိုင့်အရှေ့ဘက်ကမ်းတစ်ခုလုံး ကြားရကြောင်း အသက် ၅၀ ခန့်ရှိသည့် ထီးချိုင့်ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

“ကြားရတယ်လေ၊ အားလုံးကြားရတယ်၊ ကျွန်တော်တို့အိမ်ဆို တုန်ပါတုန်သွားတယ်၊ ဒါပေမဲ့ ကြောက်လို့ ဘယ်သူမှတော့ သွားမကြည့်ရဲကြဘူး” ဟု ၎င်းက ဆိုသည်။ 

စစ်သားများ သေဆုံးသည်ဟူသော PDF ၏ ပြောဆိုချက်ကို သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးသလို စစ်ကောင်စီကလည်း ထီးချိုင့်ဒေသဖြစ်ရပ်များကို သတင်းထုတ်ပြန်လေ့ မရှိပေ။

ထီးချိုင့်တံတားအနီး မြတောင်လမ်းဆုံအနီး စစ်သားများ စောင့်ကြပ် စစ်ဆေးလျက်ရှိရာ ဇန်နဝါရီ ၆ တွင် ဒေသခံကာကွယ်ရေး Eagle Army အဖွဲ့မှ ၂၃ နှစ်အရွယ်များဖြစ်သော ကိုအောင်မြင့်ထွန်းနှင့် ကိုဝေဖြိုးအောင်တို့ ဖမ်းဆီးသတ်ဖြတ်ခံရပြီး ဇန်နဝါရီ ၁၀ ကလည်း ကြံကားမောင်းသူများဖြစ်သည့် ၃၇ နှစ်အရွယ် ကိုဖြိုး၊ ၃၉ နှစ်အရွယ် ကိုဇာနည်တို့ ဆိုင်ကယ်ဖြင့် ကြာညှပ်ရွာသို့ ပြန်ကြစဉ် စစ်သားများက ပစ်သတ်ခဲ့ကြသည်။

ဇန်နဝါရီ ၂၄ နံနက်တွင် အင်အား ၅၀ ခန့်ဖြင့် စစ်ကောင်စီတပ်သည် ထီးချိုင့်မြို့မြောက်ဘက်သို့ ဦးတည်ထွက်ခွာလာပြီး လမ်းတစ်လျှောက်ရှိ ကျေးရွာအချို့မှ ဒေသခံ ၄ ဦးထက်မနည်းကို ဖမ်းဆီးသွားသည်။ ညနေပိုင်းတွင် ထိုအထဲမှ ၃ ဦးပြန်လွတ်လာသည်ဟု သိရသည်။

ဆက်လက် ဖမ်းဆီးခံထားရသူမှာ ထီးချိုင့်မြို့အထွက် သခွပ်ချောင်းရွာမှ သုံးဘီးမောင်းသည့် အမျိုးသားတစ်ဦး ဖြစ်သည်။ 

ထိုဖြစ်ရပ်ကြောင့် သခွပ်ချောင်းရွာသားများလည်း စိုးရိမ်ပြီး ထွက်ပြေးနေရသည်ဟု အထက်ပါထီးချိုင့်ဒေသခံ အမျိုးသားက ဆိုသည်။

သခွပ်ချောင်း၊ ကြက်သေချောင်း၊ ပေါက်ကုန်း၊ ရွာသစ်ကုန်း၊ ကွင်းကြီး၊ ‌ရွှေလီ၊ ဆားတွင်း၊ အလယ်တော စသည့် မြောက်ဘက်ပိုင်း ကျေးရွာများကို စစ်တပ်ဝင်ရောက်ကာ ဒေသခံတချို့ကို ဖမ်းဆီးနေသည်ဟု သိရသည်။

ဇန်နဝါရီ ၁၃ ရက်က ထီးချိုင့်မြို့၏ အ‌နောက်တောင်ဘက် ၅ မိုင်ခန့်အကွာတွင်ရှိသည့် မရသိမ်ရွာတွင်ဖြစ်ပွားသည့် တိုက်ပွဲတွင် စစ်ကောင်စီတပ်က လေကြောင်းမှ တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲများပြင်းထန်ခဲ့သည်။ ဇန်နဝါရီ ၁၇ မှ ၁၉ အတွင်းလည်း ထီးချိုင့်မြို့နယ်အတွင်း PDF တပ်ဖွဲ့နှင့် ပူးပေါင်းအဖွဲ့များက ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့ကြသည်။ 

ထို့နောက် ထီးချိုင့်မြို့နယ်အတွင်း တိုက်ပွဲများ ဆက်လက်ပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်မှ ထိခိုက်သေဆုံးမှုများသလို PDF ၁၁ ဦး သေဆုံးခဲ့သည်ဟု ထီးချိုင့် – PDF အဖွဲ့က ဆိုသည်။ 

စစ်အာဏာသိမ်းပြီး ၄ လခန့်အကြာတွင် အရှိန်ရလာသည့် လက်နက်ကိုင်တော်လှန်ရေးသည် ထီးချိုင့်မြို့နယ်အပါအဝင် စစ်ကိုင်းတိုင်းအတွင်းရှိ မြို့နယ်များနှင့် တစ်နိုင်ငံလုံးသို့ ပျံ့နှံ့ခဲ့သည်။

ထီးချိုင့်ဒေသသည် လက်နက်ကိုင်တော်လှန်ရေး အားကောင်းပြီး ကချင်ပြည်နယ်သို့ လက်နက်ခဲယမ်းနှင့် စစ်သည်အင်အားများ ပို့နေသည့် စစ်ကောင်စီတပ်ကို ဧရာဝတီမြစ်ကြောင်းတစ်လျှောက်တွင် မကြာခဏ ကြားဖြတ်တိုက်ခိုက် နေသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button