
စစ်ကိုင်းတိုင်းအထက်ပိုင်း ထီးချိုင့်မြို့နယ်တွင် ယနေ့ (ဇန်နဝါရီ ၁၃) နံနက်ပိုင်း၌ စစ်ကောင်စီက တိုက်လေယာဉ်နှစ်စီးဖြင့် ဗုံးကြဲနေသည့်ပြင် လက်နက်ကြီးများဖြင့်ပါ ပစ်ခတ်နေကြောင်း ဒေသခံတစ်ဦးနှင့် PDF အဖွဲ့ဝင်တစ်ဦးထံမှ သိရသည်။
ထီးချိုင့်မြို့ အနောက်တောင်ဘက် ၅ မိုင်ခန့်အကွာရှိ မရသိမ်ကျေးရွာအနီးကို စစ်ကောင်စီက လက်နက်ကြီးပစ်ကူနှင့် လေကြောင်းတိုက်ခိုက်မှုအပြင် မြေပြင်စစ်ကြောင်းဖြင့်ပါ ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းဖြစ်သည်ဟု သိရသည်။
ယနေ့ နံနက် ၆ နာရီခွဲခန့်ကတည်းက စစ်ကောင်စီက လက်နက်ကြီးပစ်ကူဖြင့် ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းဖြစ်ကြောင်း မရသိမ်ကျေးရွာအနီး နေထိုင်သူ ဒေသခံ အမျိုးသားတစ်ဦးက Myamar Now ကို ပြောသည်။
“မနက် ၆ ခွဲလောက်ကစပြီး လက်နက်ကြီးတွေ တဒိန်းဒိန်းပစ်နေတာ။ အပြန်အလှန်တိုက်ပွဲဖြစ်နေတာ ထင်တယ်။ မရသိမ်မှာ ဖြစ်နေတာ၊ တောမရဲ့ အနောက်ဘက်က ထုံးကျောက်တောင်ကို လက်နက်ကြီးတွေနဲ့ ပစ်နေတာ၊ အဲဒီမှာ PDF စခန်း ရှိတယ်ထင်တယ်” ဟု ထိုဒေသခံက ဆိုသည်။
အဆိုပါ နေရာတွင် စစ်ကောင်စီတပ်၏ ခြေလျင်တပ်ခွဲတစ်ခုက ဇန်နဝါရီ ၁၁ ရက်ကတည်းက ထိုးစစ်ဆင်နေခြင်းဖြစ်ကာ ယနေ့ နံနက်အစောပိုင်း ၁ နာရီခန့်တွင် ကျွန်းပင်သာကျေးရွာအနီးသို့ ရဟတ်ယာဉ်နှစ်စီးဖြင့် စစ်သားများ လာရောက်ပို့ဆောင်ခဲ့သည်ဟုလည်း သိရသည်။
“တိုက်ပွဲက မနက်ကတည်းက စဖြစ်တယ်။ လက်နက်ကြီးပစ်ကူနဲ့ မရသိမ်ဘက်ကို ထိုးနေတယ်။ တိုက်လေယာဉ်နှစ်စီးနဲ့ ဗုံးကြဲတိုက်ခိုက်တယ်။ မြေပြင်အခြေအနေကတော့ အတိအကျမသိရသေးဘူး” ဟု ထီးချိုင့်မြို့နယ် PDF တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
တိုက်လေယာဉ်နှစ်စီးမှ ဗုံးခုနစ်လုံးခန့် ကြဲချခဲ့ကြောင်း၊ ၁၀ မိနစ်ခန့်ကြာ တိုက်ခိုက်ပြီးနောက် နံနက် ၁၀ နာရီ ၁၀ မိနစ်တွင် ပြန်လည်ထွက်ခွာသွားကြောင်း မရသိမ်ဒေသခံက ဆိုသည်။
လက်ရှိတွင် တိုက်ပွဲဖြစ်နေသည့် ကျေးရွာအနီးဝန်းကျင်ရှိ မရသိမ်၊ စဉ့်ကူးဆိပ်၊ တောမ၊ ဝါးဘိုးချောင်း၊ ပတ်တဲ၊ ကျည်းကန်းချောင်း၊ ထုံးဘို စသည့်ကျေးရွာများမှ ဒေသခံရွာသားများမှာ ယမန်နေ့ ညနေပိုင်းကတည်းက ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု ဆိုသည်။
“ကျွန်တော်တို့ ရွာသားတွေကတော့ ရွာထဲမှာ မနေရဲတော့ဘူး။ တွေ့ရာပြေးကြရတာပဲ၊ ရွာထဲမှာ သူတို့ (စစ်တပ်) က တွေ့တဲ့နေရာ ရိုက်နှက်ဆိုတော့ အကုန်လုံးက ကြောက်နေကြရတာ။ ရွာသူရွာသားတွေကတော့ အထိအခိုက် မကြားရသေးဘူး” ဟု အထက်ပါ ဒေသခံအမျိုးသားက ပြောသည်။
ပြီးခဲ့သည့် ဇန်နဝါရီ ၅ နှင့် ၆ ရက်များတွင် စစ်ကောင်စီက လေကြောင်းမှ တိုက်ခိုက်မည်ဖြစ်ကြောင်း သတိပေးခြိမ်းခြောက်ခဲ့သည့်အတွက် ထီးချိုင့်မြို့နယ်အတွင်းရှိ ကျေးရွာဒေသခံများမှာ ဗုံးခိုကျင်းတူးကာ ပြင်ဆင်နေသည်။
ယခုလဆန်းပိုင်းတွင် ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာသည့် စစ်ကောင်စီတပ်၏ ပုံညာနှင့် ပြဒါးရှင်ဟု အမည်ရ ရေယာဉ် ၂ စီးကို ဒေသခံ PDF အဖွဲ့က သုံးနေရာခွဲ၍ တိုက်ခိုက်ခဲ့သည်။
စစ်ကောင်စီက စစ်အင်အားနှင့် ခဲယမ်း၊ ရိက္ခာများကို ကချင်ပြည်နယ်သို့ ကုန်းလမ်း၊ ရေလမ်းများမှ ပို့ဆောင်နေရာ အဆိုပါ ထောက်ပို့လမ်းကြောင်းများကို ထီးချိုင့်အပါအဝင် ဒေသအချို့ရှိ ဒေသခံ PDF များက မကြာခဏ ကြားဖြတ်တိုက်ခိုက်ခဲ့သည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)