
အကျပ်အတည်းဆိုက်နေသည့် မြန်မာ့စီးပွားရေးမှာ စက်တင်ဘာအထိ လက်ရှိ ၂၀၂၂ ဘဏ္ဍာနှစ်တွင် ၁ ရာခိုင်နှုန်းသာ တိုးတက်ကိန်းရှိသည်ဟု ကမ္ဘာ့ဘဏ်က ထုတ်ပြန်လိုက်သည်။
ပြည်တွင်းအသားတင်ကုန်ထုတ်လုပ်မှုတန်ဖိုး (GDP) ၁ ရာခိုင်နှုန်း ပြန်တက်လာနိုင်သည်ဆိုရာတွင် ကပ်ရောဂါ၊ ပဋိပက္ခကျယ်ပြန့်မှု၊ နိုင်ငံခြားငွေလဲနှုန်း၊ ကုန်စည်ပို့ဆောင်ရေး၊ လျှပ်စစ်နှင့် အင်တာနက်ဝန်ဆောင်မှုများအပေါ် မူတည်နေသေးကြောင်း ယနေ့ (ဇန်နဝါရီ ၂၆) ထုတ်ပြန်သည့် ကမ္ဘာ့ဘဏ်၏ အစီရင်ခံစာက ဆိုသည်။
မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေနှင့် ရှေ့ကာလ ခန့်မှန်းချက်များမှာလည်း အလွန်စိုးရိမ်ဖွယ်ရာဖြစ်နေကြောင်း ကမ္ဘာ့ဘဏ်၏ မြန်မာ၊ ကမ္ဘောဒီယားနှင့် လာအိုနိုင်ငံဆိုင်ရာ ညွှန်ကြားရေးမှူး မာရီယန်ရှာမန်က ဆိုသည်။
“ပဋိပက္ခတွေ လတ်တလောမှာ ဆက်တိုက်ဖြစ်လာတာကြောင့် ပထမအချက်အနေနဲ့ လူသားချင်းစာနာထောက်ထားရေးဆိုင်ရာ ရှုထောင့်မှ စိုးရိမ်စရာတွေဖြစ်နေပြီး စီးပွားရေးလုပ်ငန်းအပေါ် နောက်ဆက်တွဲသက်ရောက်မှုတွေလည်း ရှိနိုင်ပါတယ်” ဟု ၎င်းက ပြောသည်။
စီးပွားရေးအရ ဖိအားများဆက်ရှိနေဆဲဖြစ်ကာ စားနပ်ရိက္ခာဖူလုံမှုကို သက်ရောက်နိုင်ပြီး အကျိုးဆက်အနေဖြင့် ဆင်းရဲမွဲတေမှုမှာ ကပ်ရောဂါမဖြစ်ပွားပြီအချိန်ကထက် နှစ်ဆတိုးလာဖွယ်ရှိကြောင်း ကမ္ဘာ့ဘဏ်၏ ထုတ်ပြန်ချက်က ဆိုသည်။
ကုန်သွယ်မှု၊ အပန်းဖြေခရီးသွားလုပ်ငန်းနှင့် သယ်ယူပို့ဆောင်ရေးလုပ်ငန်းများမှာ ၃၀ ရာခိုင်နှုန်းအောက် ကျဆင်းနေသည့်ပြင် အလုပ်အကိုင်ဆုံးရှုံးမှုနှင့် ဝင်ငွေထိခိုက်မှုကြောင့် ဝယ်လိုအား ဆက်လက်ကျဆင်းနေသည်ဟုလည်း ဆိုသည်။
ဘဏ်နှင့် ငွေသားအကျပ်အတည်း၊ ကုန်ကြမ်းရရှိမှုနှင့် အင်တာနက်ဝန်ဆောင်မှုအခက်အခဲများ ဆက်လက်ရင်ဆိုင်နေရဆဲဖြစ်ကာ မြန်မာကျပ်ငွေ တန်ဖိုးကျဆင်းမှုကြောင့် ကုန်ကျစရိတ်ကြီးမြင့်လာသည်ဟု ကမ္ဘာ့ဘဏ်၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
အာဏာသိမ်းပြီးနောက် စီးပွားရေးနယ်ပယ်တိုင်းတွင် ဘက်ပေါင်းစုံ ထိခိုက်နေ၍ နာလန်ထူရန် မလွယ်ကူချိန်တွင် ရင်းနှီးမြှုပ်နှံမှုအသစ် ဝင်လာနိုင်ခြေနည်းသည့်ပြင် ရှိပြီးသား နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများပါ ထွက်ခွာနေသည်ဟု ရန်ကုန်မြို့နေ စီးပွားရေးလေ့လာသုံးသပ်သူတစ်ဦးက ဆိုသည်။
“အခုလို ဗုံးတွေကွဲနေတယ်။ လျှပ်စစ်တွေ မရဘူး။ စည်းမျဉ်းစည်းကမ်းတွေက ပြောင်းချင်ရင်ပြောင်းနေတယ်။ မူဝါဒတို့ Business Environment က တည်ငြိမ်မှု မရှိဘူးဆိုရင်တော့ ဘယ်လိုလာမလဲ” ဟု ၎င်းက ဆိုသည်။
ရွေးကောက်ခံ အရပ်သားအစိုးရကို ဖြုတ်ချကာ စစ်တပ်က အာဏာသိမ်းယူပြီးနောက် နိုင်ငံတကာ အထင်ကရကုမ္ပဏီကြီးများ မြန်မာနိုင်ငံမှ ထွက်ခွာခဲ့ကြသည့်နည်းတူ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုစီမံကိန်းကြီးအချို့လည်း ရပ်ဆိုင်းခဲ့သည်။
မြန်မာနိုင်ငံတွင် နှစ်ပေါင်း ၃၀ နီးပါး လုပ်ကိုင်လာခဲ့သည့် ပြင်သစ်ရေနံကုမ္ပဏီကြီး Total သည်လည်း ရတနာကမ်းလွန်ရေနံစီမံကိန်းနှင့် မုတ္တမသဘာဝဓာတ်ငွေ့ပို့ဆောင်ရေးကုမ္ပဏီ (MGTC) မှ နုတ်ထွက်ရန် ဇန်နဝါရီ ၂၁ တွင် ထုတ်ပြန်ကြေညာသည်။
ရတနာကမ်းလွန်သဘာဝဓာတ်ငွေ့စီမံကိန်းတွင် အော်ပရေတာအဖြစ် လုပ်ကိုင်နေသည့် ပြင်သစ်ရေနံကုမ္ပဏီမှာ MGTC တွင်လည်း အဓိကရှယ်ယာရှင်တစ်ဦးဖြစ်သည်။ Total နည်းတူ အမေရိကန်ရေနံကုမ္ပဏီ Cheveron ကလည်း ရတနာစီမံကိန်းမှ ထွက်ခွာရန် စီစဉ်နေသည်ဟု ထုတ်ဖော်ပြောဆိုသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)