သတင်း

စစ်ကောင်စီတိုက်လေယာဉ်များ လွိုင်ကော်ကို ဗုံးကြဲတိုက်ခိုက်

ကယား (ကရင်နီ) ပြည်နယ်၊ လွိုင်ကော်မြို့တွင် ယနေ့ (ဇန်နဝါရီ ၈) နံနက်မှစ၍ တိုက်ပွဲများ ပြင်းထန်နေရာ စစ်ကောင်စီဘက်က သံချပ်ကာယာဉ်တစ်စီးအပါအဝင် စစ်သည်အင်အား အများအပြားသုံးထားသလို လေကြောင်းမှလည်း လာရောက်တိုက်ခိုက်နေသည်ဟု ကရင်နီဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့များက ပြောသည်။ 

ရဟတ်ယာဉ်နှင့်လည်း လာရောက်ပစ်ခတ်သလို ဂျက်တိုက်လေယာဉ်နှစ်စီးက အကြိမ်ကြိမ် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု တိုက်ပွဲတွင် ပါဝင်နေသည့် Karenni Democratic Front (KDF) တာဝန်ရှိသူတစ်ဦးက ပြောသည်။

“အခု လေယာဉ်နဲ့ပစ်နေတာ လေး၊ ငါးခေါက်လောက် ရှိပြီ။ နေ့လယ် ၂ နာရီ ၄၅ လောက်ကတည်းက လေယာဉ်နဲ့ လာပစ်နေတာ။ တိုက်ပွဲက တော်တော်ပြင်းထန်နေတယ်”ဟု ၎င်းက ဆိုသည်။

လက်ရှိအနေအထားအရ ဒီးမော့ဆို(‌ခြောက်မိုင်)၊ ဒေါပိုးစီ၊ ရွာတန်းရှည်၊ ပန်ကန်း စသည့်နေရာများတွင် တိုက်ပွဲဆက်လက်ပြင်းထန်နေပြီး ကရင်နီဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့ပေါင်းစုံက ပူးပေါင်းပြီး ခုခံနေသည်ဟု ဆိုသည်။

ယမန်နေ့ (ဇန်နဝါရီ ၇) ကထက် တိုက်ပွဲ ပိုပြင်းထန်နေပြီး ဒေသခံကာကွယ်ရေးအဖွဲ့ဝင်တချို့လည်း ထိခိုက်ဒဏ်ရာရနေသည်ဟု KDF တာဝန်ရှိသူက ဆက်ပြောသည်။

လွိုင်ကော်၌ ဖြစ်ပွားသည့် ယမန်နေ့တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်၏ ပစ်ခတ်မှုကြောင့် အရပ်သား အမျိုးသား ၄ ဦး သေဆုံးပြီး ဒေသခံ ၁၀၀၀ ကျော် ထွက်ပြေးနေရသည်။ 

အဆိုပါတိုက်ပွဲဖြစ်စဉ်များနှင့် စပ်လျဉ်းပြီး စစ်ကောင်စီတာဝန်ရှိသူထံ ဆက်သွယ်မေးမြန်း၍ မရသေးပေ။

စစ်တပ်က အာဏာသိမ်းပြီး တစ်နှစ်ဝန်းကျင်ရှိလာချိန်တွင် နိုင်ငံအနှံ့ လက်နက်ကိုင်ခုခံမှုများရှိနေပြီး ၎င်းတို့ထဲတွင် ကရင်နီဒေသအတွင်းရှိ ဒေသကာကွယ်ရေးအဖွဲ့များကလည်း ရှေ့တန်းမှ ပါဝင်နေသည်။

လက်ရှိတွင် ထိုဒေသအတွင်း တိုက်ပွဲများ နေ့စဉ်ရက်ဆက် ပြင်းထန်နေပြီး ကရင်နီတပ်မတော် (KA) နှင့်အတူ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) အပါအဝင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ PDF များ၊ ဒေသခံအဖွဲ့များပူးပေါင်းပြီး စစ်ကောင်စီကို တိုက်ခိုက်နေခြင်းဖြစ်သည်။ 

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button