သတင်း

တီးတိန်တွင် စစ်ကောင်စီက လေကြောင်းမှ တိုက်ခိုက်နေ

ချင်းပြည်နယ်မြောက်ပိုင်း တီးတိန်မြို့နယ်၊ ဟိန်းဇိန်ရွာအနီးတွင် ယနေ့(ဇန်နဝါရီ ၁၅)နံနက်ပိုင်းမှစ၍ တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်က လေကြောင်းမှ တိုက်ခိုက်ခဲ့သည်ဟု ဒေသခံကာကွယ်ရေးအဖွဲ့များထံမှ သိရသည်။ 

ကလေးမြို့အနောက်ဘက် မိုင် ၂၀ ခန့်အကွာရှိ ထိုနေရာတွင် အင်အား ၁၅၀ ကျော်ပါဝင်သည့် မြေပြင်စစ်ကြောင်းကို ချင်းဒေသကာကွယ်ရေးပူးပေါင်းအဖွဲ့များက နံနက် ၈နာရီဝန်းကျင်မှစ၍ ပူးပေါင်းစစ်ဆင်ရာတွင် စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုရှိမည်ဟု ၎င်းတို့က ခန့်မှန်းသည်။ ထို့အတူ သေနတ် ၂ လက်နှင့် ကျည်အချို့ သိမ်းဆည်းရမိသည်ဟု ဆိုသည်။

တောင်စောင်းနေရာတွင် တိုက်ခိုက်ခြင်းဖြစ်ရာ ဒေသကာကွယ်ရေးအဖွဲ့က ရာသီဥတုနှင့် နယ်မြေကျွမ်းကျင်မှုတို့ကို အားသာချက်ယူ တိုက်ခိုက်နိုင်ခဲ့သဖြင့် စစ်သား ၁၀ ဦးထက်မနည်း သေဆုံးမည်ဟု ထိုအဖွဲ့များဘက်က ပြောသော်လည်း သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

မိုင်းဒဏ်ကြောင့် စစ်ကောင်စီတပ် အထိနာခြင်းဖြစ်သည်ဟု Civic Defense Militia လက်နက်ကိုင်အဖွဲ့မှ အဖွဲ့ဝင်တစ်ဦးက ပြောသည်။

“ထောင်ထားတဲ့ မိုင်းကွင်းတွေမိပြီးတော့ (စစ်ကောင်စီဘက်က) တော်တော်လေး အကျအပျောက်များမယ် ထင်တယ်။ ခန့်မှန်းခြေကတော့ ၁၀ ယောက်၊ ၁၅ ယောက်ဝန်းကျင်ထင်တယ်။ မိုင်းမိတာလဲ ပါတယ်။ မိုင်းမိတော့ ကားထိုးရပ်တဲ့ အချိန်မှာ ကျွန်တော်တို့ဘက်ကလဲ ထိုးစစ်ဆင်တာပေါ့” ဟု သူက ပြောသည်။

တိုက်ပွဲစတင်ပြီး လေးနာရီခန့်အကြာ နေ့လယ် ၁၂ နာရီဝန်းကျင်တွင် ကလေးမြို့၊ ကလေးတက္ကသိုလ်ဝင်းအတွင်း တပ်စွဲထားသည့် စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ကူပေးခဲ့ကြောင်း၊ မွန်းလွဲ ၂နာရီခန့်တွင် လေယာဉ် ၂ စီးလည်း လာရောက်ပစ်ခတ်ကြောင်း PDF Zoland အဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူထံမှ သိရသည်။

“(မနက်က စစ်ကြောင်းက)တိုးလာတော့ ကျွန်တော်တို့ လှန်နိုင်ခဲ့တယ်။…မနက်ပိုင်း တောက်လျှောက်တိုက်ပွဲဖြစ်တာ။ အထိနာလို့ထင်ပါတယ်၊ နေ့လယ်ကျတော့ လေယာဉ်နဲ့ လာတိုက်တော့တာ”ဟု  ၎င်းက ပြောသည်။

ချင်းအမျိုးသားတပ်ဦး (CNF), ချင်းအမျိုးသားကာကွယ်ရေးအဖွဲ့ (CNDF), PDF Zoland, Civic Defense Militia, People Defense Army (PDA), Zogarm Army စသည့် ဒေသခံကာကွယ်ရေးအဖွဲ့များ ပူးပေါင်း၍ စစ်ကောင်စီကို တိုက်ခိုက်နေခြင်းဖြစ်သည်။

ထိုသို့ စစ်ကောင်စီ၏ လက်နက်ကြီးနှင့် လေကြောင်းတိုက်ခိုက်မှုများကြောင့် ဒေသခံကာကွယ်ရေးအဖွဲ့များဘက်မှ ၇ ဦး ထိခိုက်ကာ ယင်းတို့အနက်  ၂ ဦးမှာ ဒဏ်ရာပြင်းထန်သည်ဟု ထိုအဖွဲ့များထံမှ စုံစမ်းသိရှိရသည်။

အပြင်းအထန်ခုခံနေသည့် ထိုနေရာမှ ၇ မိုင်ခန့်အကွာရှိ သိုင်းငင်းရွာ လမ်းခွဲမှတစ်ဆင့် ချင်းပြည်နယ်တောင်ပိုင်းနှင့် မြောက်ပိုင်းသို့ ဆက်လက်ဦးတည်နိုင်၍ တိုက်ပွဲများ ပို၍ပြင်းထန်လာနိုင်ကြောင်း ဒေသခံကာကွယ်ရေးအဖွဲ့များက ခန့်မှန်းသည်။

အဆိုပါ စစ်ကြောင်းသည် ဇန်နဝါရီ ၁၂ ရက်တွင် အိမ်စီးကားများကို အကာအကွယ်ယူ၍ ကလေးမြို့မှ ထွက်ခွာလာကြောင်း၊ နောက်နှစ်ရက်ဆက်တိုက် တီးတိန်မြို့နယ် ထေးဇန်းရွာအနီးတွင် တိုက်ခိုက်ခဲ့သော်လည်း ယနေ့တွင် ဟိန်းဇိန်ကျေးရွာအနီးသို့ ထိုစစ်ကြောင်းရောက်လာခြင်းဖြစ်ကြောင်း အထက်ပါအဖွဲ့များထံမှ သိရသည်။

ထို့ပြင် တီးတိန်မြို့သို့ ဖလမ်းမြို့ဘက်မှ ထွက်လာသည့် အင်အား ၁၆၀ ကျော်ပါဝင်သည့် စစ်ကြောင်းတစ်ခုလည်း ယနေ့ မွန်းလွဲပိုင်းတွင် ဗားရ်တံတားအနီး ရောက်ရှိနေပြီဖြစ်ကြောင်း PDF Zoland ထံမှ သိရသည်။

လက်နက်ကိုင်ခုခံမှုအားကောင်းသည့် ချင်းပြည်နယ်ကို ၂၀၂၁၊ အောက်တိုဘာလမှစ၍ အနော်ရထာစစ်ဆင်ရေးအမည်ဖြင့် စစ်ကောင်စီက စစ်ရေးလှုပ်ရှားမှုများ လုပ်နေခြင်းဖြစ်သည်။ 

ချင်းပြည်နယ်တောင်ပိုင်းနှင့် မြောက်ပိုင်းသို့ စစ်အင်အားဖြည့်တင်းမှုများကို ယခုနှစ်ဆန်းပိုင်းတွင် ထပ်မံပြုလုပ်ခဲ့ပြီးနောက် ကြည်းကြောင်း၊ လေကြောင်းသုံး၍ စစ်ကောင်စီက တိုက်ခိုက်နေသည်။

အထက်ပါဖြစ်စဉ်များနှင့် ပတ်သက်၍ စစ်ကောင်စီထံ မေး၍မရသေးသလို ယမန်နေ့ သတင်းစာရှင်းလင်းပွဲတွင်လည်း စစ်ကောင်စီက ထုတ်ဖော်ပြောဆိုခြင်း မရှိပေ။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button