သတင်း

စစ်ကိုင်းတိုင်းရှိ PDF စခန်းများ အကြီးအကျယ် စီးနင်းတိုက်ခိုက်ခံနေရ 

လနှင့်ချီကာ ခုခံတော်လှန်မှုပြင်းထန်နေသည့် စစ်ကိုင်းတိုင်းအတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) စခန်းတချို့ ရှိသည့် နေရာကို စစ်ကောင်စီက ယခုရက်ပိုင်းအတွင်း မြေပြင်စစ်ကြောင်းများအပြင် လေကြောင်းဖြင့်ပါ အကြီးအကျယ် စီးနင်းတိုက်ခိုက်လျက်ရှိသည်။

စစ်ကိုင်းတိုင်းတောင်ပိုင်းရှိ ဒေသခံ PDF အဖွဲ့၏ လက်နက်ထုတ်လုပ်ရေးစခန်းနှင့် ထီးချိုင့်မြို့နယ်ရှိ PDF အခြေခံစခန်းတစ်ခုကို ဇန်နဝါရီ ၁၃ တွင် စီးနင်းတိုက်ခိုက်ခဲ့သည့်နည်းတူ ယမန်နေ့ (ဇန်နဝါရီ ၁၄) တွင်လည်း ဒီပဲယင်း၊ ခင်ဦးနှင့် ရေဦးမြို့နယ်များတွင် လေကြောင်းတိုက်ခိုက်ခဲ့သည်။

ကချင်ပြည်နယ်အစပ် ဧရာဝတီမြစ်ပေါ်ရှိ ထီးချိုင့်မြို့၏ အနောက်တောင်ဘက် ၅ မိုင်ခန့်အကွာ မရသိမ်ကျေးရွာအနီးရှိ PDF အခြေခံစခန်းကို စစ်ကောင်စီက စစ်ကြောင်းထိုးတိုက်ခိုက်ရာတွင် လေကြောင်းနှင့် လက်နက်ကြီးပစ်ကူများ ရယူခဲ့သည်။​

ဇန်နဝါရီ ၁၃ နံနက်အစောပိုင်းကတည်းက စစ်ကောင်စီတပ်သားများ ရဟတ်ယာဉ်နှစ်စီးဖြင့် ရောက်လာသည်၊ လက်နက်ကြီးပစ်ကူဖြင့် ထိုးစစ်ဆင်သည်ဟု ထီချိုင့်ဒေသခံတစ်ဦးက Myanmar Now ကို ထိုနေ့တွင် ပြောသည်။

“မနက် ၆ ခွဲလောက်ကစပြီး လက်နက်ကြီးတွေ တဒိန်းဒိန်းပစ်နေတာ။ မရသိမ်မှာဖြစ်နေတာ။ အဲဒီမှာ PDF စခန်းရှိတယ် ထင်တယ်” ဟု ထိုဒေသခံက ဆိုသည်။ 

လက်နက်ကြီးများပစ်ခတ်စဉ် တိုက်လေယာဉ်နှစ်စီးက ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်းလည်း ထီးချိုင့်မြို့နယ် PDF အဖွဲ့ဝင်တစ်ဦးက ဆိုသည်။​

စစ်ကောင်စီတပ်က အင်အားဖြည့်တင်းနေသောကြောင့် မရသိမ်၊ စဉ့်ကူးဆိပ်၊ တောမ၊ ဝါးဘိုးချောင်း၊ ပတ်တဲ၊ ကျည်းကန်းချောင်း၊ ထုံးဘို စသည့်ကျေးရွာများမှ ဒေသခံများမှာ တိုက်ပွဲမစတင်မီ ညဦးပိုင်းကတည်းက ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။​

ထီးချိုင့်မြို့နယ် မရသိမ်ကျေးရွာ စာသင်ကျောင်းအတွင်း နေရာယူထားသည့် PDF များကို တိုက်ခိုက်ခဲ့သည်ဟု စစ်ကောင်စီက သတင်းထုတ်ပြန်ခဲ့သော်လည်း လေကြောင်းတိုက်ခိုက်ခြင်းကို ဖော်ပြခြင်း မရှိပေ။ 

ကြိုတင်သတင်းရရှိထားသောကြောင့် ရှောင်ထွက်နိုင်ခဲ့သည်ဟု ဒေသခံ PDF အဖွဲ့က ဆိုသည့်နည်းတူ စစ်ကောင်စီ၏ ထုတ်ပြန်ချက်တွင်လည်း လက်လုပ်သေနတ်အချို့နှင့် လက်နက်ခဲယမ်းပြုလုပ်ရာတွင် အသုံးပြုသော ပစ္စည်းများသိမ်းဆည်းရမိသည်ဟုသာ ဖော်ပြထားသည်။​

စစ်ကိုင်းတိုင်းတောင်ပိုင်း ပုလဲနှင့် ယင်းမာပင်မြို့နယ်ကြားရှိ ဒေသခံ PDF အဖွဲ့၏ လက်နက်ထုတ်လုပ်ရေးစခန်းကို ဇန်နဝါရီ ၁၃ ၌ပင် စစ်ကောင်စီက ရဟတ်ယာဉ်နှစ်စီးဖြင့် စီးနင်းတိုက်ခိုက်ခဲ့သည်။

အလှူငွေဖြင့် လက်လုပ်မိုင်း၊ သေနတ်၊ ရှော့တိုက်ဒုံးစသည့် လက်နက်ကြီးလက်နက်ငယ်များ ထုတ်လုပ်ဖြန့်ဖြူးနေသော စခန်းစီးနင်းခံရမှုကြောင့် ကာလတန်ဖိုး ကျပ်သိန်း ၃၀၀၀ ခန့် ဆုံးရှုံးခဲ့သည်ဟု စခန်းတာဝန်ခံတစ်ဦးဖြစ်သူ ကိုဖီးနစ်ဆိုသူက Myanmar Now ကို ပြောသည်။​

“ဆုံးရှုံးသွားတဲ့ ပစ္စည်းတန်ဖိုးတွေတော့ နှမြောတာပေါ့ဗျာ။ ဒါပေမဲ့ အဖွဲ့သားအားလုံးက ပြန်ပြီးတော့ တော်လှန်ရေးလုပ်မှာ ဖြစ်တဲ့အတွက် ပြုံးပြုံးရွှင်ရွှင်နဲ့ ပြန်ပြီးတော့ အားယူနေပါတယ်” ဟု ၎င်းက ယမန်နေ့တွင် ပြောသည်။ 

လက်လုပ်လက်နက်များ ထုတ်လုပ်ပေးသော Weapons Installation စခန်း၏ အဖွဲ့ဝင်များကို ယနေ့ (ဇန်နဝါရီ ၁၄) နံနက်က တွေ့ရစဉ်။ (ဓာတ်ပုံ-ပေးပို့)

စစ်ကောင်စီတပ်က ကြိုတင်တပ်စွဲခဲ့သောကြောင့် ယင်းမာပင်မြို့နယ်အတွင်းရှိ ပုထိုးသာ၊ ရင်ပေါင်တိုင်၊ ရွာနောင်၊ ပုပ္ပါ၊ ဆင်တဲ၊ မြင်သာကုန်း၊ အေးကုန်း၊ မုံသွင် စသည့်ကျေးရွာများမှ ထောင်ဂဏန်းရှိ ဒေသခံများ စစ်ရှောင်ခဲ့ရသည်။

ပုထိုးသာရွာအနီးရှိ PDF ၏ ထုတ်လုပ်ရေးစခန်း စီးနင်းခံရစဉ် PDF အဖွဲ့ဝင်များ ထွက်ပြေးလွတ်မြောက်ခဲ့ပြီး ဒေသခံအချို့ ထိခိုက်သေဆုံးသည် ဆိုသော်လည်း သီးခြားအတည်ပြုနိုင်ခြင်း မရှိပေ။

စစ်ကိုင်းတိုင်းအလယ်ပိုင်းရှိ ဒီပဲယင်း၊ ခင်ဦးနှင့် ရေဦးမြို့နယ်အတွင်း ကျေးရွာများကို စစ်ကောင်စီက ယမန်နေ့တွင် မြေပြင်စစ်ကြောင်းအပြင် ရဟတ်ယာဉ်များဖြင့်ပါ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဒေသခံအချို့ထံမှ သိရသည်။

ဒီပဲယင်းမြို့နယ် အရှေ့ဘက်ခြမ်းရှိ ယဉ်ကျေးရွာအနီးတွင် ယမန်နေ့ မွန်းလွဲ ၁ နာရီခန့်က ရောက်ရှိလာသည့် ရဟတ်ယာဉ်သုံးစီးက ဘုန်းကြီးကျောင်းကို စတင်ပစ်ခတ်ပြီးနောက် စစ်သားများချထားခဲ့သည်ဟု အသက် ၄၀ အရွယ် ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ 

“ရဟတ်ယာဉ်ပေါ်က ပစ်တာ။ ယဉ်ကျေးရွာ ဘုန်းကြီးကျောင်းနားတစ်ဝိုက်မှာပဲ တော်တော်များများ ပစ်သွားတာ။။ အထိအခိုက် အသေအပျောက်စာရင်းကတော့ မေးမရသေးဘူး” ဟု ထိုအမျိုးသားက ယမန်နေ့ညနေပိုင်းတွင် Myanmar Now ကို ပြောသည်။ 

မည်သည့်အတွက်ကြောင့် စစ်ကောင်စီက ရဟတ်ယာဉ်များဖြင့် တိုက်ခိုက်ခဲ့သည်ကို မသိရသေးသော်လည်း ရဟတ်ယာဉ်သုံးစီးက လက်နက်ကြီးလက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့ကြောင်း ထိုဒေသရှိ ဂဠုန်တပ်တော်အမည်ရ PDF အဖွဲ့က ထုတ်ပြန်သည်။ 

ထို့နောက် အင်အား ၁၀၀ ခန့်ရှိ စစ်ကောင်စီတပ်က ဒီပဲယင်းအရှေ့ဘက်ရှိ ရေဦးမြို့နယ် မုတ်စီရွာသို့ ချီတက်ရာတွင် ရဟတ်ယာဉ်က ဝေဟင်မှနေ၍ လုံခြုံရေးယူပေးထားကြောင်းလည်း အထက်ပါ ဒေသခံအမျိုးသားက ဆိုသည်။

ယဉ်ကျေးရွာဘုန်းကြီးကျောင်းကို ပစ်ခတ်သည့် ရဟတ်ယာဉ်များအနက် နှစ်စီးမှာ မူးမြစ်ကြောင်းတစ်လျှောက် ပျံဝဲလာကာ စစ်သားများချထားခဲ့ကြောင်း၊ ရဟတ်ယာဉ်ပေါ်မှ ပစ်ခတ်၍ ကျေးရွာ ၆ ခုမှ ထောင်နှင့်ချီသော ဒေသခံများ ထွက်ပြေးရကြောင်း ခင်ဦးမြို့နယ် ရွာသစ်ကုန်းရွာမှ အသက် ၃၀ အရွယ် အမျိုးသားတစ်ဦးက ပြောသည်။​

“ကျွန်တော်မြင်လိုက်ရတာကေတာ့ ရေဦး မကျည်းတောရပ်ကွက်ကနေ တစ်စင်းတက်လာတယ်။ မူးချောင်းတစ်လျှောက်ပေါ့။ ဒီပဲယင်းကနေ တစ်စင်းတက်လာတယ်ဗျ။ သေတာတော့ မရှိသေးဘူးဗျ။ ရဟတ်ယာဉ်လာလို့ အရိပ်အောက်ကနေ မထွက်နဲ့လို့ ပြောထားရတယ်” ဟု ၎င်းက ဆိုသည်။​

စစ်ကိုင်းတိုင်း ရေဦးမြို့နယ် ယဉ်ကျေးရွာရှိ PDF များ ခိုအောင်းနေသော ဘုန်းကြီးကျောင်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း၊ လက်လုပ်မိုင်းနှင့် လက်လုပ်သေနတ်များ၊ ဆိုင်ကယ်အစီး၂၀၊ မော်တော်ယာဉ်တစ်စီး၊ ဆန်နှင့် ကြက်သွန်နီအိတ်များ သိမ်းဆည်းရမိခဲ့ကြောင်း စစ်ကောင်စီက ယနေ့ထုတ် နိုင်ငံပိုင်သတင်းစာများတွင် ထုတ်ပြန်ထားသည်။ သို့သော် ရဟတ်ယာဉ်များနှင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ကိုမူ ဖော်ပြမထားပေ။ 

စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်တွင် နိုဝင်ဘာ ၈ ရက်မှစ၍ စစ်ကောင်စီက စစ်ရဟတ်ယာဉ်ခြောက်စီး အသုံးပြုကာ စစ်အင်အား ၁၅၀ ခန့် လာရောက်ချထားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ 

ပြီးခဲ့သည့် ဒီဇင်ဘာလလယ်မှစ၍ စစ်ကောင်စီက ဒေသခံ PDF များကို စစ်ကြောင်းထိုးနှိမ်နင်းရာတွင် ရဟတ်ယာဉ်များဖြင့် အင်အားဖြည့်တင်းခြင်း၊ ပစ်ခတ်ခြင်း အပါအဝင် တိုက်လေယာဉ်များပါ သုံးစွဲလာသည်ကို တွေ့ရသည်။

ဒီဇင်ဘာ ၁၇ ရက်က စစ်ကိုင်းတိုင်းနှင့် ထိစပ်နေသည့် မကွေးတိုင်းမြောက်ပိုင်း ဂန့်ဂေါမြို့နယ် နှမ်းခါးရွာတွင် PDF များရှိသည်ဟု ယူဆကာ စစ်ကောင်စီက ရဟတ်ယာဉ်သုံးစီးဖြင့် စီးနင်းတိုက်ခိုက်ခဲ့သည်။ ထိုသို့ တိုက်ခိုက်ခံရမှုကြောင့် အရပ်သား ၂၀ ထက်မနည်း သေဆုံးနိုင်သည်ဟု ယောဒေသကာကွယ်ရေးအဖွဲ့ (YDF) က ခန့်မှန်းခဲ့ပြီး ရုပ်အလောင်း ၉ လောင်းကို နှစ်ရက်အကြာတွင် တွေ့ရှိခဲ့သည်။

စစ်ရဟတ်ယာဉ်များဖြင့်ပါ တိုက်ခိုက်ခံရသည့် ဂန့်ဂေါမြို့နယ် နှမ်းခါးရွာတွင် ရှာဖွေတွေ့ရှိခဲ့သည့် ရုပ်အလောင်းများ။ (ဓာတ်ပုံများ – ပေးပို့)

ထို့ပြင် စစ်ကိုင်းတိုင်းအနောက်ခြမ်း ကလေးမြို့နယ်တောင်ပိုင်းရှိ နတ်ချောင်းရွာတွင်လည်း ဒီဇင်ဘာ ၂၃ ရက်က ဒေသခံ PDF များနှင့် တိုက်ပွဲအတွင်း စစ်ကောင်စီက ရဟတ်ယာဉ်များ အသုံးပြုတိုက်ခိုက်ခဲ့သည်။

နတ်ချောင်းရွာတစ်ဝိုက် ထိုနေ့နှင့် နောက်ဆက်တွဲတိုက်ခိုက်ခံရမှုများကြောင့် အရပ်သား ၁၉ ဦးသေဆုံးကာ မီးရှို့ဖျက်ဆီးခံရသည့် နေအိမ် ၃၀ ရှိကြောင်း ၂၀၂၀ ရွေးကောက်ပွဲတွင် တိုင်းလွှတ်တော်အမတ်အဖြစ် ရွေးချယ်ခံခဲ့သူတစ်ဦးက ပြောဆိုသည်။​

ပုလဲမြို့နယ်အနောက်ဘက်ရှိ ဦးနှောက်ရွာတွင် ဒေသခံ PDF ခေါင်းဆောင်ရှိသည်ဆိုကာ စစ်ကောင်စီက ဇန်နဝါရီ ၁၀ တွင် ရဟတ်ယာဉ်သုံးစီးဖြင့် ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့သည်။ အဆိုပါတိုက်ခိုက်မှုအတွင်း စစ်ကောင်စီအလိုရှိနေသည့် PDF ခေါင်းဆောင် ဖမ်းဆီးခံရခြင်း မရှိသော်လည်း ဒေသခံအချို့ ဖမ်းဆီးသတ်ဖြတ်ခံခဲ့ရသည်။ 

ထိုသို့သော စီးနင်းတိုက်ခိုက်မှုများအတွင်း လေကြောင်းအသုံးပြုတိုက်ခိုက်ခြင်း၊ ဒေသခံများ ဖမ်းဆီးသတ်ဖြတ်ခံရခြင်း၊ ထောင်နှင့်ချီသော ထွက်ပြေးတိမ်းရှောင်နေရသူများနှင့် ပတ်သက်၍ စစ်ကောင်စီက ၎င်း၏သတင်းထုတ်ပြန်ချက်များတွင် ထည့်သွင်းဖော်ပြလေ့ မရှိပေ။

စစ်ကိုင်းတိုင်းပြည်သူလူထု ပါဝင်သည့် ပြည်သူ့လုံခြုံရေးစခန်းကို စတင်အကောင်အထည်ဖော်နေပြီဖြစ်ကြောင်း နေပြည်တော်၌ ယမန်နေ့က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားခဲ့သည်။ 

PDF အဖွဲ့ဝင် ၁၄၀၀ ကျော်ကို ဖမ်းမိထားသည်ဟု ဆိုသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button