Myanmar Now ၏ ၁၀နှစ်တာ

ယခုလတွင် မြန်မာနောင်းသည် ၁၀ နှစ်ပြည့်ခဲ့ ပြီဖြစ်သည်။ ဆယ်နှစ်တာ ကာလအတွင်း သတင်းများ ဖော်ထုတ်ရေးသားရာတွင် အမှတ်တရ ရှိခဲ့သည့် မှတ်တမ်းဝင် အခိုက်အတန့်များကို စာဖတ်ပရိသတ်များ ပြန်ပြောင်း အမှတ်ရနိုင်ရန် ဤအခါသမယတွင် တင်ပြလိုပါသည်။

၂၀၁၅ ခုနှစ်တွင် မြန်မာနောင်းကို တည်ထောင်ခဲ့သည်။

၂၀၁၅ ခုနှစ်က မီဒီယာလွတ်လပ်ခွင့် အတိုင်းအတာတခုအထိ ရရှိနေချိန်တွင် ရန်ကုန်မြို့တွင် စတင်တည်ထောင်ခဲ့သော Myanmar Now သည်၊ အကျဉ်းထောင် ရဲဘက် စခန်းများ အကြောင်း၊ အမျိုးသားရေး အစွန်းရောက် ဘုန်းကြီးများ အကြောင်းနှင့် စစ်တပ်နှင့် ဆက်နွယ်နေသော စီးပွားရေးလုပ်ငန်များ၏ လျှို့ဝှက် အပေးအယူ သဘောတူညီမှုများ အကြောင်း စသည့် ကိစ္စရပ်များအား စုံစမ်းဖော်ထုတ်သည့် သတင်းတင်ဆက်မှုများကြောင့် လျင်မြန်စွာ လူသိများလာခဲ့သည်။

မြန်မာ စစ်အုပ်စု၏ အကျဉ်းထောင် များအတွင်း ကျူးလွန်နေသည့် လူ့အခွင့်အရေးချိုးဖောက်မှုများ အကြောင်း ဖော်ထုတ်ထားသော အထူး သတင်းဆောင်းပါးကို Myanmar Now က ရေးသားတင်ဆက်ခဲ့သည်။

Myanmar now ၏ စုံစမ်းဖော်ထုတ်မှုတွင် မြန်မာနိုင်ငံရှိ အကျဉ်းထောင် အလုပ်စခန်းများအတွင်း ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားနေသော မတရားမှုများနှင့် အမြတ်ထုတ်မှုများအား အသေးစိတ် ဖော်ပြထားပါသည်။ အလုပ်စခန်းများတွင် အဓမ္မ ခိုင်းစေမှုများနှင့် ပတ်သက်သော သဘောတူညီချက်များအား ချိုးဖောက်လျက်ရှိသဖြင့်၊ အကျဉ်းသား ထောင်ပေါင်းများစွာသည် ခက်ခဲကြမ်းတမ်းလှသော အခြေအနေများအောက်တွင် အတင်းအဓမ္မ လုပ်အားပေး ခိုင်းစေခံရပုံ၊ အကျဉ်းထောင်အာဏာပိုင်များက နေ့စဉ် ရိုက်နှက်ခြင်းနှင့်၊ လာဘ်ပေးရန် ဖိအားပေး တောင်းဆိုခံရပုံများအား အလေးပေး ဖော်ပြထားပါသည်။ စုံစမ်းဖော်ထုတ်မှုအရ ထိုကဲ့သို့ အတင်းအဓမ္မ လုပ်အားပေးခိုင်းစေမှုများသည် ပုဂ္ဂလိကကုမ္ပဏီများနှင့်လည်း မကြာခဏ ပတ်သက်နေပြီး၊ အကျဉ်းထောင်စနစ်မှနေ၍ အမြတ်အစွန်းများ အမြောက်အမြား ရရှိနေကြောင်း ဖော်ထုတ်နိုင်လိုက်ပါသည်။

မဘသ၏ တရားစွဲမှု

မွတ်စလင်ဆန့်ကျင်ရေး ဘုန်းကြီး ဦးဝီရသူကို ဝေဖန်မှုကြောင့် မြန်မာနောင်း အယ်ဒီတာချုပ် ကိုဆွေဝင်းကို မြန်မာအာဏာပိုင်များက ဖမ်းဆီးခဲ့သည်။

ဤဖမ်းဆီးမှုသည် အမျိုးသားရေး အစွန်းရောက် ဘုန်းကြီး ဦးဝီရသူ ကို ရာဇဝတ်မှုဆိုင်ရာ အသရေဖျက်မှု စွဲချက်ဖြင့် ကိုဆွေဝင်းအား တရားစွဲဆိုခဲ့ခြင်းနှင့် ပတ်သက်ပါသည်။  ထိုအမှုနှင့် ပတ်သက်၍ ကိုဆွေဝင်းကို နှစ်နှစ်ခွဲခန့် ရုံးချိန်းပေါင်း မြောက်များစွာဖြင့် စစ်ဆေးခဲ့ပြီး စွဲချက်အား တရားရုံးက ကနဦးပယ်ချခဲ့သော်လည်း နောက်ပိုင်းတွင် တရားရုံးက အမှုကို အစမှပြန်လည်စစ်ဆေးရန် ဆုံးဖြတ်ခဲ့ပါသည်။

မြန်မာ့အရေး သတင်းမီဒီယာတစ်ခုဖြစ်သော မြန်မာနောင်း သည် နိုင်ငံရေး၊ စစ်ရေးနှင့် ငွေကြေးဆိုင်ရာ အကျင့်ပျက်ခြစားမှုများကို စုံစမ်းဖော်ထုတ်သည့် သတင်းများ ရေးသားဖော်ပြလျက်ရှိသည်။

ဩဇာအာဏာရှိသူများကို စုံစမ်းထောက်လှမ်းရေး သတင်းများဖြင့် ထိန်းကျောင်းကာ ရေးသားဖော်ပြမှုများတွင် Myanmar Now သည်လည်း  ဆက်လက် ဦးဆောင် ပါဝင်နေပါသည်။ 

နိုင်ငံရေးပါတီခေါင်းဆောင်တစ်ဦး၏ ပြစ်မှုနောက်ကြောင်းနှင့် ကြီးကျယ်ခမ်းနားသော နေထိုင်မှုပုံစံကို မြန်မာနောင်းက စုံစမ်းဖော်ထုတ် နိုင်ခဲ့ကာ၊ စစ်အစိုးရက စစ်ရေးအတွက် ငွေကြေးရရှိရန် ပုဂ္ဂလိကဘဏ်များကို မည်သို့ အသုံးချခဲ့ကြောင်းကိုပါ ဖော်ထုတ်ခဲ့ပြီး၊ ကိုယ်ကျိုးရှာ အခွင့်ထူးခံများနှင့် စနစ်တကျ အမြတ်ထုတ်မှု ပြဿနာများကို ရေးသားဖော်ထုတ်နိုင်ခဲ့သည်။

မြန်မာနောင်းက နာရီ ၇၀ အတွင်း စစ်တပ်က အာဏာသိမ်းတော့ မည်ဖြစ်ကြောင်း သတင်းရေးသားဖော်ပြခဲ့ပါသည်။

ထိုသတင်းသည် မြန်မာနောင်းရေးခဲ့သမျှသတင်းအားလုံးအနက် အရေးအကြီးဆုံးသတင်းဖြစ်ခဲ့သည်။ ထိုသတင်းမှားယွင်းသွားပါက မြနမာနောင်းအဖွဲ့သည် ယနေ့တွင် သတင်းလုပ်ငန်း လုပ်ကိုင်နိုင်တော့မည် မဟုတ်ပေ။ သို့ရာတွင် စစ်တပ်က အာဏာသိမ်းတော့မည်အဖြစ်ကို ခိုင်မာသည့် သတင်းအချက်အလက်များ ရရှိထားခြင်း၊ အာဏာသိမ်းမည့် လျှို့ဝှက်အစီအစဥ်အား ဖွင့်ချလိုက်ခြင်းဖြင့် စစ်တပ်အတွက် အကြပ်ရိုက်သွားစေရန် ထိုသတင်းကို စွန့်စားပြီး ထုတ်ပြန်ခဲ့ပါသည်။

စစ်တပ်သည် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်နှင့် အစိုးရထိပ်တန်းအရာရှိများအား စစ်အာဏာသိမ်းကာ ဖမ်းဆီနိုင်ခြေရှိကြောင်း ခန့်မှန်းချက်များအား မြန်မာနောင်းက သတင်းရေးသား ဖော်ပြခဲ့ပါသည်။

တနိုင်ငံလုံးရှိ အာဏာသိမ်းမှုဆန့်ကျင်ရေး ဆန္ဒပြပွဲများနှင့်၊ လက်နက်မဲ့ ဆန္ဒပြသူများအပေါ် စစ်ကောင်စီ၏ အကြမ်းဖက် သတ်ဖြတ်မှုများကို Myanmar Now က သတင်း ရေးသားဖော်ပြခဲ့သည်။

တနိုင်ငံလုံးရှိ မြို့ကြီးများတွင် ရက်သတ္တပတ်ပေါင်းများစွာအတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြည်သူများကို စစ်ပွဲဆင်နွှဲသကဲ့သို့ အကြမ်းဖက်နှိမ်နင်းခဲ့သဖြင့် ပြည်သူများ၏ အသက်ဆုံးရှုံးရမှုများအား၊ မြန်မာနောင်း သတင်းထောက်များက မြေပြင်မှနေ၍ သတင်းရယူကာ ရေးသားဖော်ပြခဲ့ကြသည်။ စစ်သားများနှင့် ရဲများက အသံဗုံးများနှင့် ကျည်အစစ်များကို အသုံးပြုခဲ့ရာ လူ ဒါဇင်ပေါင်းများစွာ သေဆုံးဒဏ်ရာရခဲ့ကြသည်။ သေဆုံးသူများထဲတွင် ဦးခေါင်းကို သေနတ်ထိမှန်ခဲ့သော ၁၉ နှစ်အရွယ် အမျိုးသမီးနှင့် ရင်ဘတ်ဒဏ်ရာရရှိခဲ့သော ၃၇ နှစ်အရွယ် အမျိုးသားတို့လည်း ပါဝင်ခဲ့သည်။ ကျန်းမာရေးဝန်ထမ်းများကိုလည်း ရဲများက ပစ်မှတ်ထားကာ ရက်ရက်စက်စက် ရိုက်နှက်ခဲ့သည်။ အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၁ ခုနှစ်၊ မတ်လအစောပိုင်းတွင် သေဆုံးခဲ့သူ စုစုပေါင်းအရေအတွက်မှာ ၃၀ ကျော်အထိ မြင့်တက်လာခဲ့ပြီး၊ လူ ၁,၂၀၀ ကို စစ်ကောင်စီက ဖမ်းဆီးခဲ့သည်။

စစ်ကောင်စီက ရန်ကုန်မြို့လယ်ရှိ မြန်မာနောင်း ရုံးကို ဝင်ရောက်စီးနင်း

ရန်ကုန်မြို့ရှိ မြန်မာနောင်းရုံးကို စစ်သားနှင့် ရဲများက ဝင်ရောက်စီးနင်းခဲ့ပြီး ကွန်ပျူတာများ၊ ပရင်တာများနှင့် သတင်းဌာန၏ ဒေတာဆာဗာများကို သိမ်းယူခဲ့ပါသည်။


စစ်တပ်သည် ဖေဖော်ဝါရီလ၊ ၁ ရက်နေ့တွင် အာဏာသိမ်းခဲ့ပြီး၊ တလကျော်အကြာတွင် ယခုကဲ့သို့ စီးနင်းမှု ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ဤလုပ်ရပ်သည်၊ စစ်အာဏာသိမ်းမှုအပေါ် ဆန့်ကျင်ကန့်ကွက်မှုနှင့် လွတ်လပ်သော သတင်းအချက်အလက်မှန်သမျှကို စစ်ကောင်စီက ဖြိုခွင်းရန် စနစ်တကျ စီစဉ်ထားသော စီမံချက်၏ အစိတ်အပိုင်းတခုလည်း ဖြစ်သည်။


နောက်ပိုင်းရက်များတွင် စစ်ကောင်စီသည် မြန်မာနောင်းအပါအဝင် လွတ်လပ်သော သတင်းမီဒီယာ ငါးခု၏ လိုင်စင်များကို ရုပ်သိမ်းခဲ့ပါသည်။ အယ်ဒီတာများအား ဖမ်းဝရမ်းထုတ်ခဲ့ပြီး ၎င်းတို့၏ အိမ်များကို ချိပ်ပိတ်သိမ်းယူခဲ့ပါသည်။

Myanmar Now လျှို့ဝှက်လှုပ်ရှားနေရ

ဆန္ဒပြပွဲများနှင့် စစ်တပ်၏ မတရားမှုများအား သတင်း ရေးသားခဲ့ကြသော သတင်းထောက်များ၊ သတင်း ဓာတ်ပုံဆရာများနှင့် အယ်ဒီတာများကို စစ်ကောင်စီက ပစ်မှတ်ထားပြီး အစုလိုက်အပြုံလိုက် ဖမ်းဆီးမှုများ စတင် လုပ်ဆောင်ခဲ့ပါသည်။

မြန်မာနောင်း ရုံးကို စစ်ကောင်စီက ဝင်ရောက်စီးနင်းပြီးနောက် သတင်းထောက်များသည် ထွက်ပြေးတိမ်းရှောင်ခဲ့ကြရပြီး၊ ထိုအချိန်မှစတင်၍ မြန်မာနောင်းသည် ပြည်ပရောက်မီဒီယာအဖြစ် စတင်ရပ်တည် ရသော အချိန်အခါလည်း ဖြစ်ပါသည်။ ရုံးစီးနင်းခံရခြင်း နှင့် လိုင်စင်ရုပ်သိမ်းခံ ရခြင်းများသည် မြန်မာနောင်းကို ရပ်တန့်သွားစေနိုင်ခြင်း မရှိပေ။ ဤအဖြစ်အပျက်က အဖွဲ့အစည်းတခုလုံး၏ လုပ်ငန်းလည်ပတ်ပုံကို ပြောင်းလဲပစ်ရန် တွန်းအားဖြစ်စေခဲ့ပြီး၊ လုပ်ငန်းဆောင်ရွက်မှု အားလုံးအား လုံခြုံမှု ကင်းမဲ့သော ‘မြေအောက်’ လှုပ်ရှားမှု” အဖြစ် ပြောင်းလဲသွားစေခဲ့ပါသည်။


ဤကဲ့သို့ ဝင်ရောက်စီးနင်းမှုသည် လွတ်လပ်သော သတင်းလုပ်ငန်းများအပေါ် သည်းခံမည် မဟုတ်ကြောင်း စစ်ကောင်စီ၏ ရှင်းလင်းသော သတင်းစကားတခုပမာ ဖြစ်ခဲ့သည်။ တချိန်တည်းမှာပင် ဤဖြစ်ရပ်သည်၊ အသံတိတ်မသွားသော မြန်မာပြည်သူများ အတွက် မရှိမဖြစ်လိုအပ်သည့် သတင်းဌာန တခုအဖြစ် ဆက်လက်ရပ်တည်

သွားမည်ဟူသည့် Myanmar Now၏ ခိုင်မာသော သန္နိဌာန် ကို အတည်ပြုပေးလိုက်သကဲ့သို့ ရှိသည်။

အရပ်သားများအပေါ် ကျူးလွန်ခဲ့သော စစ်ကောင်စီ၏ ရာဇဝတ်မှုများနှင့် ပတ်သက်သည့် အထူးသီးသန့် ရိုက်ကူးထားသော ဗီဒီယိုဖိုင်များနှင့် မျက်မြင်သက်သေ ထွက်ဆိုချက်များကို မြန်မာနောင်းက ထုတ်ပြန်နိုင်ခဲ့သည်။

စစ်တပ်၏ ရွာလုံးကျွတ်မီးရှို့ ဖျက်ဆီးမှုများအကြောင်း လူသိများသော်လည်း ထိုစစ်သားများ၏ ကြောက်မက်ဖွယ်ရာ လုပ်ရပ်များကို ကင်မရာဖြင့် မှတ်တမ်းတင်ထားသည်မှာ ရှားပါးသည်။ စစ်တပ်က ကြောက်မက်ဖွယ်ရာ ကျူးလွန်ထားကြောင်း ဖော်ပြထားသော၊ အထူးသီးသန့် ရရှိထားသည့် ရုပ်သံမှတ်တမ်းများနှင့် သက်သေများ၊ စစ်တပ်ဘက်မှ အလင်းဝင်သူများ၏ ထွက်ဆိုချက်များမှတဆင့်၊ ပြည်သူကို အကြောက်တရားဖြင့် အသာတကြည် အရှုံးပေးလာစေရန် စစ်ကောင်စီက အသုံးချခဲ့သော အကြမ်းဖက်နည်းဗျူဟာများကို ပေါ်လွင်ထင်ရှားစွာ ဖော်ပြနိုင်ခဲ့သည်။

မြန်မာနောင်း ဆယ်နှစ်ပြည့်

Myanmar Now သည် လူ့အဖွဲ့အစည်းအတွင်းမှ မတရားမှုများအား ဖော်ထုတ်နိုင်ရေး တာဝန်ကို ဆက်လက်ထမ်းဆောင်လျက် ရှိပါသည်။ တချိန်တည်းမှာပင် စစ်တပ်ကလည်း သတင်းထောက်များအား ဆက်လက် ဖိနှိပ်နေသလို ကျွန်တော်တို့အဖွဲ့သား ကိုစိုင်းဇော်သိုက်သည်လည်း  အကျဉ်းထောင်ထဲတွင် ဆက်လက်ရှိနေဆဲ ဖြစ်သည်။

ပြီးခဲ့သည့် ဆယ်စုနှစ်အတွင်း ကြီးမားသော စိန်ခေါ်မှုများ ရှိခဲ့သော်လည်း၊ ကျွန်တော်တို့အဖွဲ့၏  သတင်းတင်ဆက်မှုများသည် ဒေသတွင်းနှင့် နိုင်ငံတကာ ဆုပေါင်းများစွာကို ဆွတ်ခူးရရှိခဲ့ပါသည်။ ထိုဆုများထဲတွင် ၂၀၂၁ ခုနှစ်က One World Media Award၊ ၂၀၂၂၊ ၂၀၂၃ နှင့် ၂၀၂၄ ခုနှစ်များတွင် လူ့အခွင့်အရေးဆိုင်ရာ ထူးချွန်သော သတင်းတင်ဆက်မှုများအတွက် Society of Publishers in Asia (SOPA) Award များကို ဆွတ်ခူးခဲ့ပါသည်။ ၂၀၂၃ ခုနှစ်တွင်  ကျွန်တော်တို့အဖွဲ့သည် “လွတ်လပ်သော စုံစမ်းထောက်လှမ်း သတင်းတင်ဆက်မှုတွင် ရဲရဲဝံ့ဝံ့ ပါဝင်ခဲ့ခြင်း” အတွက် Free Media Pioneer Award ကိုလည်း ချီးမြှင့်ခြင်း ခံခဲ့ရပါသည်။

နှစ်ကြာလာသည်နှင့်အမျှ ကျွန်တော်တို့၏ ပရိသတ်အင်အားသည်လည်း တဖြည်းဖြည်း တိုးလာခဲ့ပြီး၊ ပိုများပြားလာသော စာဖတ်ပရိသတ်များအတွက် သတင်းများ ပို ထုတ်လုပ်နိုင်ခဲ့ပါသည်။ ယခုအခါ မြန်မာနောင်းသည် မြန်မာနှင့် ကမ္ဘာတဝှမ်းက စာဖတ်သူ ခုနစ် သန်းကျော်အတွက် ပုံမှန်သတင်းများ တင်ဆက် ပေးနိုင်နေပါပြီ။

ကျွန်တော်တို့ကို ပံ့ပိုးကူညီပေးခဲ့သည့်အတွက် ကျေးဇူးတင်ပါသည်။