သတင်း

ဗုံးကြဲတိုက်ခိုက်ခံနေရသည့် လွိုင်ကော်တွင် မြို့လယ်အထိ တိုက်ပွဲပြင်းထန်လာ 

စစ်ကောင်စီက လေကြောင်းမှနေ၍ အဆက်မပြတ် ဗုံးကြဲတိုက်ခိုက်နေသည့် ကယားပြည်နယ်မြို့တော် လွိုင်ကော်၌ ယနေ့ (ဇန်နဝါရီ ၁၃) တွင် မြို့လယ်ရပ်ကွက်များအထိပါ တိုက်ပွဲပြင်းထန်လာကြောင်း ဒေသခံအချို့ထံမှ သိရသည်။ 

လွိုင်ကော်မြို့စွန်ဖြစ်သည့် မိုင်းလုံးနှင့် ပန်ကန်းရပ်ကွက်များတွင် ဇန်နဝါရီ ၇ ရက်မှစ၍ စစ်ကောင်စီနှင့် ဒေသခံကာကွယ်ရေးတပ်ဖွဲ့များ တိုက်ပွဲစတင်ဖြစ်ပွားခဲ့ရာ ယနေ့တွင် မြို့လယ်ဧရိယာတစ်ဝိုက်အထိ တိုက်ပွဲပြင်းထန်လာခြင်းဖြစ်သည်။ 

ဇန်နဝါရီ ၁၁ မှစ၍ မြို့အနောက်ဘက် ဒေါဥခူရပ်ကွက်ရှိ လွိုင်ကော်ထောင်အနီးတွင် တိုက်ပွဲဖြစ်ခဲ့ပြီး ယနေ့တွင် မြို့လယ်ရှိ တောင်ကွဲစေတီနှင့် သီရိမင်္ဂလာဈေးအနီးတစ်ဝိုက်တွင်ပါ ပစ်ခတ်သံများ ကြားရသည်ဟု လက်ရှိအချိန်ထိ လွိုင်ကော်မြို့တွင် နေထိုင်နေသူ ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။ 

“ဒီနေ့မှ မြို့ထဲကို ရောက်လာတာ၊ တောင်ဈေး(သီရိမင်္ဂလာဈေး) နားမှာလဲ ပစ်ခတ်သံတွေ။ ကျွန်မတို့ အိမ်ပတ်ပတ်လည်မှာလဲ ပစ်ခတ်သံတွေ တအားများသွားပြီ။ ဒီနေ့ဆို တစ်နေကုန်နီးပါးပဲ” ဟု လွိုင်ကော်မြို့ ရှမ်းပိုင်းရပ်ကွက်နေ အဆိုပါအမျိုးသမီးက Myanmar Now ကို ပြောသည်။​

နံနက် ၃ နာရီတွင် သေနတ်ဖောက်သံတစ်ချက် စတင်ကြားရပြီး ၄ နာရီခန့်တွင် ၁၀ ခန့်ချက် ထပ်ကြားရကြောင်း၊ နံနက် ၆ နာရီမှ ညနေ ၄ နာရီအထိ သေနတ်သံများနှင့် လက်နက်ကြီးသံများ မကြာခဏ ကြားရကြောင်း ၎င်းက ဆိုသည်။

လွိုင်ကော်မြို့ ရွှေတောင်ရပ်ကွက်ရှိ ရွှေတောင်ဘုန်းကြီးကျောင်းအတွင်း ယနေ့ ညနေ ၃ နာရီခွဲခန့်တွင် လက်နက်ကြီးတစ်လုံးနှင့် ရေသန့်စက်ရုံတွင် လက်နက်ကြီးတစ်လုံး ကျရောက်ပေါက်ကွဲခဲ့သည်ဟုလည်း အထက်ပါ ဒေသခံအမျိုးသမီးက ဆိုသည်။ 

မြို့လယ်ရှိ ရွှေတောင်ဘုန်းကြီးကျောင်းနှင့် ဘီလူးချောင်းတစ်ဖက်ကမ်း မျက်နှာချင်းဆိုင် ရှမ်းပိုင်းရပ်ကွက်ရှိ ရွှေကျောင်းဘုန်းကြီးကျောင်းအနီးတွင်လည်း လက်နက်ကြီးနှစ်လုံး ကျရောက်ပေါက်ကွဲခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။

စစ်ရှောင်များ ခိုလှုံနေသည့် ရွှေကျောင်းတွင် လက်နက်ကြီးကျရောက်ပေါက်ကွဲသဖြင့် ဆရာတော်အပါအဝင် စစ်ရှောင်များပါ ထပ်မံတိမ်းရှောင်နေရသည်ဟုလည်း ၎င်းက ဆိုသည်။

“ဘုန်းကြီးကျောင်းတောင် (လက်နက်ကြီး) ကျတယ်ဆိုတော့ ကျွန်မတို့ မလုံခြုံတော့ဘူးလေ။ ဘုန်းကြီးကျောင်းလဲ ရှိတယ်ဆိုတော့ အဲဒီအားကိုးလဲ ပါတာပေါ့။ ကိုယ့်အိမ်ကိုယ့်အိုးနဲ့လဲ နေချင်တော့ ပေကပ်ပြီး နေနေတာပေါ့။ အခုက နေလို့မရတော့ဘူးဆိုတော့ ထွက်ရတော့မှာပေါ့။ အခြေအနေကတော့ မကောင်းတော့ဘူး။ မနက်ဖြန်လဲ ထွက်တဲ့သူတွေ များအုံးမှာပဲ” ဟု အထက်ပါအမျိုးသမီးက ပြောသည်။

လွိုင်ကော်မြို့တွင် တိုက်ပွဲများ စတင်ဖြစ်ပွားပြီးနောက် ဇန်နဝါရီ ၆ ညပိုင်းမှစ၍ စစ်ကောင်စီက လေကြောင်းမှနေ၍ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ မြို့ခံအများအပြား ထွက်ပြေးတိမ်းရှောင်ခဲ့ကြသည်။

စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှုနှင့် တိုက်လေယာဉ်၊ ရဟတ်ယာဉ်များ အသုံးပြုတိုက်ခိုက်မှုကြောင့် နေအိမ်အချို့နှင့် ဘာသာရေးအဆောက်အအုံများပါ မီးလောင်ပျက်စီးခဲ့သည်ကိုလည်း လူမှုကွန်ရက်တွင် ဓာတ်ပုံများ တွေ့ရှိရသည်။ 

လွိုင်ကော်နှင့် ဒီးမော့ဆိုမြို့နယ်တွင် ဇန်နဝါရီ ၇ မှ ၁၁ အထိ တိုက်ပွဲများတွင် စစ်ကောင်စီဘက်မှ ၆၂ ဦးထက်မနည်း သေဆုံးပြီး ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင် ၃ ဦး သေဆုံးကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ထုတ်ပြန်ချက်များအရ သိရသည်။

ယနေ့ နံနက်ပိုင်းက လွိုင်ကော်နည်းပညာတက္ကသိုလ်အနီး တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ထိခိုက်ကျဆုံးမှု ရှိနိုင်သော်လည်း ၎င်းတို့ဘက်မှ ထိခိုက်မှုမရှိကြောင်း KNDF က ယနေ့ညပိုင်းတွင် သတင်းထုတ်ပြန်ထားသည်။ 

ယနေ့ တိုက်ပွဲအခြေအနေနှင့် ပတ်သက်၍ သက်ဆိုင်ရာ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်များက သတင်းထုတ်ပြန်ခြင်း မရှိသေးသကဲ့သို့ ဆက်သွယ်မေးမြန်း၍ မရသေးပေ။ 

ကယားပြည်နယ်မြို့တော် လွိုင်ကော်တွင် တိုက်ပွဲများကြောင့် လျှပ်စစ်မီးနှင့် ရေ ပြတ်တောက်နေသည်မှာ တစ်ပတ်ကြာမြင့်ပြီဖြစ်ကာ သောင်းနှင့်ချီသော ဒေသခံများလည်း ထွက်ပြေးတိမ်းရှောင်နေရသည်။ 

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button