မေးမြန်းခန်း

အင်တာဗျူး၊ “တစ်တိုင်းတစ်ပြည်လုံးက တော်လှန်ရေးနယ်မြေလို ဖြစ်နေပြီ” 

အာဏာသိမ်းစစ်ကောင်စီကို ရိုးရာလက်လုပ်တူမီးသေနတ်များဖြင့် အစောဆုံးခုခံတော်လှန်ခဲ့သည့် ချင်းတိုင်းရင်းသားများရှိရာ ဒေသတွင် လက်ရှိအချိန်၌ အကြီးအကျယ်စစ်မီးတောက်မည့် အလားအလာရှိနေသည်။ စစ်ကောင်စီက လူသူလက်နက်အင်အား ဖြည့်တင်းကာ ချင်းပြည်နယ်အတွင်း ထိုးစစ်ဆင်ရန် ပြင်ဆင်လျက်ရှိသည်။ 

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတစ်ခုဖြစ်သည့် ချင်းအမျိုးသားတပ်ဦး (CNF) သည် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း အစောပိုင်းကတည်းက ထုတ်ဖော်ပြောဆိုခဲ့သည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းဖြစ်သည်။ 

ချင်းပြည်နယ်အတွင်း တိုက်ပွဲများဖြစ်ပွားနေမှု၊ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) အပေါ် သဘောထားနှင့် NUG နှင့် ပူးပေါင်းဆောင်ရွက်နေသည့် အခြေအနေများကို သိရှိရန် ချင်းအမျိုးသားတပ်ဦး/ချင်းအမျိုးသားတပ်မတော် (CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီကို အောက်တိုဘာ ၁၄ ရက်တွင် Myanmar Now က ဆက်သွယ်မေးမြန်းထားသည်။

မေး – လက်ရှိတိုက်ပွဲတွေ ဆက်ဖြစ်နေတဲ့အပေါ် ရှင်းပြပေးပါလား။

ဖြေ – စစ်ကောင်စီတွေ (စစ်တပ်) ဖလမ်းကနေ ထွက်လာပြီး ဟားခါးဘက်ကို လာတယ်။ ဖလမ်းမြို့လွန်ပြီး ထလန်ရောန်ဆိုတဲ့ရွာမှာ အဲဒီနေရာမှာ သူတို့က မနေ့ (အောက်တိုဘာ ၁၃) ကတည်းက ရောက်ပြီးပြီ။ ဟားခါးဘက်ကို ကျွန်တော်တို့က ပိတ်ထားတယ်ဆိုတော့ သူတို့က ရှေ့တိုးမလာနိုင်ဘူး။ အဲဒီစစ်တပ်ကို ကျွန်တော်တို့ဘက်က သွားပြီးတော့ တိုက်တာ။ ရှေ့တိုးမလာနိုင်အောင် သွားတိုက်တာ။ အဲဒါနဲ့ သူတို့က ဖလမ်းမြို့ပေါ် ခလရ(၂၆၈) စခန်းကနေ ၁၂၀ မမ လက်နက်ကြီးနဲ့ သုံးချက်ပစ်တယ်။ အဲဒါနဲ့ ကျွန်တော်တို့ ယာယီနားထားလိုက်တယ်။ ကျွန်တော်တို့ဘက်က အထိအခိုက်တော့ မရှိဘူး။ သူတို့ဘက်က အထိအခိုက်ကတော့ မသိဘူး။ သို့သော် အဲဒီမှာ သူတို့က ထလန်ရောန်မှာ အိမ်တချို့ကို မီးရှို့တယ်။ အဲဒီအထိ နောက်ဆုံးကြားတာ။ တိုက်ပွဲက ၁၁ နာရီက စဖြစ်တာပေါ့။ အခုတော့ (အောက်တိုဘာ ၁၄ ရက် နေ့လယ် ၁ နာရီခွဲဝန်းကျင်) ခဏငြိမ်နေတဲ့ အခြေအနေရှိတယ်။ ဘယ်လိုဆက်ဖြစ်လာမလဲတော့ သူတို့ ဆက်ပြီးတော့ တက်လာမတက်လာအပေါ် မူတည်တာပေါ့။

မေး – အောက်တိုဘာ ၁၃ ရက်က ဟားခါးအဝင်နားက တိုက်ပွဲမှာ စစ်ကောင်စီတပ်က ထိခိုက်မှုတွေရှိတယ် ကြားတယ်။ မနေ့က တိုက်ပွဲအခြေအနေကို​ရော​ ပြောပြ​ပေးပါလား။

ဖြေ – ဟားခါးအလွန်မှာဖြစ်တာက စစ်ကောင်စီဘက်က ငါးဦးကျတယ်။ ကျွန်တော်တို့ဘက်ကတော့ အထိအခိုက်မရှိဘူးပေါ့။ ပြီးတော့ ဖလမ်းဘက်ကဟာကတော့ မနေ့ကတော့ ဖလမ်းအလွန် အခုတိုက်ပွဲဖြစ်တဲ့နေရာမှာ ဆက်ပြီးတော့ ရှေ့တိုးမလာနိုင်တော့ သူတို့နားတယ်။ ဒီနေ့အထိ နားတယ်။

မေး – စစ်ကောင်စီတပ်က ဟားခါးဘက်ကို အင်အားဖြည့်တင်းလာတော့ သူတို့ရဲ့ ရည်မှန်းချက်ကို ဘယ်လိုသုံးသပ်ပါသလဲ။

ဖြေ – ကျွန်တော်တို့ သုံးသပ်ထားတာက ကျွန်တော်တို့ချင်းအမျိုးသားတပ်ဦး ခြေကုပ်ယူတဲ့နေရာ ကျွန်တော်တို့ရဲ့ ဗဟိုဌာနချုပ်ပတ်ဝန်းကျင်၊ ကျွန်တော်တို့ CDF (ချင်းဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့) တွေရဲ့ အခြေချတဲ့နေရာကို သူတို့က အင်အားဖြည့်တင်းလာတာလို့ ကျွန်တော်တို့က မြင်တယ်။ အဓိကကတော့ သိထားဖို့က ဒီမှာ လက်နက်ကိုင်အဖွဲ့အစည်းဆိုလို့ ကျွန်တော်တို့ CNF နဲ့ CDF ပဲ ရှိတာကိုး။

မေး – စစ်ကောင်စီတပ်က ချင်းပြည်နယ်ကို မြောက်ပိုင်းရော တောင်ပိုင်းရော ဝင်ရောက်နေတယ်လို့ သိရပါတယ်။ ဒီအပေါ်မှာရော ဘာတွေသိထားပါသေးလဲဗျ။

ဖြေ – သူတို့က စစ်ကြောင်းက နှစ်နေရာက လာတယ်။ ချင်းပြည်နယ်တောင်ပိုင်းကတော့ ပခုက္ကူကနေ တက်ပြီးတော့ ပေါက် – ကျောက်ထုကနဲ့ မင်းတပ်ဘက် တက်လာကြတယ်။ အလုံးအရင်းနဲ့ တက်လာကြတယ်။ နောက်လမ်းကြောင်းကတော့ အခုတိုက်ပွဲဖြစ်နေတဲ့ စစ်ကိုင်းတိုင်း ကလေးမြို့လမ်းကြောင်းကနေ ဝင်လာတာဖြစ်တယ်။ နောက်တစ်ခုကတော့ အဲဒီလိုဖြစ်လာတာက နောက်ပိုင်းမှာ ချင်းပြည်နယ်မှာ ဗျူဟာနှစ်ခုရှိတယ်။ တောင်ပိုင်းက မတူပီဗျူဟာ၊ မြောက်ပိုင်းက ဟားခါးဗျူဟာရှိတယ်။ သူတို့က အဲဒီဗျူဟာကို အင်အားဖြည့်တင်းပြီးတော့ အဲဒီကနေ စစ်ဆင်ရေးလုပ်ဖို့ ပြင်ဆင်နေတယ်လို့တော့ အဲဒီလိုပဲ သုံးသပ်ချင်တယ်။

မေး – ဖလမ်းက အရင်နေ့တွေရောက်တာ စစ်ကောင်စီဘက်က စစ်ကား အစီး ၅၀ လို့ သိရပါတယ်။ အခုတက်လာတာရော ဘယ်လောက်ရှိပါသလဲ။

ဖြေ – အဲဒီ အစီး ၅၀ ပဲ တီးတိန်သွားလိုက်၊ ဖလမ်းသွားလိုက်၊ ကလေးမြို့ ပြန်သွားပြန်လာလိုက်။ အဲဒါကတော့ ၅၀နဲ့ ၆၀ ဝန်းကျင် ချင်းပြည်နယ်ထဲမှာ ရှိတာပေါ့။ ပြီးတော့ ပခုက္ကူဘက်က ကျောက်ထုထိ လာတာတော့ အစီးပေါင်း ၈၀ ပေါ့။ အဲဒီလိုလာတာဖြစ်တယ်။

မေး – စစ်ကောင်စီတပ်က အင်အားအလုံးအရင်းနဲ့ ဝင်လာသလို CNA နဲ့ CDF ကလည်း ခုခံနေတော့ စစ်တပ်က ဖလမ်းကနေ ဟားခါးကို သွားနိုင်မဲ့ အခြေအနေရှိပါသလား။

ဖြေ – အခုလက်ရှိ ကျွန်တော်တို့ဘက်က ပြင်ဆင်မှုကတော့ လမ်းကြောင်းအတိုင်း ကားလမ်းအတိုင်း လာရင်တော့ သူတို့တိုးနိုင်မှာ မဟုတ်ပါဘူး။ ပြီးတော့ တောထဲတိုးတယ်ဆိုရင်လည်း အဲဒါ ကျွန်တော်တို့နယ်မြေ။ ချင်းတောင်က သိတဲ့အတိုင်းဆိုတော့ အဲဒီလိုတိုးရင်လည်း နယ်မြေကျွမ်းကျင်မှုမှာ ကိုယ့်နယ်မြေမှာတော့ ကိုယ့်ဘက်က အားသာမယ်လို့ ကျွန်တော်တို့က ယုံကြည်မှုရှိထားတယ်။

မေး – အခုအချိန်မှာ စစ်ကောင်စီက သူတို့ကို ခုခံတဲ့ ဒေသတွေကို အင်အားဖြည့်တင်းပြီး ထိုးစစ်ဆင်ဖို့ ပြင်နေတော့ ပြည်သူလူထုကို ဘာတွေအသိပေးလိုပါသလဲ။

ဖြေ – အဲဒီလို စစ်ရေးက ပြင်းထန်လာပြီဆိုရင် ပြည်သူလူထုကတော့ အထိအခိုက်အနည်းဆုံးဖြစ်အောင်တော့ ကျွန်တော်တို့ဘက်က အတတ်နိုင်ဆုံးသတိထားပြီး တိုက်ပွဲဝင်သွားမှာ ဖြစ်တယ်။ သို့သော် အခု စစ်ကောင်စီကတော့ ကျေးရွာဝင်တိုင်း အိမ်တွေမီးရှို့၊ လူမရှိတဲ့နေရာတွေမှာ အိမ်ကို ဖောက်ထွင်း၊ ကြိုက်တဲ့ဟာ ပစ္စည်းတွေယူဆိုပြီးတော့ သောင်းကျန်းနေတာရှိပါတယ်။

အဲဒါ ပြည်သူလူထုကို ကြောက်အောင် သူတို့က လုပ်တာဖြစ်တယ်။ အမှန်တော့ တကယ်တော့ အဲဒီလိုလာတယ်ဆိုရင် လူငယ်တွေကတော့ထား၊ လူကြီးမိဘတွေက ကိုယ့်အိမ်မှာပဲ အေးအေးဆေးဆေးပဲ နေကြပါ။ အဲဒီလိုမှ မဟုတ်ရင် စစ်ကောင်စီက ကျွန်တော်တို့ပြည်သူတွေမှာ ရှိထားတဲ့ ဆန်၊ ဆီ၊ ဆားတွေကို သယ်သွားတယ်ဆိုရင် စစ်ကောင်စီကို ရိက္ခာပေးနေသလိုဖြစ်တယ်။ ဒါပေမဲ့ စစ်ဆင်ရေးဆိုတာ အနည်းနဲ့ အများ ထိခိုက်မှုတော့ရှိမှာပါ။ အဲဒါကတော့ ပြည်သူဘက်က ကျွန်တော်တို့ ချင်းအမျိုးသားတပ်ဦး၊ တပ်မတော် (CNA) နဲ့ CDF ကို နားလည်ပေးကြဖို့၊ အားလုံးက သတိရှိရှိနဲ့ နေကြဖို့ မေတ္တာရပ်ခံလိုပါတယ်။

ချင်းပြည်နယ်သို့ ချီတက်လာသည့် စစ်ကောင်စီတပ် စစ်ကြောင်းမှ တင့်ကားတစ်စီးကို အောက်တိုဘာ ၁၂ ရက်က ဖလမ်းမြို့အနီး၌ တွေ့ရစဉ်။ (ဓာတ်ပုံ − The Chin Journal) 

မေး – နိုင်ငံတစ်ဝန်းက ပြည်သူတွေကိုရော ဘယ်လို ပြောလိုပါသလဲ။

ဖြေ – တစ်တိုင်းတစ်ပြည်လုံးက တော်လှန်ရေးနယ်မြေလို ဖြစ်နေပြီ။ အဲဒီလိုနယ်မြေတွေဖြစ်လာတာ စစ်ကောင်စီက ဖန်တီးတာ။ စစ်အာဏာသိမ်းတယ်ဆိုကတည်းက ပြည်သူလူထုဟာ အနုနည်းနဲ့ပဲ ဆန္ဒပြတာ။ မရတော့ရင် ဂျန်နရေးရှင်းဇက်က (Generation Z) မခံနိုင်တော့ လက်နက်ကိုင်တဲ့အဆင့် ဖြစ်လာတယ်။

အဲဒါဘာလဲဆိုရင် ဒီစစ်အာဏာရှင်စနစ်အောက်မှာ မနေလိုတဲ့ Gen Z တွေ၊ ပြည်သူတွေꩻ၊ တော်လှန်ရေးအင်အားစုတွေ၊ နိုင်ငံရေးပါတီတွေ။ ဆိုတော့ ဒီနေ့က Uprising (အရေးတော်ပုံ) ပုံစံနဲ့ ဖြစ်သွားပြီ။ အဲဒီလိုတိုက်ပွဲဝင်တဲ့နေရာမှာလည်း ကျွန်တော်တို့က တက်ညီလက်ညီနဲ့ မြေပြန့်သော တောင်ပေါ်သော ဘာသောညာသော မဟုတ်ဘဲနဲ့ တက်ညီလက်ညီနဲ့ ကျွန်တော်တို့ ချိန်ကိုက်ပြီး စုစုစည်းစည်းနဲ့ တိုက်ပွဲဝင်ကြဖို့ပေါ့။

ပြည်သူလူထုက ပြည်မက PDF ၊ ကျွန်တော်တို့ဒေသတွေမှာ ဒေသကာကွယ်ရေးတပ်တွေ၊ တိုင်းရင်းသားလက်နက်ကိုင်တွေရှိတယ်။ အဲဒါကို ပူးပေါင်းပြီး ပါဝင်ပေးကြပါ။ ကျွန်တော်တို့လိုချင်တဲ့ နိုင်ငံရေးရည်မှန်းချက်ရရှိအောင် အားလုံးလက်တွဲပြီး ပူးပေါင်းဆောင်ရွက်နိုင်ဖို့ လူထုတစ်ရပ်လုံးကို မေတ္တာရပ်ခံချင်ပါတယ်။

မေး – CNF က တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ထိုးထားတဲ့ အဖွဲ့အစည်းဖြစ်တယ်။ လက်ရှိအနေအထားမှာ NCA နဲ့ ပတ်သက်ပြီး ဘာတွေပြောလိုပါသလဲဗျ။

ဖြေ – ကျွန်တော်တို့လည်း ဒီအပစ်အခတ်ရပ်စဲရေးလက်မှတ်ရေးထိုးထားတဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။ ကိုယ့်တစ်ဖွဲ့ချင်းစီရဲ့ နိုင်ငံရေးရပ်တည်ချက်၊ နိုင်ငံရေးခံယူချက် ပြီးတော့ လက်ရှိ NCA က ဖြစ်တည်လာတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ အကုန်လုံးသုံးသပ်တယ်။ ဒီ ၁၀ ဖွဲ့အားလုံးက ဒီ NCA လမ်းကြောင်းက ဘယ်လိုမှ အလုပ်မဖြစ်ဘူးဆိုတဲ့ စဉ်းစားချက်မှာတော့ ကျွန်တော်တို့အားလုံးတူတယ်။

သို့သော် ဒီ NCA လမ်းကြောင်းမဟုတ်ဘဲနဲ့ NCA ကဲ့သို့သော ငြိမ်းချမ်းရေးလမ်းကြောင်းသစ်ကို ဖော်နိုင်မလားဆိုတဲ့ စဉ်းစားချက်တွေလည်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကြားထဲမှာတော့ ရှိနေတယ်။ ဒီ NCA လမ်းကြောင်းကတော့ လက်တွေ့မကျတော့ဘူးဆိုတာ ကျွန်တော်တို့အနေနဲ့ မြင်ထားလို့ ကျွန်တော်တို့က NUG မှာ လက်မှတ်ရေးထိုးတယ်။ လက်မှတ်ရေးထိုးရခြင်း အကြောင်းရင်းကလည်း NUG ရဲ့ နိုင်ငံရေးရပ်တည်ချက်နဲ့ ကျွန်တော်တို့ CNF တွေရဲ့ နိုင်ငံရေးရပ်တည်ချက်က တစ်ထပ်တည်းကျတယ်။

မေး – NUG နဲ့ ပူးပေါင်းလိုက်တော့ စစ်ကောင်စီဘက်က အငြိုးထားလာနိုင်တာကို ဘယ်လိုမျှော်လင့်ထားသလဲ။

ဖြေ – ကျွန်တော်တို့က NUG မှာ လက်မှတ်ရေးထိုးလိုက်တော့ စစ်တပ်က ကျွန်တော်တို့ကို မေးမြန်းလာတာတွေ ရှိတာပေါ့။ NCA အပေါ် ရပ်တည်ချက်ဘယ်လိုရှိသလဲ၊ ဘယ်လိုရှေ့ဆက်သွားကြမလဲ ဆိုတဲ့ဟာတွေ သူတို့က တိုက်ရိုက် စာအားဖြင့်သော်လည်းကောင်း၊ ဖုန်းအားဖြင့်သော်လည်းကောင်း ဆက်သွယ်လာတယ်။

ဒါပေမဲ့ ခုနက ကျွန်တော်တို့ပြောသလို NCA အပေါ်မှာ ယုံကြည်ချက်က အားနည်းတယ်။ လက်တွေ့မကျတော့ဘူးဆိုတာ ကျွန်တော်တို့က နိုင်ငံရေးအရ အဲဒီလိုသုံးသပ်ပြီးတော့ ခံယူထားတယ်။ ဘာလို့လည်းဆိုရင် NCA လမ်းကြောင်းပေါ်မှာ လျှောက်တာ ၇ နှစ်ရှိပြီ။ လိုချင်တဲ့ရလဒ်က အဖြေ ဘာမှ ထွက်မလာဘူးလို့ပဲ သုံးသပ်တယ်။ အဲဒါကတော့ အချိန်ဆွဲပြီး ဘာမှ မပြောင်းမလဲဖြစ်နေတဲ့ လုပ်ငန်းစဉ်လို့ ကျွန်တော်တို့မြင်တယ်။ ဒီနေ့အထိ အဲဒီလိုမြင်တယ်။

ဆိုတော့ ကျွန်တော်တို့ NUG နဲ့ ပူးပေါင်းပြီးလုပ်တာရှိတယ်။ အဲဒီလိုလုပ်တဲ့အတွက် NCA ကို နိုင်ငံတကာရှေ့မှောက်မှာ လက်မှတ်ထိုးတယ်ဆိုတာ လက်မှတ်ကိုတော့ ကျွန်တော်တို့က မဖျက်ဘူး။ ဒါပေမဲ့ NCA အရင်ချိုးဖောက်တာက စစ်ကောင်စီပဲဖြစ်တယ်။ စစ်ကောင်စီနဲ့ NCA လမ်းကြောင်းလိုက်နေရင်လည်း ကျွန်တော်တို့အတွက် ဘာမှ လက်တွေ့မကျတော့ဘူးလို့ သုံးသပ်တာ။ အဲဒါကြောင့် ကျွန်တော်တို့ NUG နဲ့ တွဲဖက်ပြီးတော့ NCA အပေါ် ရပ်တည်ချက်ကို အဲဒီလိုပဲ ပြောချင်ပါတယ်။

မေး – တခြား ဘာများ ဖြည့်စွက်ပြောကြားလိုပါ​သေးလဲ။

ဖြေ – ဖြည့်စွက်လိုတာက ပြည်သူလူထုအနေနဲ့သော်လည်းကောင်း၊ တိုင်းရင်းသားလက်နက်ကိုင်အနေနဲ့သော်လည်းကောင်း၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ NUG စသဖြင့် နိုင်ငံတကာအနေနဲ့သော်လည်းကောင်း ကျွန်တော်တို့ မြန်မာ့နိုင်ငံရေးအကျပ်အတည်းကို နီးနီးကပ်ကပ်နဲ့ အနီးကပ်စောင့်ကြည့်ပြီးတော့ ကျွန်တော်တို့လိုချင်တာ အမြန်ရရှိနိုင်ဖို့ ကျွန်တော်တို့ စုစုစည်းစည်းနဲ့ သွားစေချင်တယ်လို့ ထပ်ပြီးတော့ ဖြည့်စွက်ချင်ပါတယ်။

Show More

Related Articles

Back to top button