နေမကောင်းဖြစ်နေသော ၇ နှစ်အရွယ် သမီးငယ်က မမြင်ရမတွေ့ရသည်မှာ တစ်လကျော်နေပြီဖြစ်သော ဖခင်နှင့် တွေ့လိုကြောင်း မစိုးစိုးကို ပူဆာနေသည်။
မမစိုးစိုးမှာ စစ်ကောင်စီက ဖမ်းဆီးသွားပြီးနောက် အစအနပျောက်နေသူ မန္တလေးမြို့နေ ကိုသီဟ၏ ဇနီးသည်ဖြစ်သည်။
ရောက်ရာအရပ်မှ သမီးငယ်နှင့် ဇနီးထံ မပြတ်ဆက်သွယ်လေ့ရှိသူ ကိုသီဟမှာ ပြီးခဲ့သည့် ဒီဇင်ဘာ ၄ ရက်က မန္တလေးမြို့အနီးတစ်ဝိုက်တွင် ဖမ်းဆီးခံခဲ့ရသည်။
စစ်ကောင်စီ ဖမ်းသွားသည့် အိမ်ထောင်ဦးစီး ခင်ပွန်းသည် ကိုသီဟ မည်သည့်နေရာတွင်၊ မည်သို့အခြေအနေရှိမှန်း မစိုးစိုးတစ်ယောက် မသိပေ။
“ဖေဖေလာမှာပေါ့ သမီးရယ်၊ အလုပ်တွေလုပ်နေလို့ပါ။ အဲဒီလိုမျိုးပြောထားတာပေါ့ အဝေးမှာ အလုပ်လုပ်နေတယ်ပေါ့။ ဖေဖေပြန်မလာနိုင်သေးဘူးပေါ့။ အဲဒီလိုမျိုး ပြောထားတယ်” ဟု ဖခင်ကို မျှော်နေသူ သမီးငယ်နှင့် ပတ်သက်၍ မစိုးစိုးက ပြောသည်။
စာပေ၊ ဂီတ၊ အနုသုခုမ ထွန်းကားသော မန္တလေးမြို့တွင် နေထိုင်သည့် မစိုးစိုးတို့ သားအမိနှစ်ဦးမှာ အရောင်းစာရေးဝန်ထမ်း ခင်ပွန်းသည်၏ အရိပ်အာဝါသအောက်တွင် စိတ်အေးချမ်းသာစွာ နေထိုင်နိုင်ခဲ့ကြသည်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းပြီးနောက်တွင်မူ အခြေအနေက ကပြောင်းကပြန်ဖြစ်ကုန်သည်။
အာဏာသိမ်းပြီး သုံးလဝန်းကျင်အကြာတွင် မိသားစု ပုံမှန်ဝင်ငွေအတွက် လျှပ်စစ်ပစ္စည်းဆိုင်တစ်ခုတွင် ဝန်ထမ်းလုပ်ရင်း ဖြည့်ဆည်းပေးနေသည့် ကိုသီဟ အလုပ်ထွက်လိုက်သည်။
မိသားစုကို ထားရစ်ကာ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုများတွင် ကိုသီဟ ပါဝင်ဖြစ်ခဲ့သည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင်တစ်ဦးလည်းဖြစ်သည့် သူ့ကို စစ်ကောင်စီက ပစ်မှတ်ထားလာသည်။
သို့ဖြင့် မည်သည့်ပုဒ်မဖြင့် အမှုဖွင့်ခံထားရခြင်း ရှိမရှိ အသေအချာ မသိရသော်လည်း ထွက်ပြေးတိမ်းရှောင်နေရသည်မှာ ကြာပြီဖြစ်သည်။
လွန်ခဲ့သော တစ်လကျော်ဖြစ်သော ဒီဇင်ဘာ ၄ ရက်တွင် ကိုသီဟ အဖမ်းခံရသည်ဆိုသော သတင်း မစိုးစိုးထံ ရောက်လာသည်။
အခြေအနေအသေးစိတ်ကိုမူ မည်သူမျှ မသိရပေ။ ပြင်ဦးလွင်ရှိ စစ်ကြောရေးစခန်းတစ်ခုတွင် ရှိနေသည်ဟု မသေမချာကြားရသည်မှအပ ခင်ပွန်းသည် ကိုသီဟနှင့် ပတ်သက်၍ သတင်းအစအန ပျောက်နေသည်။
“တချို့က ပြောတော့ကျတော့ ဖမ်းဆီးခံရတယ်ပေါ့။ တချို့ကျတော့လဲ စစ်ကြောရေးထဲမှာ ကျသွားပြီပေါ့။ အဲဒီလိုမျိုးပြောကြတယ်။ သတင်းကတော့ ဂဃဏန သေချာမသိသေးဘူး”ဟု Myanmar Now က ဆက်သွယ်မေးမြန်းရာတွင် မစိုးစိုးက ပြောသည်။
စစ်ကောင်စီက ၎င်းတို့ကို ဆန့်ကျင်သူ မည်သူ့ကိုမဆို ဖမ်းဆီးနေသည်မှာ အထူးအဆန်းမဟုတ်တော့သော်လည်း ခင်ပွန်းသည် ရှင်မှန်းသေမှန်း မသိရသည့် အခြေအနေကိုမူ မစိုးစိုး မခံစားနိုင်။ သမီးကလည်း တစ်မေးတည်းမေးနေသည်။
ကိုသီဟ ဖမ်းခံရသည်ဟု သတင်းထွက်ပြီး ၁၀ ရက်ခန့်အကြာ ၂၀၂၁၊ ဒီဇင်ဘာ ၁၃ ရက်တွင် မန္တလေးမြို့၌ပင် နေထိုင်သူ NLD ပါတီလူငယ်တစ်ဦးဖြစ်သည့် ကိုသဲထွေးမောင်နှင့် ဇနီးမှာ အဖမ်းခံရပြီး နှစ်ရက်အကြာတွင် မိသားစုထံ သေပြီဟု အကြောင်းကြားခံရကာ အလောင်းပင်ပြန်မရသည့်ဖြစ်စဉ်လည်း ရှိနေသည်။
“သူ့ကိုပဲ အားကိုးပြီးနေခဲ့ရတဲ့ လူနှစ်ယောက်ဆိုတော့ ဘယ်လိုရပ်တည်ရမလဲဆိုတဲ့အတွေးတွေလဲ နေ့တိုင်းညတိုင်းပေါ့။ အဲဒါတွေတွေးပြီး ညတိုင်း အိပ်မပျော်ဘူး” ဟု မစိုးစိုးက ဆိုသည်။
NLD က အစိုးရဖွဲ့နိုင်သည်အထိ ထပ်မံအနိုင်ရခဲ့သည့် ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို ငြင်းပယ်ကာ အာဏာသိမ်းခဲ့သည့် စစ်တပ်က ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အားပေးဝန်းရံသူများကိုပါမချန် ဖမ်းဆီးထောင်ချနေသည့်ပြင် နှိပ်စက်သတ်ဖြတ်နေသည့်အတွက် မစိုးစိုး ရတက်မအေးနိုင်ပေ။
စစ်အာဏာသိမ်းပြီး တစ်နှစ်နီးပါးရှိလာချိန်တွင် ထိုသို့သော အဖြစ်ဆိုးများ ရင်ဆိုင်ကြုံတွေ့နေရသည်မှာ ကိုသီဟနှင့် မစိုးစိုး တို့လို မိသားစုတစ်စုတည်းတော့ မဟုတ်ပေ။
အရေအတွက် အတိအကျမသိနိုင်သော ထိုထိုသော မိသားစုများတွင် ၁၉၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်နှင့် ထင်ရှားသည့် နိုင်ငံရေးလှုပ်ရှားသူ ဇနီးမောင်နှံဖြစ်သည့် ကိုဂျင်မီနှင့် မနီလာသိန်းတို့ မိသားစုလည်း အပါအဝင်ဖြစ်သည်။
ပြီးခဲ့သည့် အောက်တိုဘာ ၂၃ ရက်ညက ရန်ကုန်မြို့၊ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်အတွင်း ဖမ်းဆီးခံရပြီးနောက် ရက်ပေါင်း ၈၀ ရှိလာချိန်အထိ ကိုဂျင်မီနှင့် ပတ်သက်၍ ဘာမျှ စုံစမ်း၍မရဟု မနီလာသိန်းက ဇန်နဝါရီ ၁၀ ရက်တွင် Myanmar Now ကို ပြောသည်။
“ကိုဂျင်မီရဲ့ ကျန်းမာရေးအနေအထား စစ်ကြောရေးကာလမှာ ဖြစ်ပျက်သွားတဲ့ သူ့ရဲ့အနေအထားတွေကို ကျွန်မ အများကြီးစိုးရိမ်တယ်” ဟု စစ်ကောင်စီရန်မှ ကိုယ်တိုင်ရှောင်တိမ်းနေရသူ ၎င်းက ပြောသည်။
သူတို့ဇနီးမောင်နှံ၏ တက္ကသိုလ်ကျောင်းသားဘဝ ငယ်ရွယ်စဉ်အချိန်များမှာ နိုင်ငံရေးလှုပ်ရှားမှုများကြောင့် အာဏာရှင်ဟောင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ပေးသည့် ထောင်ဒဏ်များဖြင့်သာ ကုန်ဆုံးခဲ့ရဖူးသည်။
ကမ္ဘာကြီးက မျက်စိဒေါက်ထောက်ကြည့်နေသည့် ယနေ့ နည်းပညာခေတ်၌ပင် ICRC (ကမ္ဘာ့ကြက်ခြေနီ အဖွဲ့) ကဲ့သို့သော အဖွဲ့အစည်းမျိုးနှင့် ဆက်သွယ်လုပ်ဆောင်နေလျက်ဖြင့်ပင် အသက် ၅၃ နှစ်အရွယ် ကိုဂျင်မီ၏ အခြေအနေကို သိခွင့်မရဟု မနီလာသိန်းက ပြောသည်။
ဖမ်းဆီးစဉ် ဦးခေါင်းဒဏ်ရာအပြင်းအထန်ရခဲ့သည်၊ စစ်ကြောရေးတွင် အလွန်အမင်းနှိပ်စက်ခံရသည်၊ သေပြီ စသဖြင့် အတည်မပြုနိုင်သော သတင်းမျိုးစုံ မကြာခဏထွက်လေ့ရှိသော်လည်း သေချာရေရာသည့် အကြောင်းတစ်စုံတစ်ရာမျှ မသိရပေ။
“စစ်အာဏာရှင်လက်ထက်ရဲ့ စစ်ကြောရေးစခန်းဆိုတာ ခေတ်တစ်ခေတ်နဲ့တစ်ခေတ် မတူတဲ့ပုံစံမျိုးစုံနဲ့ နှိပ်စက်ညှဉ်းပန်းကြတာပဲ။ ဘယ်ခေတ်မှာမဆို ခံရတာချည်းပဲ။ ဘယ်ခေတ်မှ ပိုဆိုးတယ်ဆိုတာမျိုး မရှိဘူး” ဟု အာဏာရှင်များ၏ စစ်ကြောရေးကို ကိုယ်တိုင်ဖြတ်သန်းဖူးသူ မနီလာသိန်းက ပြောသည်။
၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း (၈၈/ငြိမ်းပွင့်) ခေါင်းဆောင်တစ်ဦးလည်းဖြစ်သည့် ကိုဂျင်မီကို အာဏာသိမ်းပြီး ၁၀ ရက်အကြာကတည်းက ဆူပူအောင်လှုံ့ဆော်မှု ၅၀၅ – ခ ဖြင့် စစ်ကောင်စီက ဖမ်းဝရမ်းထုတ်ခဲ့သည်။
စာရေးဆရာတစ်ဦးလည်းဖြစ်သူ ကိုဂျင်မီမှာ အဖမ်းခံရပြီး နှစ်လကျော်ကြာသည်အထိ မည်သည့်တရားရုံးတွင်မှ တရားစွဲဆိုတင်ပို့ခြင်း မရှိသေးသလို မည်သို့အခြေအနေကြုံနေရမှန်း စုံစမ်း၍ မရသေးပေ။
အလားတူပင် နာမည်ကျော် ရက်ပ်အဆိုတော်လည်းဖြစ်ပြီး NLD လွှတ်တော်အမတ်ဟောင်းလည်းဖြစ်သည့် ဦးဖြိုးဇေယျာသော်မှာလည်း အဖမ်းခံရပြီး နှစ်လဝန်းကျင်ရှိချိန်အထိ သတင်းအစအနပျောက်နေသည်။
ပြီးခဲ့သည့် နိုဝင်ဘာ ၁၈ ရက်တွင် ရန်ကုန်မြို့၊ ဒဂုံဆိပ်ကမ်းမြို့နယ်အတွင်း ဖမ်းဆီးခံရပြီးနောက် စစ်ကောင်စီက သတင်းထုတ်ပြန်ခဲ့ရာတွင် မျက်နှာတစ်ပြင်လုံး ဖူးရောင်နေသည့် ဦးဖြိုးဇေယျာသော်၏ ဓာတ်ပုံကို မြင်တွေ့ခွင့်ရသည်မှအပ မည်သို့မျှ ဆက်မကြားရတော့ပေ။
စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုများတွင် ပါဝင်သူ ကျောင်းသားသမဂ္ဂနှင့် သပိတ်အဖွဲ့ဝင်များ၏ မိသားစုဝင်များသည်လည်း တစ်မျိုးတစ်ဘာသာ အဖြစ်ဆိုးမျိုး ကြုံတွေ့နေရသည်။
ရန်ကုန်တက္ကသိုလ်ကျောင်းသားတစ်ဦးဖြစ်သူ ကိုအောင်ဘုန်းကျော်မှာ ဒီဇင်ဘာ ၂၆ ရက်က အဖမ်းခံရပြီးနောက် ၂၄ နာရီမပြည့်မီ သေဆုံးသွားပြီဖြစ်ကြောင်း မိသားစုဝင်များ အကြောင်းကြားခံခဲ့ရသည်။
ရေဝေးသုသာန်သို့ ချက်ချင်းလိုက်ခဲ့ရန် ပြော၍ မိသားစုက သွားခဲ့သော်လည်း ရုပ်အလောင်းကို ပေးမကြည့်၊ ဓာတ်ပုံရိုက်ခွင့်မပေးခဲ့ဟု ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌ ကိုအောင်ကောင်းဆက်က ပြောသည်။
“အလောင်းကို မိသားစုက မြင်လိုက်ရတာမျိုး မရှိဘူး။ သူတို့ တစ်ခါတည်း သင်္ဂြိုဟ်လိုက်တယ်”
ကိုအောင်ဘုန်းကျော်နှင့်အတူ ဖမ်းဆီးခံရသည့် ရန်ကုန်တက္ကသိုလ်မှ ဘူမိဗေဒဘာသာရပ် တတိယနှစ်ကျောင်းသား အသက် ၂၀ အရွယ် ကိုသူရအောင်နှင့် ပတ်သက်၍မူ အခြေအနေစုံစမ်းမရဟု ကိုအောင်ကောင်းဆက်က ပြောသည်။
ထို့အတူ ဒီဇင်ဘာ ၁၉ ရက်က သင်္ဃန်းကျွန်းမြို့နယ်၌ ပြုလုပ်မည့် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲသို့အသွား လမ်းတွင် ဖမ်းဆီးခံလိုက်ရသည့် ကိုဇော်လင်းထွဋ်(ခ)ကိုဖိုးသား၊ မဆုရည်လင်း (ခ) လင်းလင်း တို့၏ အခြေအနေကို တစ်လဝန်းကျင်ရှိချိန်အထိ မသိရသေးဟု မိသားစုဝင်အချို့က ပြောသည်။
“သင်္ဃန်းကျွန်းရဲစခန်းသွားတော့ ရှေ့တင်ပဲ အရပ်ခံတယ်။ လုံးဝအထဲကို အကြည့်ကို မခံဘူး။ မရှိဘူး၊ မရှိဘူး၊ ဒီမှာမရှိဘူး၊ စစ်ကြောရေးမှာ အဲဒီလိုပဲ မောင်းမောင်းထုတ်တာ” ဟု ကိုဖိုးသား၏ မိခင် ဒေါ်စိုးမိုးအောင်က Myanmar Now ကို ပြောသည်။
ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ဝင်တစ်ဦးဖြစ်သည့် ကိုဖိုးသားမှာ စစ်တပ်ကို သရော်မှုဖြင့် အာဏာမသိမ်းမီကပင် ဖမ်းဆီးခံရဖူးသူတစ်ဦးဖြစ်ကာ အာဏာသိမ်းပြီးနောက်ပိုင်း အလွတ်တန်းသတင်းထောက်တစ်ဦးအဖြစ် လုပ်ကိုင်နေသူလည်းဖြစ်သည်။
အတူဖမ်းဆီးခံရသည့် ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်ကျောင်းသားများသမဂ္ဂအဖွဲ့ဝင် မလင်းလင်းအပါအဝင် ၎င်းတို့နှစ်ဦးကို ယခုလ ၁၄ ရက်က သင်္ဃန်းကျွန်းတရားရုံး၌ ရုံးထုတ်စစ်ဆေးမည်ဟု သတင်းထွက်နေသော်လည်း ယမန်နေ့ (ဇန်နဝါရီ ၁၂)အထိ တရားဝင်အကြောင်းမကြားသေးဟု ဒေါ်စိုးမိုးအောင်ထံမှ သိရသည်။
“ဖြစ်သွားတဲ့ကလေးတွေ အကုန်လုံးလည်း ကိုယ့်သားသမီးတွေလိုပါပဲ။ သူများသားသမီးပေမဲ့ ခံစားရတယ်။ ကိုယ်လဲ ကိုယ့်သားအတွက်ကိုလဲ အရမ်းစိတ်ပူတယ်။ အရမ်းလဲ စိတ်မကောင်းဖြစ်တယ်။ တော်တော်စိတ်ပူတာ။ အဲဒီအကြောင်းတွေးလိုက်တာနဲ့ကို ရောဂါလဲ တက်တယ်”
ဆီးချိုဝေဒနာသည်ဖြစ်ပြီး သည်းခြေတွင် ကျောက်တည်နေ၍ ခွဲစိတ်ရမည့် အခြေအနေရှိသော်လည်း သားဇောဖြင့် ဒေါ်စိုးမိုးအောင်မှာ ရောဂါဘက်ကို မလှည့်နိုင်သေးပေ။
ဒီဇင်ဘာ ၅ ရက်က ရန်ကုန်မြို့၊ ကြည့်မြင်တိုင်မြို့နယ် ပန်းပင်ကြီးလမ်းတွင် ဆန္ဒပြနေစဉ် စစ်ကားဖြင့် တိုက်ခံရမှုကြောင့် ဒဏ်ရာများစွာဖြင့် ဖမ်းဆီးခံရသူများ၏ ကံကြမ္မာ မည်သို့ရှိမည်ကို တစ်လကျော်သည်အထိ မသိရဟု ရန်ကုန်လူထုသပိတ် ဦးဆောင်သူတစ်ဦးဖြစ်သည့် ကိုပျံလွှားက ပြောသည်။
“တချို့တွေကတော့ အခုထောင်ဝင်စာပို့ဖို့ လုပ်နေပေမဲ့ ပို့လို့မရသေးဘူး။ အရမ်းကြီးအတိအကျ သိတာမျိုး မဟုတ်ပေမဲ့ စစ်ကြောရေးမှာတော့ မရှိနိုင်လောက်တော့ဘူး” ဟု ၎င်းက ခန့်မှန်းသည်။
ထိုဖြစ်စဉ်အတွင်း ဒဏ်ရာရသူ သုံးဦးအပါအဝင် ၁၁ ဦးကို ဖမ်းဆီးရမိသည်ဟု စစ်ကောင်စီက သတင်းထုတ်ပြန်ခဲ့သည်။
မျက်မြင်တွေ့သူအချို့ကမူ သေဆုံးသူ ငါးဦးထက်မနည်းရှိမည်ဟု ခန့်မှန်းထားသည်။ သို့သော် ထိုဖြစ်စဉ်အတွင်း သေဆုံးသူ၊ ဖမ်းဆီးခံရသူ အရေအတွက်ကို သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။
အောက်တိုဘာလကုန်ပိုင်းက မန္တလေးမြို့တွင် ဖမ်းဆီးခံခဲ့ရသည့် အခြေခံပညာ ပညာရေးဝန်ထမ်းများ အထွေထွေသပိတ်ကော်မတီ (BEGSC) မှ ကျောင်းဆရာ၊ဆရာမ သုံးဦးနှင့် မန္တလေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) မှ ဥက္ကဋ္ဌ ကိုရန်စိုးပိုင်တို့သည်လည်း ဖမ်းဆီးခံရပြီး နှစ်လကျော်သည်အထိ မိသားစုနှင့် အဆက်အသွယ်မရသေးကြောင်း BEGSC ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်တစ်ဦးဖြစ်သည့် ကိုနောင်ချိုက ပြောသည်။
ဖမ်းဆီးခံထားရသူများမှာ BEGSC ခေါင်းဆောင်များဖြစ်ကြသော အသက် ၂၅ နှစ်အရွယ် ကိုနောင်ထက်အောင်၊ ၃၀ ဝန်းကျင် ဒေါ်သက်ဆုလှိုင်နှင့် ဦးနိုင်းသီဟကျော်တို့သည် မန္တလေးမြို့ရှိ စစ်ကြောရေးတစ်ခုတွင် ရှိနေသည်ဟုသာ ကြားရသော်လည်း အခြားမသိရဟု ၎င်းက ပြောသည်။
“ပြီးခဲ့တဲ့ရက်ပိုင်းကတော့ နန်းတွင်းအချုပ်ထဲမှာ ရှိနေတဲ့ခေါင်းဆောင်ထဲမှာ တစ်ယောက်ကို စအိုကို တံကျင်လျှိုပြီးထိုးတဲ့အတွက် အသက်အန္တရာယ် စိုးရိမ်ရတယ်ဆိုတဲ့ သတင်းကြားရတယ်” ဟု ကိုနောင်ချိုက ပြောသည်။
အသက်အန္တရာယ် စိုးရိမ်နေကြောင်းနှင့် ထိုသို့ လူ့အခွင့်အရေးချိုးဖောက်ခံနေမှုများအတွက် နိုင်ငံတကာအဖွဲ့အစည်းများအနေဖြင့် အမြန်ဆုံးကူညီပေးကြရန်လည်း ၎င်းက တောင်းဆိုသည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ စာရင်းအရ စစ်ကောင်စီ၏ ဖမ်းဆီးခြင်းခံရပြီးနောက် နေအိမ်ပြန်မရောက်၊ အကျိုးအကြောင်းစုံစမ်းမရဘဲ ပျောက်ဆုံးနေသူ ၇၅ ဦးရှိသည်ဟု သိရသည်။
ထိုကိန်းဂဏန်းမှာ အာဏာသိမ်းပြီး လေးလဝန်းကျင်အတွင်းသာ ဖြစ်သည်။ အာဏာသိမ်းပြီး တစ်နှစ်နီးပါးရှိလာချိန်တွင် အဖမ်းခံရသူ တစ်သောင်းကျော်ရှိကာ ၁၅၀၀ ဦးခန့် သတ်ဖြတ်ခံရသည်ဟု AAPP ၏ ဇန်နဝါရီ ၁၀ ရက် ထုတ်ပြန်ချက်က ဆိုသည်။
လက်လှမ်းမီသလောက် စုစည်းထားခြင်းသာဖြစ်၍ အရေအတွက်မှာ ပို၍များနိုင်သည်ဟု AAPP တာဝန်ရှိသူတစ်ဦးက ပြောသည်။
“တရားလက်လွတ် ဖမ်းဆီးခံရသူ ၈၀ ရာခိုင်နှုန်းနီးပါးဟာ ဖမ်းဆီးခံရပြီးနောက်မှာ ဘယ်ကိုခေါ်သွားမှန်း မသိရဘဲ ရက်အနည်းငယ်အတွင်းကနေ လပိုင်းလောက်အထိ သတင်းအစအနရလေ့ မရှိပါဘူး” ဟု ၎င်းက ပြောသည်။
စစ်ကောင်စီက AAPP ကို တရားမဝင်ဟု ကြေညာကာ စာရင်းများချဲ့ကားလွန်းသည်ဟု ဝေဖန်ထားပြီး ဖြစ်သည်။ သို့သော် ထိုသို့သော ကိန်းဂဏန်းများနှင့် ပတ်သက်၍မူ ထုတ်ပြန်လေ့မရှိ။
ထိုအခြေအနေတွင် အဆုတ်မကောင်းသည့် သမီးငယ်ကို တတ်အားသရွေ့ ပြုစုစောင့်ရှောက်ရင်း ဆောင်းရာသီကို ဖြတ်နေရသည့် မစိုးစိုးမှာ ခင်ပွန်းသည်နှင့် ပတ်သက်၍ မည်သို့မျှော်လင့်ရမည် မဝေခွဲနိုင်ပေ။
“ကလေးစကားက မှန်တတ်တယ်လေ။ ကလေးကို အစ်မက မေးလိုက်တာ သမီးဖေဖေရှိသေးလား။ ဆုံးသွားပြီလား မေးရင် မေမေရယ် ဖေဖေ မသေပါဘူး မငိုပါနဲ့။ သူက အဲလိုပြောတယ်”
အတွေ့အကြုံရင့်ကျက်သူတစ်ဦးဖြစ်သည့် မနီလာသိန်းသည်ပင်လျှင် ခင်ပွန်းသည် ကိုဂျင်မီအတွက် မည်သို့မျှော်မှန်းရမည်မှန်း မသိ၍ မစိုစိုး၏အဖြစ်မှာ ဆိုဖွယ်ရာမရှိပေ။
“အမှန်အတိုင်းပြောရရင် ကျွန်မစိတ်ကို ကျွန်မပြင်ဆင်ထားတယ်” ဟု မနီလာသိန်းက ပြောသည်။
မိသားစုကို ဆက်သွယ်အကြောင်းမကြားမချင်း ကိုဂျင်မီ အသက်ရှင်နေသည်ဟု မျှော်လင့်နေဦးမည်ဟု ၎င်းက ဆက်ပြောသည်။
“အများကြီး မျှော်လင့်ချက်မထားထားဘူး။ ဘာလို့လဲဆိုတော့ သူတို့(စစ်ကောင်စီ)က အင်မတန်မှ ရက်စက်ကြမ်းကြုတ်သူတွေ”
ထိုထိုသော အဖြစ်ဆိုးများမှ လွတ်မြောက်နိုင်ရေး တစ်ခုတည်းသော ထွက်ပေါက်မှာ စစ်အာဏာရှင်စနစ်ဆိုးကို မြန်မာ့မြေပေါ်မှ အပြီးတိုင်မောင်းထုတ်ရန်မှအပ အခြားမရှိဟု မနီလာသိန်းက ယုံသည်။
“ကျမတို့ အမြဲတမ်းပြောတဲ့ စကားရှိပါတယ်။ သွေးကြွေးမှာ ဆွေးနွေးစရာမရှိဘူး”
ပြည်သူအများ အရှိန်အဟုန်ဖြင့် ပူးပေါင်းပါဝင်နေသည့် တော်လှန်ရေးအလုပ်ကို ပို၍ အာရုံစိုက်ကြရန်လည်း မနီလာသိန်းက တိုက်တွန်းသည်။
“အင်နဲ့အားနဲ့ လုပ်ဆောင်မှသာ အကျဉ်းကျနေတဲ့ ကျွန်မတို့ ရဲဘော်တွေ၊ မတရားညှဉ်းပန်း နှိပ်စက်ခံနေရတဲ့ ရဲဘော်တွေအားလုံး အမြန်ဆုံးလွတ်မြောက်မှာဖြစ်ပါတယ်”
လက်ရှိတွင်မူ မန္တလေးမြို့မှ မစိုးစိုးမှာ လက်ကိုင်ဖုန်းသံမြည်လာမည်ကို ထိတ်လန့်နေသည်။ ဖခင်ဖြစ်သူကို လွမ်းဆွတ်တသနေသူ သမီးငယ်၏ မေးခွန်းများကလည်း ရင်ဆိုင်ရခက်စေသည်။
“သမီးက ဖေဖေပြန်လာပြီလား။ ပြန်မလာဘူးလား။ ဖေဖေ့ဆီက ဖုန်းလာလား။ ဖေဖေ့ကို လွမ်းတယ်။ ဖုန်းဆက်ချင်တယ်။ အဲဒီလိုတွေပြောနေတာ” ဟု ဆိုသော မစိုးစိုး၏အသံမှာ တုန်ရီနေသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)