သတင်း

ဒီးမော့ဆိုနှင့် လွိုင်ကော်တွင် ထပ်မံဗုံးကြဲတိုက်ခိုက်ခံရ 

ကယားပြည်နယ်မြို့တော် လွိုင်ကော်နှင့် ဒီးမော့ဆိုမြို့နယ် နန်းမယ်ခုံမြို့တွင် ယနေ့ (ဇန်နဝါရီ ၁၆) ညနေပိုင်းက တိုက်လေယာဉ်များဖြင့် ဗုံးကြဲတိုက်ခိုက်ခံရကြောင်း ဒေသခံအချို့နှင့် KNDF ထံမှ သိရသည်။

နန်းမယ်ခုံမြို့၌ ညနေ ၅ နာရီ ၄၀ မိနစ်တွင် တိုက်လေယာဉ်နှစ်စီး လေးကြိမ်တိုင် ပျံဝဲပြီးနောက် နောက်ဆုံးအကြိမ်တွင် ဗုံးကြဲချခဲ့ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) တပ်ဖွဲ့ဝင်တစ်ဦးက Myanmar Now ကို ပြောသည်။

“လာပြီးတော့ ကင်းထောက်တယ်။ ပထမဆုံး တစ်လုံးကြဲတယ်။ နောက်အခေါက်မှာ ငါးလုံးလောက်ရှိမယ်။ ပြည်သူတွေလဲ ပြေးနေကြတယ် အခုက” ဟု အဆိုပါ KNDF တပ်ဖွဲ့ဝင်က ပြောသည်။ 

နန်းမယ်ခုံမြို့တွင် တိုက်ပွဲဖြစ်ပွားခြင်း မရှိသော်လည်း စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကာ မြို့ခံအများစုမှာမူ ပြီးခဲ့သည့် သီတင်းပတ်ကတည်းက ထွက်ပြေးတိမ်းရှောင်နေကြပြီး အနည်းငယ်သာ ကျန်ရှိနေသည်ဟု သိရသည်။ 

အဆိုပါ တိုက်လေယာဉ်နှစ်စင်းသည် နန်းမယ်ခုံမြို့နှင့် ၇ မိုင်ခန့်အကွာရှိ လွိုင်ကော်မြို့ မိုင်းလုံးရပ်ကွက်ကိုလည်း ယနေ့ညနေပိုင်း၌ပင် ဗုံးကြဲခဲ့ကြောင်း မြို့ခံအမျိုးသားတစ်ဦးက ပြောသည်။

“မိုင်းလုံးပတ်ဝန်းကျင်မှာလဲ အိမ်တချို့ထိတယ်ဗျ။ လေယာဉ်က ခြောက်ခါကြဲသွားတာဗျ။ ကြဲတဲ့အထဲမှာ မိုင်းလုံးဘက်ကိုလဲ ကြဲတယ်၊ နန်းမယ်ခုံဘက်ကိုလဲ ကြဲတယ်” ဟု ၎င်းက ဆိုသည်။ 

လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခံရသဖြင့် နန်းမယ်ခုံတွင် ထိခိုက်သေဆုံးသူ တချို့ရှိကြောင်း ဒီးမော့ဆိုမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ် PDF က သတင်းထုတ်ပြန်သည်။

လွိုင်ကော်မြို့ မိုင်းလုံးရပ်ကွက်တွင် ယနေ့နံနက်ပိုင်းက ဒေသခံ ကရင်နီပူးပေါင်းတပ်များနှင့် တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ သေဆုံးသူအများအပြားရှိကြောင်းလည်း ထုတ်ပြန်ချက်က ဆိုသည်။​

စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်မှုများကြောင့် သောင်းနှင့်ချီသော မြို့ခံများ ထွက်ပြေးတိမ်းရှောင်နေရသည့် လွိုင်ကော်မြို့တွင် ဇန်နဝါရီ ၆ ရက်မှစ၍ တိုက်ပွဲများ စတင်ဖြစ်ပွားခဲ့သည်။ 

လွိုင်ကော်မြို့ မိုင်းလုံးနှင့် ဒေါဥခူတိုက်ပွဲများအတွင်း ယနေ့အထိ စစ်ကောင်စီဘက်မှ အနည်းဆုံး ၇၀ ကျော်သေဆုံးခဲ့ပြီး ၎င်းတို့ဘက်တွင်လည်း ထိခိုက်သေဆုံးသူ အချို့ရှိကြောင်း ကရင်နီပူးပေါင်းတပ်များက ထုတ်ပြန်ထားသည်။ 

မြေပြင်တွင် အထိနာလျက်ရှိသော စစ်ကောင်စီက ကယားပြည်နယ်အတွင်း လွိုင်ကော်၊ ဒီးမော့ဆိုနှင့် ရှားတောမြို့နယ်များတွင် တိုက်လေယာဉ်များဖြင့် ဗုံးကြဲခြင်း၊ ရဟတ်ယာဉ်များဖြင့် အနီးကပ်ပစ်ကူပေးခြင်းအပြင် လက်နက်ကြီးများဖြင့်လည်း ပစ်ခတ်တိုက်ခိုက်နေသည်။ 

လွိုင်ကော်မြို့ပေါ်တိုက်ပွဲများအတွင်း စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်ခြင်းနှင့် လက်နက်ကြီး၊ လက်နက်ငယ်ကြောင့် ပြည်သူ ၇ ဦးထက်မနည်း သေဆုံးခဲ့ပြီး မိုင်းလုံးရပ်ကွက်တွင် နေအိမ်များ မီးလောင်ပျက်စီးခဲ့သလို ဒေါဥခူရပ်ကွက်တွင်လည်း ကက်သလစ်ဘုရားကျောင်းတစ်ကျောင်း ထိခိုက်ပျက်စီးခဲ့သည်။

လက်ရှိတွင် ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နှင့် ကယားပြည်နယ်တို့ ပါဝင်သည့် ကရင်နီဒေသတွင် ဒေသခံပြည်သူ နှစ်သိန်းနီးပါး စစ်ဘေးရှောင်နေရသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။

Show More

Related Articles

Back to top button