သတင်း

ကလေးမြို့မှ ဇနီးမောင်နှံ ပျောက်ဆုံးပြီးနောက် ရုပ်အလောင်းများ ကမ်းစပ်တွင်ပြန်တွေ့

တိုက်ပွဲဖြစ်ပွားနေသော စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တွင် ဇနီးမောင်နှံနှစ်ဦး ရက်အနည်းငယ်ကြာ ပျောက်ဆုံးနေခဲ့ပြီးနောက် ဒီဇင်ဘာလကုန်ပိုင်းတွင်မှ ၎င်းတို့၏ ရုပ်အလောင်းကို တွေ့ရသဖြင့် ဇန်နဝါရီ ၆ တွင် ရက်လည်ဆွမ်းသွတ်ပေးခဲ့ကြသည်ဟု ဆွေမျိုးတော်စပ်သူတစ်ဦးက ပြောသည်။ 

ခုံတိုးမြို့သာရွာမှ ၄၉ နှစ်အရွယ် ဦးညီညီ၊ ၄၈ နှစ်အရွယ် ဒေါ်မိုးမိုးဌေးတို့သည် ဒီဇင်ဘာ ၂၅ တွင် ရွာမှ ထွက်သွားခြင်းဖြစ်သည်။

ငွေချေးထားသူတစ်ဦးက ငွေပြန်လက်ခံရန် ခေါ်ယူသဖြင့် ရွာမှ နာရီဝက်ခန့်အကြာ ခရီးဖြစ်သော တင်သားရွာသို့ သွားရောက်ကြခြင်းဖြစ်ကြောင်း၊ ကမ္ဘားနီတံတား၌ ကင်းစောင့်နေသော တပ်သားများက ဖမ်းဆီးသတ်ဖြတ်ခြင်း ဖြစ်သည်ဟု ဒေသခံတို့ထံမှ သိရကြောင်း သူက ဆက်ပြောသည်။

ဒီဇင်ဘာ ၂၉ တွင် ရုပ်ပျက်ဆင်းပျက်ဖြစ်နေသော အမျိုးသမီးအလောင်းကို အရှေ့စည်းရွာအနီး မြစ်သာမြစ်ကမ်းစပ်၌ ဒေသခံတို့က တွေ့ရသည်၊ နောက်တစ်နေ့တွင် ထိုနေရာအနီး၌ပင် တုပ်နှောင်ခံထားရသည့် အမျိုးသားအလောင်းကို တွေ့ရခြင်းဖြစ်သည်ဟု ဆိုသည်။

“ကြက်တွေကင်သလို လက်နှစ်ဖက်ကို ဝါးလုံးနဲ့ တုပ်ထားတယ်။ မီးရှို့ထားတယ်” ဟု ထိုအမျိုးသမီးက ပြောပြသည်။

Myanmar Now က တွေ့ရှိရသော ဓာတ်ပုံများတွင် အမျိုးသားရုပ်အလောင်းသည် သူပြောသကဲ့သို့ ဖြစ်နေသည်။  

အမျိုးသမီးအလောင်းတွင် ဝမ်းဗိုက်ထိုးခွဲဒဏ်ရာ၊ မီးလောင်ဒဏ်ရာများရှိနေပြီး ရင်သားတစ်ခြမ်းပြတ်တောက်နေသည်။ 

ရုပ်အလောင်းများ ရုပ်ပျက်ဆင်းပျက်ဖြစ်နေသော်လည်း အဝတ်အစားများကြောင့် မည်သူမည်ဝါဖြစ်သည်ကို အတည်ပြုနိုင်ခြင်းဖြစ်သည်ဟု အထက်ပါ ဆွေမျိုးတော်စပ်သူက ပြောသည်။ 

ရုပ်အလောင်းများကို တွေ့သည့် ရွာအနီးတွင်ပင် သင်္ဂြိုဟ်ခဲ့သည်ဟု ဆိုသည်။

ဇနီးမောင်နှံ သေဆုံးသဖြင့် မိသားစုတွင် ဆယ်ကျော်သက်နှင့် နှစ်ဆယ်ကျော်အရွယ် သားနှစ်ဦး ကျန်ရစ်ခဲ့သည်။ 

ထိုနှစ်ဦး သေဆုံးခဲ့မှုနှင့် ပတ်သက်ပြီး အခြားဒေသခံများက စစ်ကောင်စီတပ် ရန်ပြုမည်ကို စိုးရိမ်သဖြင့် လက်ခံဖြေကြားရန် အသင့်မဖြစ်ကြသေးသလို ကလေးမြို့နယ် မြို့မရဲစခန်း တာဝန်ရှိသူတို့ကိုလည်း မေးမြန်း၍ မရသေးပေ။

ကလေးမြို့သည် အာဏာသိမ်းစစ်ကောင်စီကို လက်နက်ကိုင်တိုက်ခိုက်သည့်အဖွဲ့များ လှုပ်ရှားသည့်ဒေသဖြစ်သလို မည်သူ့ကိုမဆို ပစ်ခတ်ရန် အသင့်ဖြစ်နေသော စစ်ကောင်စီတပ်သားတို့လည်း အများအပြားရှိနေသည်။

စစ်ဗိုလ်ချုပ်များ အာဏာသိမ်းပြီးနောက် နိုင်ငံအနှံ့အပြား ပြည်သူများစွာ ဖမ်းဆီးနှိပ်စက်သတ်ဖြတ်ခံနေရသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button