သတင်း

ထီးချိုင့်မြို့နယ်တွင် အရပ်သား ၂ ဦးနှင့် အကျဉ်းသား ၂ ဦး သတ်ဖြတ်ခံရ

စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်တွင် စစ်ကောင်စီက အကျဉ်းသား ၂ ဦးနှင့် အရပ်သား ၂ ဦးကို ယမန်နေ့ (ဇန်နဝါရီ ၁၀) တွင် သတ်ဖြတ်ခဲ့ကြောင်း ဒေသခံကာကွယ်ရေးအဖွဲ့- Eagle Army နှင့် ဒေသခံများထံမှ သိရသည်။

ဆိုင်ကယ်တစ်စီးတည်း အမျိုးသားနှစ်ဦး စီးသည်ဟုဆိုကာ အရပ်သားများ လမ်းတွင် ပစ်သတ်ခံခဲ့ရပြီး ဒေသခံ ကာကွယ်ရေးအဖွဲ့ဝင်နှစ်ဦးသည် ဖမ်းဆီးခံရပြီး ခြောက်ရက်အကြာတွင် သတ်ဖြတ်ခံရခြင်းဖြစ်သည်။

ကြံကားမောင်းသူများဖြစ်သည့် ၃၇ နှစ်အရွယ် ကိုဖြိုး၊ ၃၉ နှစ်အရွယ် ကိုဇာနည်တို့ ဆိုင်ကယ်ဖြင့် ကြာညှပ်ရွာသို့ ပြန်ကြစဉ် စစ်သားများက မြတောင်လမ်းဆုံ၊ ထီးချိုင့်တံတားအနီး ပစ်သတ်ခဲ့ခြင်းဖြစ်ကြောင်း ကြာညှပ်ရွာမှ အမည်မဖော်လိုသည့် အမျိုးသားတစ်ဦးက ပြောသည်။

“ညရှစ်နာရီလောက်ပဲ။ ဆိုင်ကယ်နဲ့ စီးပြီး ရွာပြန်လာတာကို လှမ်းပစ်တာ။ ကိုဇာနည်ကို အရင်မှန်တော့ ကိုဖြိုးက ဆင်းပြေးတာ။ နောက်ကနေ ထပ်ပစ်တာ၊ ၅ ချက်ထပ်ပစ်တာ” ဟု သေဆုံးသူ၏မိသားစုနှင့် ရင်းနှီးသည့် အထက်ပါဒေသခံက ဆိုသည်။ 

“ကိုဖြိုးကတော့ တစ်ခါတည်းသေသွားပြီး ကိုဇာနည်ကတော့ အိမ်ကို ဖုန်းဆက်နိုင်သေးတယ်။ ပစ်ခံလိုက်ရပြီ၊ လာခေါ်ကြအုံးဆိုပြီး ဆက်နိုင်သေးတယ်။ အဲဒါပြီးတော့ ဆက်မပြောနိုင်တော့ဘူး”

ရုပ်အလောင်းများကို ယနေ့ (ဇန်နဝါရီ ၁၁) တွင် ရွာသုသာန်၌ သင်္ဂြိုဟ်ခဲ့ကြောင်း ၎င်းထံမှ သိရသည်။

ကိုဖြိုးဆိုသူတွင် မွေးကင်းစကလေးငယ်အပါအဝင် ကလေးသုံးဦး ကျန်ရစ်ကြောင်း ဒေသခံများက ပြောသည်။

ကြာညှပ်ရွာမှ အရပ်သား နှစ်ဦး၏ ရုပ်အလောင်းများကို မသင်္ဂြိုဟ်မီ ယနေ့ တွေ့ရစဉ်။ (ဓာတ်ပုံ -Supplied) 

ထီးချိုင့်မြို့နယ် ဒေသခံကာကွယ်ရေးအဖွဲ့- Eagle Army ခေါင်းဆောင်တစ်ဦးကလည်း ထိုသူနှစ်ဦးသည် သာမန်ပြည်သူများသာဖြစ်ကြောင်း ပြောသည်။

စစ်သားများက ထီးချိုင့်တံတားနှင့် မြတောင်လမ်းဆုံတွင် မကြာခဏ ဂိတ်ချကာ စစ်ဆေးလေ့ရှိပြီး လူငယ်အမျိုးသားများကို ပစ်မှတ်ထားဖမ်းဆီးနေခြင်း ဖြစ်ကြောင်း Eagle Army အဖွဲ့ခေါင်းဆောင် ဗိုလ်ချစ်က ပြောသည်။

“Mask (နှာခေါင်းစည်း) အမည်းတပ်ရင်လဲ ရိုက်နှက်လွှတ်တယ်။ ပစ်ချင်ပစ်တယ်၊ သတ်ချင်သတ်တယ်။ (လူငယ်အမျိုးသားဆိုရင်) မသင်္ကာရင် မသင်္ကာသလို သတ်နေတာ။ သူတို့ စစ်ကြောင်းထွက်ရင်လဲ တစ်လမ်းလုံး (သေနတ်) လျှောက်ပစ်သွားနေတာ” ဟု ဆိုသည်။

အကျဉ်းသား ၂  ဦး

Eagle Army မှ ဗိုလ်ချစ်က ဇန်နဝါရီ ၆ တွင် ၎င်းတို့၏ အဖွဲ့ဝင်နှစ်ဦး ထီးချိုင့်တံတားထိပ်တွင် ဖမ်းဆီးခံခဲ့ရပြီး ဇန်နဝါရီ ၁၀ တွင်မူ လမ်းဘေးတွင် သေဆုံးနေသည်ကို တွေ့ရကြောင်း ပြောသည်။

“ဖမ်းခံရတဲ့နေ့ကတည်းက သတင်းပျောက်သွားတာ။ မနေ့ကမှ သတ်ထားပုံပဲ။ နာရေးကူညီမှုအသင်းက တွေ့ပြီး အလောင်းသယ်သွားတာ။ ကျွန်တော်က သုသာန်ရောက်မှ အလောင်းတွေ့ရတာ။ လမ်းဘေးမှာပဲ သတ်ပြီးပစ်ထားတာ “ဟု ဗိုလ်ချစ်က ပြောပြသည်။

၂၃ နှစ်အရွယ်များဖြစ်သော ကိုအောင်မြင့်ထွန်းနှင့် ကိုဝေဖြိုးအောင်တို့ကို နှိပ်စက်ပြီးမှ သတ်ပစ်လိုက်ပုံရသည်ဟု ဗိုလ်ချစ်က ပြောသည်။

“အလောင်းကတော့ ရစရာမရှိဘူးဗျ။ တစ်ယောက်ကတော့ ခေါင်းပစ်ဖွင့်ခံထားရတယ်။ နောက်တစ်ယောက်ကတော့ ခန္ဓာကိုယ်တစ်ခုလုံး ရိုက်ထား၊ နှက်ထားတာတွေ ညိုမည်းနေတာပဲ။ သူ့မှာတော့ သေနတ်ဒဏ်ရာမတွေ့ဘူး”ဟု ဆိုသည်။

ထီးချိုင့်တွင် ဆိုင်ကယ်စီးအရပ်သား ၂ ဦးကို ပစ်သတ်မှု၊ အကျဉ်းသား ၂ ဦး သေဆုံးမှုတို့နှင့် ပတ်သက်ပြီး စစ်ကောင်စီ ပြန်ကြားရေးတာဝန်ရှိသူတို့ထံမှ တုံ့ပြန်ချက်ရလိုသော်လည်း ၎င်းတို့ကို ဆက်သွယ်မေးမြန်းနိုင်ခြင်း မရှိသေးပေ။

ဒေသခံကာကွယ်ရေးအဖွဲ့ဝင်များသည် ပြည်သူများနှင့် ရောနှောနေတတ်သည်ဟု စစ်ကောင်စီပြောရေးခွင့်ရပုဂ္ဂိုလ် ဗိုလ်ချုပ်ဇော်မင်းထွန်းက ယခုလအစောပိုင်းတွင် BBC သတင်းဌာနကို ပြောထားသည်။ 

“သူတို့အနေနဲ့ မြို့ပြတွေ ကျေးရွာတွေမှာ ပြည်သူလူထုကို အကာအကွယ်ယူပြီး မြို့နေလူထုအသွင် ရွာနေလူထုအသွင်နဲ့ တပ်မတော်ကို ချောင်းမြောင်းတိုက်ခိုက်တာတွေ ရှိလာခဲ့တယ်။ ဒါတွေအပေါ်မှာ လုံခြုံရေးတပ်ဖွဲ့တွေက ချိန်ဆလုပ်ဆောင်နေတယ်”ဟု BBC ကို ဖြေထားသည်။

စစ်ကောင်စီသည် အာဏာသိမ်းမှုကို လက်နက်ကိုင်ခုခံမှုအားကောင်းသည့် စစ်ကိုင်းတိုင်းမြို့နယ်များတွင် လက်နက်အပြည့်အစုံတပ်ဆင်ထားသည့် စစ်သားများကို စေလွှတ်တိုက်ခိုက်နေပြီး ယခုအခါ တိုက်လေယာဉ်၊ ရဟတ်ယာဉ်များကိုပါ သုံးနေသည်ကို တွေ့ရသည်။

စစ်ကောင်စီတပ် ထိခိုက်သေဆုံးမှုများရခြင်းမှာ မိုင်းထောင်တိုက်ခိုက်မှုနှင့် ရင်ဆိုင်ရသောကြောင့် ဖြစ်သည်။

စစ်ကောင်စီတပ်၏ ရန်ကြောင့် စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်တွင် ဒေသခံ ၇၀၀၀ ကျော် ထွက်ပြေးနေချိန် အိမ်မှ ပစ္စည်းများ လုယက်ခံနေရသည်။ 

လုယက်ခံရခြင်း၊ လူနေအိမ်များ မီးရှို့ခံရခြင်း၊ ဒေသခံတို့ သတ်ဖြတ်ခံရခြင်းတို့မှာ စစ်ကိုင်းတိုင်းအတွင်း မကြာခဏဖြစ်ပွားနေသော ရာဇဝတ်မှုများ ဖြစ်သည်။ ထိုအမှုများကို ၎င်းတို့ မကျူးလွန်ကြောင်း စစ်ဗိုလ်ချုပ်ကြီးများက ငြင်းဆိုထားသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button