သတင်း

နှစ်နှစ်ကျော်ကြာ စစ်ဆေးခဲ့ရသည့် ဦးကိုနီလုပ်ကြံမှု အမိန့်ချပြီ

ရန်ကုန် – အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥပဒေအကြံပေး တရားလွှတ်တော်ရှေ့နေ ဦးကိုနီကို လွန်ခဲ့သော နှစ်နှစ်ကျော်က သေနတ်ဖြင့် လုပ်ကြံသတ်ဖြတ်ခဲ့သည့် ကြည်လင်းနှင့် ထိုလုပ်ကြံမှုကို စေခိုင်းခဲ့သူ ဟု ဆိုသော အောင်ဝင်းဇော်တို့ကို ရန်ကုန် မြောက်ပိုင်းခရိုင်တရားရုံးက ယနေ့တွင် မသေမချင်း ကြိုးကွင်းစွပ် သတ်စေရန် အမိန့်ချမှတ်ခဲ့သည်။

ဦးကိုနီကို ကိုယ်တိုင်သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံသည့် ကြည်လင်းအား ရာဇသတ်ကြီးပုဒ်မ ၃၀၂ (၁)(ခ)/၃၄ အရ ကြိုးကွင်းစွပ်သတ်ရန်၊ ထိုနေ့က ၎င်းကိုဖမ်းဆီးရန်ကြိုးစားသည့် အငှားယာဉ်မောင်း ကိုနေဝင်းကို သတ်ဖြတ်မှုအတွက် ပုဒ်မ ၃၀၂(၂) အရ ထောင်ဒဏ်နှစ် ၂၀၊ လက်နက်ကိုင်ဆောင်မှုအတွက် လက်နက်များ အက်ဥပဒေ ပုဒ်မ ၁၉(ဃ)(စ) အရ ထောင် ဒဏ် သုံးနှစ် ဖြင့် အထူးခုံရုံး ဥက္ကဋ္ဌ၊ မြောက်ပိုင်းခရိုင် တရားသူကြီး ဦးခင်မောင်မောင်က အမိန့်ချသည်။

အောင်ဝင်းဇော်သည် ထိုလူသတ်မှုတွင် ကြည်လင်းကို နောက်ကွယ်မှ စေခိုင်းသူအဖြစ် ထင်ရှားကြောင်း တရားသူကြီးက ဆုံးဖြတ်ကာ ၃၀၂(၁)(ခ)/၃၄ အရ မသေမချင်း ကြိုးကွင်းစွပ်သတ်ရန် လည်း အမိန့်ချသည်။

ထို့ပြင် အောင်ဝင်းဇော်ကို ထွက်ပြေးနိုင်အောင် ကူညီခဲ့သူ အောင်ဝင်းထွန်းကို ထောင်ဒဏ် သုံးနှစ်၊ ထိုလူသတ်မှုကို ငွေကြေးထောက်ပံ့သူဟု မူလက စွဲချက်တင်ခံထားရသူ ဇေယျာဖြိုးကို ပုဒ်မပြောင်းပြီး ထောင်ဒဏ် ငါးနှစ်စီ အသီးသီးချမှတ်ခဲ့သည်။

ဦးကိုနီကို လုပ်ကြံရန်အတွက် ၎င်းကိုစေခိုင်းသူမှာ မန္တလေးတွင် ခင်မင်ခဲ့သူ မြင့်ဆွေဖြစ်သည်ဟု တရားရုံးတွင် ထွက်ဆိုခဲ့သော်လည်း  ကြည်လင်း၏ လက်ကိုင်ဖုန်း နံပါတ်သို့ ဖုန်းခေါ်ဆိုမှုများကို အောင်ဝင်းဇော်၏ လက်ကိုင်ဖုန်းတွင် အကြိမ်ကြိမ်တွေ့ခဲ့ရသည်ဟု ဆက်သွယ်ရေး ဌာနက တင်သွင်းသော သက်သေခံချက်များကို ကိုးကားပြီး တရားသူကြီးက ပြောသည်။

ထို့ပြင် သက်သေခံ အဖြစ်တင်သွင်းထားသော ကြည်လင်း၏ မိဘများနေထိုင်ရာ စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်မြို့နယ် ဆိုင်းလျားကျေးရွာနေအိမ်မှ ရရှိသည့် အူရီဒူး ဖုန်းနံပါတ်ကိုလည်း အောင်ဝင်းဇော်က အကြိမ်ကြိမ်ခေါ် ဆိုထားသည့်အချက်ကိုတွေ့ရှိရသည်ဟု ၎င်းကဆိုသည်။

ထိုအချက်ကြောင့် သေနတ်သမားကြည်လင်းနှင့်အောင်ဝင်းဇော်တို့ နှစ်ဦးမှာ အကျဉ်းထောင်က လွတ်မြောက်ချိန်ကတည်းက အဆက်အသွယ် မပြတ်ရှိနေသည်ကို ထင်ရှား ပေါ်လွင်စေသည် ဟု ၎င်းကပြောသည်။

ထို့ပြင် လေဆိပ် CCTV မှတ်တမ်းများအရလည်း ကြည်လင်းနှင့်အောင်ဝင်းဇော်တို့ နှစ်ဦးမှာ  ဦးကိုနီကို မလုပ်ကြံမီ လေဆိပ်အတွင်း ယှဉ်တွဲ သွားလာနေသည်ကိုလည်း တွေ့ရှိရပြီး ဦးကိုနီကို လုပ်ကြံရန်အတွက် ပူးပေါင်းကြံစည် နေခဲ့သည်မှာ ပေါ်ပေါက်ခဲ့ကြောင်း တရားခွင်တွင် ထည့်သွင်းပြောကြားခဲ့သည်။

ဇေယျာဖြိုး ပြစ်ဒဏ်လျော့

 လေဆိပ် လုပ်ကြံမှုတွင် နောက်ကွယ်မှ ငွေကြေးထောက်ပံ့သူဟု စွပ်စွဲခံထားရပြီး ပုဒ်မ ၃၀၂(၁)(ခ)/ ၁၀၉ လူသတ်ရာတွင်ပူးပေါင်းကြံစည်မှု ဖြင့် တရားစွဲဆိုခြင်းခံခဲ့ရသူ ထောက်လှမ်းရေး ဗိုလ်ကြီးဟောင်း ဇေယျာဖြိုးမှာမူ ရာဇသတ်ကြီးပုဒ်မ ၂၀၁ အရ ထောင်ဒဏ် ငါးနှစ်ချမှတ်ခံရသည်။

မူလ စွဲချက်တင်ထားသည့် ပုဒ်မ ၃၀၂(၁)(ခ)/၁၀၉ အရ ပြစ်မှု ထင်ရှားပါက တရားခံ ဇေယျာဖြိုးမှာ အမြင့်ဆုံး ပြစ်ဒဏ် သေဒဏ် အထိကျခံရမည် ဖြစ်သော်လည်း ဇေယျာဖြိုးသည် မော်ဒန်လက်ဖက်ရည်ဆိုင်တွင် အောင်ဝင်းခိုင်၊ မိုင်းဖြတ်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးလင်းဇော်ထွန်းတို့သုံးဦးနှင့် တွေ့ဆုံခဲ့သည်ဆိုသည့် အချက်မှာ မပေါ်ပေါက်ခြင်း၊ လုပ်ကြံ သတ်ဖြတ်ရန် ငွေကြေး လွှဲပေးသည် ဆိုသည့်အချက်မှာ မထင်ရှား မပေါ်ပေါက်ခြင်း၊ ဇေယျာဖြိုး၏ ရုံးခန်းတွင် သိမ်းဆီးရမိသည့် သေနတ်အိတ် နှစ်အိတ်မှာလည်း လုပ်ကြံရာတွင် အသုံး ပြုခဲ့သည့် သေနတ်အိတ်များဖြစ်သည်ဟု သက်သေမပြနိုင်ခဲ့ခြင်းတို့ကြောင့် ဖြစ်ကြောင်း ၎င်းကပြောသည်။

ထို့ပြင် ဇေယျာဖြိုးက ဦးကိုနီကို လုပ်ကြံသတ်ဖြတ်ရန်အတွက် အောင်ဝင်းခိုင်၊ အောင်ဝင်းဇော်နှင့်ကြည်လင်း တို့ကို ပြောဆိုခဲ့သည်ဆိုသော သက်သေများ မပေါ်ပေါက်ခဲ့ခြင်းကြောင့် မူလ စွဲချက်တင်ထားသည့် ပုဒ်မကို ပယ်ဖျက်လိုက်ခြင်းဖြစ်သည်ဟု တရားခွင်တွင်ပြောသည်။

သို့သော်လည်း ဇေယျာဖြိုးမှာ ဝရမ်းပြေး အောင်ဝင်းခိုင်ကိုလွတ်မြောက်အောင် ကူညီခဲ့ခြင်း၊ သက်သေခံ ပစ္စည်းဖျောက်ဖျက်ရာတွင် ၎င်း၏ ရုံးခန်းကို အသုံးပြုခွင့်ပေးခဲ့ခြင်းတို့ကြောင့် ရာဇသတ်ကြီး ပုဒ်မ(၂၀၁) နှင့် အကျုံးဝင်နေပြီး ထောင်ဒဏ် ငါးနှစ်ကျခံရမည်ဟု တရားသူကြီးက အမိန့်ချမှတ်ခဲ့သည်။

ရာဇသတ်ကြီး ပုဒ်မ ၂၀၁ မှာ ပြစ်မှုကျူးလွန်သူကို ကာကွယ်ရန်အလို့ငှာ သက်သေခံကို ပျောက်ပျက်စေခြင်း(သို့တည်းမဟုတ်) မမှန်သတင်းပေးခြင်းတို့ကို ကျူးလွန်သည့် ပြစ်မှုဖြစ်ပြီး အမြင့်ဆုံးပြစ်ဒဏ်အဖြစ် ထောင်ဒဏ် ခုနစ်နှစ်ထိ ချမှတ်ခံရနိုင်သည်။

ဇေယျာဖြိုး၏ မှတ်ပုံတင်အတု ကိုင်ဆောင်မှု

ဇေယျာဖြိုးမှာ နိုင်ငံသားစိစစ်ရေးကတ်ပြားအတု ကိုင်ဆောင်သည့် ပုဒ်မများဖြင့် တာမွေမြို့နယ်နှင့် ဗဟန်းမြို့နယ်တို့တွင် အမှုရင်ဆိုင်နေရရဆဲဖြစ်ပြီး ထိုအမှုများကိုလည်း နှစ်နှစ်ကြာမြင့်သည် အထိ အမိန့်မချမှတ်နိုင်သေးပေ။

“ဒီမှတ်ပုံတင်အမှုကဗျာ ၂ နှစ်ကြာနေပြီး မပြီးသေးဘူး။ ဘာဖြစ်လို့ မပြီးတာလဲ။ ဒါကတော့ ဗဟန်းမြို့နယ် တရားသူကြီးနဲ့ တာမွေမြို့နယ် တရားသူကြီးတို့ကိုပဲ ကျွန်တော်တို့က မေးရမှာပဲ” ဟု တရားလိုရှေ့နေ ဦးရောဘတ်စန်းအောင်က ပြောသည်။

အာမခံဖြင့် တရားရင်ဆိုင်နေရခဲ့သည့် အောင်ဝင်းဇော်၏အစ်ကို အောင်ဝင်းထွန်းမှာလည်း အောင်ဝင်းဇော်ကို ကားမောင်းကာ လိုက်လံ ပို့ဆောင်ခဲ့မှုဖြင့် ရာဇသတ်ကြီး ပုဒ်မ၂၁၂ အရ အမြင့်ဆုံးပြစ်ဒဏ် ထောင်ဒဏ် သုံးနှစ်အထိ ကျခံရန် အမိန့်ချမှတ်ခဲ့သည်။

ယနေ့ အမိန့်ချလိုက်သူအားလုံး ခုနစ်ရက်အတွင်း အယူခံတက်နိုင်သည်ဟု အထူးခုံရုံး တရားသူကြီးကပြောသည်။

အဓိက တရားခံဖြစ်သူဟု ယူဆပြီး ရဲက အလိုရှိနေသည့် တရားခံ အောင်ဝင်းခိုင်မှာမူ ယနေ့အချိန်ထိ ထွက်ပြေး လွတ်မြောက်နေဆဲဖြစ်သည်။

ယခုအမှုအတွက် အချိန်နှစ်နှစ်ကျော်ကြာခဲ့ပြီး ရုံးချိန်းပေါင်း ၁၀၄ ချိန်း၊ စုစုပေါင်းသက်သေ ၁၁၀ တို့ကို စစ်ဆေးခဲ့ရသည်။

ဦးကိုနီသည် အင်ဒိုနီးရှားနိုင်ငံတွင်ပြုလုပ်သည့် Senior Leadership Programme သို့ တက်ရောက်ပြီး အပြန် ၂၀၁၇ ဇန်နဝါရီလ ၂၉ ရက်နေ့တွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် လုပ်ကြံခံခဲ့ရခြင်းဖြစ်သည်။

Show More

Related Articles

Back to top button