
စစ်ကိုင်းတိုင်းအထက်ပိုင်း ထီးချိုင့်မြို့နယ်တွင် တိုက်ပွဲများပြင်းထန်နေရာ မကြာသေးခင်ကမှ တပ်ဖွဲ့ဝင် ၆ ဦး သေဆုံးသော်လည်း စစ်ကောင်စီတပ် အထိနာအောင် တိုက်ခိုက်နေသည်ဟု ထီးချိုင့်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ထီးချိုင့် – PDF) က ဆိုသည်။
ယမန်နေ့ (ဇန်နဝါရီ ၁၉) နံနက် ၈ နာရီခန့်တွင် မြို့အရှေ့ဘက် ၃ မိုင်ခန့်အကွာရှိ ကြက်တစ်ကောင်ရွာနှင့် အင်ဒေါင်းရွာကြားတွင် ခြေလျင်စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်မှ ရှေ့ပြေး စစ်သား ၁၀ ဦးကို လက်လုပ်မိုင်းဖြင့် မိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်း ထီးချိုင့် – PDF အဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။
မိုင်းခွဲမှုကြောင့် စစ်သား ၈ ဦး နေရာမှာပင် လဲကျသေဆုံးသွားခဲ့ကြောင်း၊ နောက်ချန်တပ်များ တက်လာသည့်အခါ လက်နက်ကြီး၊ လက်နက်ငယ်များနှင့် တိုက်ခိုက်ခဲ့သည့်အတွက် စစ်ကောင်စီဘက်မှ နှစ်ဦး ထပ်မံသေဆုံးခဲ့သည်ဟု ၎င်းက ဆိုသည်။
“သူတို့ ကြက်တစ်ကောင်ကနေ ဝဲကြီးကို ဖြတ်ဆင်းတာမှာ အနီးကပ်ပစ်ကြတာ။ အဲဒီမှာ ၁၀ ယောက် ကျတယ်” ဟု ၎င်းက ပြောသည်။
တိုက်ပွဲအတွင်း ထီးချိုင့် – PDF ဘက်မှ တစ်ဦး ဒဏ်ရာရခဲ့သည်ဟု ၎င်းက ဆက်ပြောသည်။
ကြက်တစ်ကောင်ရွာအနီး တိုက်ပွဲဖြစ်နေသည့်အသံများကို မနက် ၈ နာရီခန့်မှစ၍ ကြားနေခဲ့ရကြောင်း အသက် ၅၀ အရွယ် ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။
“လက်နက်ကြီးသံရော၊ လက်နက်ငယ်သံရော နာရီဝက်လောက် ကြားရတယ်။ လက်နက်ကြီးနဲ့ ပစ်လိုက်၊ ရပ်သွားလိုက်၊ ပြန်ကြားလိုက်နဲ့ အဲဒီလိုဖြစ်တာဗျ” ဟု ၎င်းက ပြောပြသည်။
ဇန်နဝါရီ ၁၇ ကလည်း ထိုရွာအနီး တိုက်ပွဲဖြစ်ရာ စစ်ကောင်စီတပ်မှ အရာရှိတစ်ဦးအပါအဝင် ၄ ဦး သေဆုံးခဲ့သည်ဟု ထီးချိုင့် – PDF အဖွဲ့က သတင်းထုတ်ပြန်ထားသည်။
ထိုနေ့တွင် အင်းရွာမှ ဒေသခံတစ်ဦး၏နေအိမ် ဖျက်ဆီးခံရသလို အရပ်သားအစိုးရလက်ထက် လူထုရွေးကောက်ခံ ကျေးရွာအုပ်ချုပ်ရေးမှူး၏ နေအိမ်လည်း မီးရှို့ဖျက်ဆီးခံရသည်ဟု PDF ထံမှ သိရသည်။
တိုက်ပွဲအတွင်း ထိခိုက်သေဆုံးမှုနှင့် ပတ်သက်ပြီး Myanmar Now က သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးသလို စစ်ကောင်စီကလည်း ထိုဖြစ်ရပ်မျိုးကို သတင်းထုတ်ပြန်လေ့မရှိပေ။
တိုက်ပွဲများကြောင့် ကြက်တစ်ကောင်၊ အင်းရွာတို့မှ ဒေသခံများမှာ နီးစပ်ရာကျေးရွာများသို့ တိမ်းရှောင်နေရသည်ဟု သိရသည်။ စစ်ဘေးဒုက္ခသည်အရေအတွက်နှင့် အသေးစိတ်အခြေအနေများကို မသိရသေးပေ။
ထို့ပြင် ယမန်နေ့ည ၉ နာရီခန့်ကလည်း အင်းတော်မြို့မှ ပြန်လာသည့် စစ်ကောင်စီကား၂ စီးနှင့် စစ်သား ၁၆ ဦး ထီးချိုင့်မြို့အထွက်တွင် မိုင်းခွဲတိုက်ခိုက်ခဲ့ရာ အသေအပျောက် များပြားနိုင်ကြောင်း ပါဝင်တိုက်ခိုက်ခဲ့သည့် ထီးချိုင့် – PDF တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
“သူတို့(စစ်သား ၁၆ ဦး) က ကားတန်းကို လုံခြုံရေးလာယူတာ။ မိုင်းနှစ်လုံးမှာ တစ်လုံးက ကားတစ်စီးထိပြီးတော့ တစ်လုံးက သူတို့ကို တိုက်ရိုက်ထိတာ” ဟု ၎င်းက ဆိုသည်။
မိုင်းကွဲပြီးနောက် စစ်ကောင်စီကားနှစ်စီးလုံး မြို့တွင်းသို့ မောင်းပြေးသွားပြီး မြို့အထွက်ဆေးရုံသစ်တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်က ၎င်းတို့ရှိသည့်နေရာသို့ လက်နက်ကြီးနှစ်ချက် ပစ်ခတ်ခဲ့သည်ဟု အဆိုပါ PDF အဖွဲ့ဝင်ထံမှ သိရသည်။
တိုက်ပွဲပြီးသည့်နောက် စစ်ကောင်စီတပ်က လမ်းမီးများဖြတ်တောက် အမှောင်ချပြီး အလောင်းများ လာကောက်သွားသည်ဟု ဒေသခံတို့ထံမှ သိရကြောင်း ၎င်းက ဆက်လက်ပြောသည်။
ဇန်နဝါရီလဆန်းပိုင်းမှစ၍ ထီးချိုင့်မြို့နယ်အတွင်း ပြန်လည်ပြင်းထန်လာသည့် တိုက်ပွဲများအတွင်း နှစ်ဖက် အကျအဆုံးများနေသည်။
ထီးချိုင့်မြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် ယခုရက်ပိုင်းတိုက်ပွဲများနှင့် ဆက်စပ်အကြောင်းအရာများကြောင့် ထီးချိုင့် PDF တပ်ဖွဲ့ဝင် ၁၁ ဦး သေဆုံးခဲ့ပြီး ဒေသခံအချို့လည်း ဖမ်းဆီးခံရသည်ဟု ထီးချိုင့် – PDF ၏ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။
လေကြောင်းမှ ပစ်ကူခဲ့သည့် ဇန်နဝါရီ ၁၃ မရသိမ်ရွာအနီးတိုက်ပွဲ၌ PDF တစ်ဦး သေဆုံးကာ ၅ ဦး ဖမ်းဆီးသတ်ဖြတ်ခံရသည်။ ဇန်နဝါရီ ၁၆ တွင် ကြက်တစ်ကောင်ရွာသို့ စစ်ကြောင်းထိုးလာမည့် စစ်ကောင်စီစစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ရန် မိုင်းထောင်စဉ် မတော်တဆပေါက်ကွဲမှုကြောင့် ထီးချိုင့်- PDF တပ်ဖွဲ့ဝင် ၃ ဦး သေဆုံးခဲ့သည်။
အလားတူ ဇန်နဝါရီ ၁၉ တစ်နေ့တည်းတွင် ထီးချိုင့်မြို့ထဲမှ အရပ်သား ၄ ဦး ဖမ်းဆီးခံခဲ့ရသလို ထီးချိုင့်မြို့အရှေ့ဘက် မြတောင်ကျေးရွာမှ ဖမ်းဆီးခံရသည့် အရပ်သား ၆ ဦးမှာလည်း အစအနပျောက်နေသည်ဟု ဒေသခံများကို ကိုးကား၍ PDF ဘက်က ဆိုသည်။
ဇန်နဝါရီ ၁၀ ကလည်း အရပ်သား ၂ ဦးနှင့် ဒေသခံကာကွယ်ရေးအဖွဲ့- Eagle Army အဖွဲ့ဝင် ၂ ဦးကို စစ်ကောင်စီက သတ်ဖြတ်ခဲ့သည်။
ယနေ့တွင်မူ တိုက်ပွဲများငြိမ်သက်နေပြီး စစ်ကောင်စီတပ်က ထီးချိုင့်မြို့အရှေ့ဘက်ကမ်း တံတားအဆင်းတွင် အထိုင်ချကာ လမ်းသွားလမ်းလာများကို တင်းတင်းကျပ်ကျပ်စစ်ဆေးနေသည်ဟု ထီးချိုင့်ဒေသခံ အမျိုးသားတစ်ဦးထံမှ သိရသည်။
စစ်ကောင်စီတပ်သည် အာဏာသိမ်းပြီးနောက် ငြိမ်းချမ်းစွာဆန္ဒပြခဲ့ကြသူများကို ပစ်ခတ်ဖြိုခွင်းခဲ့သည့်အတွက် မြို့နယ်များအလိုက် လက်နက်ကိုင်တော်လှန်ရေးသို့ ကူးပြောင်းလာရာ ထိုအထဲတွင် ထီးချိုင့်မြို့လည်း ပါဝင်လာသည်။
ထီးချိုင့် PDF သည် အခြား PDF များကဲ့သို့ပင် လက်နက်အင်အား နည်းပါးသော်လည်း နယ်မြေကျွမ်းကျင်မှု၊ ဒေသခံလူထု၏ ထောက်ခံမှု၊ စိတ်ဓာတ်တက်ကြွမှု စသည့် အားသာချက်များ ရှိနေသည်။
ဧရာဝတီမြစ်ကြောင်းကို အသုံးပြုပြီး လက်နက်၊ ခဲယမ်းနှင့် စစ်သည်များ တင်ပို့နေသည့် စစ်ကောင်စီတပ်များကို စစ်ကိုင်းတိုင်းနှင့် ကချင်ပြည်နယ် နယ်စပ်မျဉ်းအနီးတွင်ရှိသည့် ထီးချိုင့်၊ ကသာနှင့် ကောလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်လေ့ရှိသည်။
(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။